ဆီအသင်းဥက္ကဋ္ဌနဲ့ ဆီကုန်သည်ကြီး ၄ ဦး စီးပွား/ကူးသန်းမှာ အစည်းအဝေးလုပ်နေခြင်းသာဖြစ်ပြီး အဖမ်းခံရတာမဟုတ်လို့ နစက ပြော

ဩဂုတ် ၃၁ – ၂၀၂၃
KT + SN (VOM)

စားသုံးဆီအသင်းဥက္ကဋ္ဌနဲ့ ဆီကုန်သည်ကြီး ၄ ဦး စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှာ အစည်းအဝေးလုပ်နေခြင်းသာဖြစ်ပြီး အဖမ်းခံရတာမဟုတ်ဘူးလို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

မနေ့ ဩဂုတ် ၃၀ ရက် ညနေပိုင်းက စားသုံးဆီအသင်းဥက္ကဋ္ဌ ဦးဆန်းလင်း အပါအဝင် ဆီတင်သွင်းခွင့်ပါမစ်ရ ဆီကုန်သည်တွေဖြစ်တဲ့ ဦးအေးစိန်၊ ဦးမြင့်ကြူ၊ ဦးဝမ်ထိုက်၊ ဦးထွန်းထွန်းဝင်းတို့ကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနဲ့ စစ်ဘက်ရေးရာလုံခြုံရေး (စရဖ)အဖွဲ့က ပူးပေါင်းဖမ်းဆီးလိုက်တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းဆိုခဲ့ပြီး စီးပွား/ကူးသန်းမှာ အစည်းအဝေးလုပ်နေခြင်းသာ ဖြစ်တယ်လို့ ပြောပါတယ်။

“မဖမ်းပါဘူး။ သူ့ဘာသာသူ စီးပွား/ကူးသန်းမှာ အစည်းအဝေးလုပ်နေတာ။ လျှောက်ပြီးတော့ ပြောနေကြတာ”လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

မနေ့ ဩဂုတ် ၃၀ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်ကာ ပြည်တွင်းစားသုံးဆီဈေးနှုန်း တည်ငြိမ်ကျဆင်းစေရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် အဲ့ဒီနေ့ ညနေပိုင်းမှာ စားအုန်းဆီကို ဈေးကစားမှုတွေပြုလုပ်တဲ့အတွက် ဆီအသင်းဥက္ကဋ္ဌနဲ့ တင်သွင်းခွင့်ပါမစ်ရ ဆီကုန်သည်တွေကို ဖမ်းဆီးတယ်ဆိုတဲ့သတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

#voiceofmtanmar #VOM #ဆီကုန်သည်ကိစ္စ

Related posts

Leave a Comment

VOM News

FREE
VIEW