တောင်ကြီးမှာ နွားအကောင်ရေ ၂၀ ကျော် ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွား

ဩဂုတ် ၁၈ – ၂၀၂၃
SN (VOM)

တောင်ကြီးမြို့နယ်၊ နန်းဟူးကျေးရွာအုပ်စု၊ ပလီလင်းကျေးရွာ ဆိုင်းဘုတ်အနီးမှာ မနေ့ ဩဂုတ် ၁၇ ရက်၊ မနက်ပိုင်းက နွားအကောင်ရေ ၂၀ ကျော် ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပလီလင်းရွာနဲ့ ဆင်နှစ်ကောင်ရွာကြား၊ ဝိဇ္ဇာတောင်ကျောင်း အတက်လမ်းပေါ်မှာ မနေ့ မနက် ၁၁ နာရီခွဲဝန်းကျင်က နွား ၂၄ ကောင် ဓာတ်လိုက် သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“အဲ့‌ဒီနေရာက မီးကြိုးက ဖြတ်ပြီးသွယ်တန်းထားတော့ နွားတွေက လျှပ်စစ်စက်ကွင်းထဲ ရောက်သလို ဖြစ်သွားကြတာ။ နွားတွေ အဲ့ဒီနေရာရောက်တော့ အပေါ်ကမီးကြိုးက ဗြောက်အိုးလိုမြည်ပြီး မီးပွင့်လာတယ်။ ကြောက်စရာကြီး၊ ဖောင်းကနဲ လန့်တောင်လန့်တယ်။ နွားတွေအကုန်လုံး ဓာတ်လိုက်ပြီးသေကုန်ကြတယ်။ နွားကျောင်းသားလေးက အဲ့ဒီလျှပ်စစ်စက်ကွင်းနေရာနဲ့ နည်းနည်းပဲကပ်လို့။ သူတောင် တုန်ခါသွားတာ။ တော်သေးလို့ သူအထဲအရမ်းမဝင်လို့ ဘာမှမဖြစ်တာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၈ ရက်၊ ညနေ ၅ နာရီအချိန်ကလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နောင်ကားကျေးရွာမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးကြိုးပစ်တာကြောင့် နွား ၁၅ ကောင် သေဆုံးမှု ဖြစ်ပွားခဲ့ပါသေးတယ်။

အဲ့ဒီလိုပဲ မေလ ၄ ရက်ကလည်း ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ပွေးပြတ်ကျေးရွာမှာ နွားလှည်းတစ်စီး မောင်းနေတုန်း မိုးကြိုးပစ်ခံရပြီး နွား (၂) ကောင် သေဆုံးကာ လှည်းမောင်းသူတစ်ယောက် ဒဏ်ရာရခဲ့တဲ့ ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့ပါသေးတယ်။

Photo Crd -Original Uploader
#voiceofmyanmar #VOM #တောင်ကြီး #နွားအကောင်၂၀ဓာတ်လိုက်သေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW