မော်တော်ယာဉ်တင်သွင်းမှုနဲ့ပတ်သက်လို့ ထုတ်ပြန်ချက်အတုလို့ ယူဆရတဲ့ ကြေညာချက်တစ်စောင် လူမှုကွန်ယက်မှာ ပျံ့နှံ့နေ

ဩဂုတ် ၂၁ – ၂၀၂၃
SN (VOM)

မော်တော်ယာဉ်တင်သွင်းမှုနဲ့ ပတ်သက်လို့ ထုတ်ပြန်ချက်အတုလို့ ယူဆရတဲ့ “မော်တော်ယာဉ်တင်သွင်းမှုဆိုင်ရာ ကြီးကြပ်ရေးကော်မတီဖွဲ့စည်းခြင်း”ဆိုတဲ့ ကြေညာချက်တစ်စောင် မနေ့ ဩဂုတ် ၂၀ ရက်ကစလို့ လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။

အဲ့ဒီ့ ထုတ်ပြန်ချက်ထဲမှာ ကော်မတီ ဖွဲ့စည်းရခြင်းရဲ့ ရည်ရွယ်ချက်ကို မော်တော်ယာဉ်အရောင်းစင်တာ (Car Sale Centre )၊ အရောင်းပြခန်း (Car Show Room)တွေ ဖွင့်လှစ်ရောင်းချခြင်း၊ ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခွင့်ထုတ်ပေးခြင်းနဲ့ ပြည်တွင်းမော်တော်ယာဉ်ဈေးနှုန်းတည်ငြိမ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို စနစ်တကျကြီးကြပ်ဆောင်ရွက်နိုင်ဖို့အတွက်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

“ထုတ်တဲ့ အချက်အလက်တွေကတော့ Professional ကျတယ်။ ဒါပေမယ့် စာအမှတ် ၇၅ ဆိုတာကျတော့ ဟိုတလောကထုတ်တဲ့ နယ်/လုံဝန်ကြီးခန့်အပ်တဲ့စာနဲ့ သွားတူနေတယ်။ အဲ့ဒီတော့ သူတို့ပဲ စာအမှတ်မှားရိုက်တာလား၊ အတုလားဆိုတာ ခွဲခြားရခက်နေတယ်”လို့ ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူး‌ရောင်းချရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမင်းမင်းမောင်က ပြောပါတယ်။

အဲ့ဒီ့ထုတ်ပြန်ချက်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၇၅ /၂၀၂၃ ၊ ၁၃၈၅ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက် (၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်)နေ့ ရက်စွဲ ပါရှိပါတယ်။

ဒါပေမယ့် အဲ့ဒီ့အမိန့်စာဟာ အခုနှစ် ဩဂုတ် ၁၅ ရက်က ထုတ်ပြန်ခဲ့တဲ့ တနင်္သာရီတိုင်း နယ်လုံဝန်ကြီး ခန့်အပ်တဲ့ အမိန့်အမှတ်နဲ့ တူညီနေတယ်လို့ သိရပါတယ်။

“အဲ့ဒါကြီးက အတုကြီးပါ။ ၇၅/၂၀၂၃ ဆိုတာ အဲ့ဒါ တနင်္သာရီတိုင်း ကာလုံဝန်ကြီးပြောင်းတဲ့ အမိန့်ကြီးပါ”လို့ မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း (MAMDA) အထွေထွေအတွင်းရေးမှူးချုပ် ဦးကျော်စွာထွန်းမြင့်က ပြောပါတယ်။

ထုတ်ပြန်ချက်အရ အဲ့ဒီကြီးကြပ်ရေးကော်မတီမှာ အဖွဲ့ဝင် ၁၂ ဦးပါဝင်တယ်လို့ သိရပြီး လုပ်ငန်းတာဝန် ၇ ရပ်နဲ့ ဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီ့ထုတ်ပြန်ချက်မှာ အရင် ဖွဲ့စည်းခဲ့တဲ့ ပြည်ပမှ မော်တော်ယာဉ်တင်သွင်းမှု ကြီးကြပ်ရေးဆိုင်ရာကော်မတီတွေနဲ့ ၎င်းတို့ ချမှတ်ခဲ့တဲ့ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းတွေကို အခုအမိန့်နဲ့ လွှမ်းမိုး ပယ်ဖျက်လိုက်တယ်လို့လည်း ဖော်ပြပါရှိပါတယ်။

#voiceofmyanmar #VOM #မော်တော်ယာဉ်တင်သွင်းခြင်းကိစ္စ #ထုတ်ပြန်ချက်အတု

Related posts

Leave a Comment

VOM News

FREE
VIEW