မတ္တရာနယ်က ရွှေတံတား လူမှုကူညီရေးအသင်း ဥက္ကဌ ပစ်သတ်ခံရ

သြဂုတ် ၁၂-၂၀၂၃
SP ( VOM)

မန္တလေးတိုင်း ၊ မတ္တရာမြို့နယ် ၊ လမိုင်းကျေးရွာအုပ်စု ၊ ကျောက်တံတားကျေးရွာမှာ ရှိတဲ့ ရွှေတံတား လူမှုကူညီရေးအသင်း ဥက္ကဌ ဖြစ်သူဟာ ဒီနေ့မနက်ပိုင်းက အဲ့ဒီအသင်းရုံးရှေ့မှာရှိနေချိန် ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

” ပစ်သတ်ခံရသူဟာ လူမှုကူညီရေးအသင်း ဥက္ကဌ ဖြစ်တယ် ၊ သူ့နာမည်က ဦးမြင့် အသက် ၆၆ နှစ်ဖြစ်တယ် ၊ ဒီမနက် ၇ နာရီဝန်းကျင်က သူရဲ့အသင်းရုံးရှေ့မှာ ထိုင်နေတုန်း ပစ်သတ်သွားတာဖြစ်တယ် “လို့ ကျောက်တံတားရွာခံ တယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး မတ္တရာမြို့နယ်ရဲတပ်ဖွဲ့ ရုံးနဲ့ နီးစပ်သူတယောက်က ” ရွှေတံတား လူမှုကူညီရေးအသင်း ဥက္ကဌက သူ့ရုံးရှေ့မှာ ရှိနေစဥ် အမည်မသိ ( စုံစမ်းဆဲ) သေနတ်သမား ၄ ယောက်က ဆိုင်ကယ် ၂ စီးနဲ့ ရောက်လာပြီး လက်နက်ငယ်တွေနဲ့ ဦးမြင့်ဆိုသူကို ပစ်သတ်သွားတာဖြစ်တယ် ၊ အဲ့ဒါကြောင့် ဦးခေါင်းထိပ် ကျည်ဖောက်ဝင်ပြီး မျက်နှာ ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ယာဂျိုစောင်း ကျည်ဖောက်ဝင်ပြီး နဖူးကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊နောက်စေ့ ကျည်ဖောက်ဝင်ပြီး နှာခေါင်းရိုး အလယ်တည့်တည့် ကျည်ဖောက်ထွက်ဒဏ်ရာ ၂ ချက်၊ဝဲ-လည်ပင်း ကျည်ဖောက်ဝင်ပြီး ယာပုခုံး ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ယာ-လည်ပင်း ကျည်ဖောက်ဝင်ပြီး ဝဲဂျိုင်းအောက် ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်နဲ့ နေရာမှာပဲ ပဲဲချင်းပြီး သေဆုံးသွားတယ် “လို့ ပြောပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရွှေတံတား လူမှုကူညီရေးအသင်း အဖွဲ့ဝင်တယောက်က ” ဥက္ကဌကြီး ဦးမြင့်ဆိုသူဟာ နိုင်ငံရေး အရောင်အသွေးမရှိဘူး ၊ ပရဟိတသမား သက်သက်လုပ်တာ ၊ လူမှုရေးကိစ္စ ရှုပ်ထွေးတာလည်း မရှိဘူး”လို့ ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်ကို မတ္တရာမြို့နယ် ရဲစခန်းက အမှုဖွင့်နေပြီး စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်ကျော် ကာလအတွင်းမှာ မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်ထဲမှာ ပစ်သတ်ခံရသူပေါင်း တရာကျော်ရှိတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #မတ္တရာ #လူမှုကူညီရေးဥက္ကဌ #ပစ်သတ်ခံရမှု

Related posts

Leave a Comment

VOM News

FREE
VIEW