ယူကရိန်းသို့ ဒေါ်လာသန်း ၂၀၀ တန်ဖိုးလက်နက်တွေ ထပ်ပို့ဖို့ ပင်တဂွန်ကြေညာ

ဝါရှင်တန်၊ သြဂုတ်-၁၈-၂၀၂၃

အမြောက်ကျည်တွေ၊ နည်းဗျူဟာမြောက်စစ်သုံးယာဉ်ဆယ်ဂဏန်းနဲ့ မိုင်းရှင်းလင်းရေးကိရိယာတွေအပါအဝင် ယူကရိန်းအတွက် ဒေါ်လာသန်း ၂၀၀ တန် လက်နက်တွေ ထပ်မံပံ့ပိုးသွားမယ်လို့ အမေရိကန်ရဲ့ ပင်တဂွန်စစ်ဌာနချုပ်က ကြေညာခဲ့ပါတယ်။

ယူကရိန်းတပ်တွေဟာ ပြင်းထန်တဲ့ ထိုးစစ်ဆင်ရင်း ရုရှားခံတပ်တွေကို ချေမှုန်းဝင်ရောက်ဖို့ ကြိုးစားနေချိန်မှာ အထက်ပါပင်တဂွန်ထံမှ ပံ့ပိုးမှု ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

အဲဒီလို ပံ့ပိုးမယ့်အကူအညီသစ်ကို အမေရိကန်စစ်ဘက်အရာရှိတွေက ဩဂုတ် ၁၄ ရက်၊ ညပိုင်းမှာ ကြေညာခဲ့တာဖြစ်ပါတယ်။ အကူအညီအသစ်တွေထဲမှာ ကိယက်ဗ်မြို့တော်သို့ Amer ကာကွယ်ရေးပစ္စည်းလုပ်ငန်းမှ ထုတ်လုပ်တဲ့ Patriot လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ HIMARS ဒုံးကျည်စနစ်တွေ၊ ၁၂၀ မီလီမီတာ တင့်ကားသုံးလက်နက်တွေ၊ TOW ဒုံးကျည်တွေ၊ Javelin ဒုံးကျည်တွေနဲ့ လက်နက်ငယ်ကျည်ဆန် ၁၂ သန်းတို့ပါဝင်တဲ့အပြင် တခြားအရေးကြီးတဲ့ ခဲယမ်းမီးကျောက်တွေလည်း ပေးပို့သွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် တချို့လက်နက်တွေရဲ့တန်ဖိုးကို ကျော်လွန်ဖော်ပြမိခဲ့တဲ့ အခုနှစ်အစောပိုင်းက ပင်တဂွန်ရဲ့စာရင်းအင်းအမှားကြောင့် ပြန်လည်ပြင်ဆင်ထားတဲ့ ရန်ပုံငွေမှ ဒေါ်လာ ၆ ဒသမ ၂ ဘီလီယံကိုလည်း အမေရိကန်အစိုးရတာဝန်ရှိသူတွေက သတိကြီးကြီးနဲ့ ကိုင်တွယ်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတုန်းက စတင်ခဲ့တဲ့ ယူကရိန်းတန်ပြန်ထိုးစစ်ရဲ့ တစိတ်တပိုင်းအဖြစ် မိုင် ၆၀၀ (ကီလိုမီတာ ၁,၀၀၀) အကွာအဝေးအထိ ရှေ့တန်းမှာ တပ်စွဲထားသည့် အင်အားကြီး ရုရှားတပ်တွေကို ယူကရိန်းတပ်တွေက အပြင်းအထန် တိုက်ခိုက်နေချိန်မှာပဲ အထက်ပါ ပင်တဂွန်ထံမှ နောက်ဆုံးစစ်ရေးအကူအညီ ကြေညာခဲ့တာပါ။

ရုရှားမိုင်းကွင်းတွေအတွင်း စခန်းချထားတဲ့ တပ်ဖွဲ့ဝင်တွေအပေါ် စစ်ဆင်ရေးဟာ ခဲယဉ်းတဲ့အတားအဆီးကို ထိုးဖောက်ရခြင်းလို့ ခေါ်နိုင်ကြောင်း ဩဂုတ် ၁၃ ရက်မှာ ယူကရိန်းကာကွယ်ရေးဝန်ကြီး အဲလက်ဆီရက်နီကော့ဗ် (Aleksey Reznikov) က ပြောကြားခဲ့ပါတယ်။

ယူကရိန်းရဲ့ တပ်ဖွဲ့ဝင်အင်အားဟာ ရှေ့တန်းမှာ မလုံမလောက်ဖြစ်နေကြောင်းနဲ့ မြေပြင်အင်ဂျင်နီယာတပ်တွေဆီကို မိုင်းရှင်းလင်းရေးကိရိယာတွေ လွှဲပြောင်းပေးဖို့အတွက် လေ့ကျင့်သင်တန်းပေးမှုတွေ အလျင်အမြန် ထပ်မံလိုအပ်ကြောင်း အနောက်အုပ်စုထံသို့ ကိယက်ဗ်အစိုးရက တောင်းဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ယူကရိန်းကို ထောက်ပံ့တဲ့ နိုင်ငံပေါင်း ၅၄ နိုင်ငံရဲ့အစည်းအဝေးအပြီး ဥရောပရှိ မြောက်အတ္တလန္တိတ်စစ်စာချုပ် (နေတိုး) အဖွဲ့ဝင်နိုင်ငံတွေက ယူကရိန်းအင်ဂျင်နီယာတပ်ဖွဲ့တွေထံသို့ လေ့ကျင့်သင်ကြားရန်နဲ့ လက်နက်တပ်ဆင်ရန် ကူညီသွားဖို့ သဘောတူလက်ခံခဲ့ကြပါတယ်။

ဒါပေမဲ့လည်း ဇူလိုင်လကတည်းက စစ်ရေးအကူအညီတွေ ပိုမိုလိုအပ်နေကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီး ရက်နီကော့ဗ် တောင်းဆိုနေခဲ့ပြီး အနောက်အုပ်စုရဲ့ စစ်မြေပြင်အင်ဂျင်နီယာတပ်အထောက်အပံ့တွေဟာ ထိရောက်မှုမရှိကြောင်း ယူကရိန်းတပ်မှူးတချို့က ပြောကြားခဲ့ကြပါတယ်။

Ref: RT
#voiceofmyanmar#VOM #ယူကရိန်း #ဒေါ်လာသန်း၂၀၀ တန်ဖိုးလက်နက္ #ပင်တဂွန်ကြေညာ

Related posts

Leave a Comment

VOM News

FREE
VIEW