ဒဂုံမြို့သစ်(၄)မြို့နယ်မှာ အိမ်ခြံမြေအရောင်းအဝယ် ပြန်သွက်လာ

ဩဂုတ် ၂၇ – ၂၀၂၃
SN (VOM)

အခု သီတင်းပတ်အတွင်း ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်ဆိပ်ကမ်း စတဲ့ ဒဂုံမြို့သစ်လေးမြို့နယ်မှာ အိမ်ခြံမြေစျေးတွေ ပြန်လည်လှုပ်ခတ်လာပြီး တန်ဖိုး ကျပ်သိန်းတစ်ထောင်ပတ်လည် မြေကွက်တချို့ အရောင်းအဝယ် ပြန်ဖြစ်လာတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။

ဒဂုံ(၄)မြို့နယ်ရဲ့ မြေကွက်ဈေးတန်းတွေဟာ တခြားသော မြို့နယ်တွေနဲ့ နှိုင်းယှဉ်ပါက တန်ဖိုးသင့်တင့်ပြီး အနာဂတ်အတွက် အလားအလာကောင်းတဲ့ အားသာချက်လည်းရှိသလို တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ မြို့ထဲနဲ့ တခြားမြို့သစ်တွေထက်စာရင် သွားရလာရ လွယ်ကူတာကြောင့် အရောင်းအဝယ်ဖြစ်နေတာလို့ သိရပါတယ်။

“ဒီရက်ပိုင်းမှာတော့ ဒဂုံ(၄)မြို့နယ်ကတော့ အရောင်းအဝယ်ပိုင်းမှာ ပိုပြီး သွက်လက်ဖြစ်ထွန်းနေပါတယ်။ ဈေးကွက်က အရမ်းလှုပ်ရှားသွက်လက်နေတယ်လို့ ပြောလို့ရတယ်။ နောက် မြို့ထဲမှာနေထိုင်တဲ့သူတွေက ဝိတ်လျှော့ပြီးတော့ ဒဂုံ လေးမြို့နယ်မှာ ပြောင်းရွှေ့အခြေချ နေထိုင်တာတွေလည်းရှိတယ်။ တိုင်းဒေသကြီး၊ ပြည်နယ်တွေကနေ ပြောင်းရွှေ့နေထိုင်တာတွေလည်း ရှိပါတယ်” လို့ အိမ်ခြံမြေအကျိုးဆောင်တဦးက ပြောပါတယ်။

လက်ရှိ ဒဂုံမြို့သစ်လေးမြို့နယ်အတွင်း အိမ်ခြံမြေဈေးနှုန်းတွေဟာ ကျပ် သိန်း ၄၃၀ ၊ သိန်း ၅၈၀ ၊ သိန်း ၆၀၀၊ သိန်း ၇၀၀ ၊ သိန်း ၁၈၀၀ စသဖြင့် ဈေးအသီးသီး ဖြစ်ပေါ်ချက်ရှိကာ လမ်းပန်းဆက်သွယ်ရေးနဲ့ နေရာဒေသပေါ်မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲတွေလည်း ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာ ငွေကြေးအလယ်အလတ်ရှိသူတွေက တခြားလုပ်စရာ အခွင့်အလမ်း သိပ်မရှိသေးတာကြောင့် ခိုင်မာမှုရှိတဲ့ မြေကွက်တွေကို အဝယ်လိုက်လာတာလို့ ဝယ်ရောင်းလက်ကြီးသမားတွေနဲ့ စီးပွားရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

လက်ရှိ အိမ်ခြံမြေဈေးကွက် အ‌ခြေအနေဟာ ဩဂုတ် ၂၅ ရက် မနက်က ကျင်းပတဲ့ နိုင်ငံတော် စီးပွားရေးရာကော်မတီအစည်းအဝေးမှာ ကုန်ဈေးနှုန်းထိန်းညှိရေးအတွက် တခြားသော စီးပွားရေးကဏ္ဍတွေအပြင် အိမ်ခြံမြေနဲ့ ကားဈေးကွက်ကိုပါ ကြပ်မတ်မယ်လို့ ပြောဆိုမှုတွေလည်း ရှိခဲ့တာကြောင့် အိမ်ခြံမြေဈေးကွက်အတွင်း ဈေးနှုန်းအပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ဝယ်/ရောင်းလက်ကြီးသမားတွေက ပြောပါတယ်။

ဒါ့အပြင် အခု ဩဂုတ်လကုန်အတွက် ထုတ်ပေးမယ့်လစာတွေထဲမှာ ကျပ် နှစ်သောင်းတန်တွေပါလာမယ်ဆိုတဲ့ ကောလဟာလတွေလည်း ထွက်ပေါ်နေတာကြောင့် အဲ့ဒီ့ရိုက်ခတ်မှုနဲ့ပတ်သက်လို့ ဈေးကွက်အလှုပ်အခတ်တွေလည်း ရှိလာနိုင်တဲ့အတွက် လက်ရှိမှာ အိမ်ခြံမြေဝယ်ရောင်း လုပ်ကိုင်သူတွေအနေနဲ့ အခြေအနေစောင့်ကြည့်ပြီးတော့ အရောင်းအဝယ်ပြုလုပ်နေရတဲ့ အနေအထားမျိုး ဖြစ်တယ်လို့လည်း သိရပါတယ်။

Photo Crd -Original Uploader
#voiceofmyanmar #VOM #ဒဂုံလေးမြို့နယ် #အိမ်ခြံမြေဈေးသွက်လာ

Related posts

Leave a Comment

VOM News

FREE
VIEW