ဇီးဒဘန်ရွာမှာ လက်နက်ကြီးကျည်ကျရောက်ပြီး လူ ၂ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ

စက်တင်ဘာ ၁ -၂၀၂၃
Shy V(VOM)

ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာအနီး ပြည်ထောင်စုလမ်းမပေါ်ရှိ ဇီးဒဘန်ရွာက နေအိမ် ၁ အိမ်ရှေ့မှာ ဒီနေ့ စက်တင်ဘာ ၁ ရက် နေ့လယ် ၂ နာရီကျော်ခန့်က လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် လူ ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“၄ ယောက်ထိတယ်။ ၁ ယောက်က ပွဲချင်းပြီး၊ ၃ ဦး ဒဏ်ရာရတဲ့အထဲမှာ ၁ ယောက်က ကွတ်ခိုင် ဆေးရုံ အရောက်မှာ ဆုံးသွားတယ်၊ ထိခိုက်ဒဏ်ရာရသူတွေက အသက် ၃၉ နှစ်အရွယ် ဦးပေါင်ဝ်လာက ပွဲချင်းပြီး သေဆုံးပြီး အသက် ၆၂ နှစ်အရွယ် ဦးဇော်ဒွဲက ဆေးရုံ အရောက်မှာ သေဆုံးသွားတယ်၊ အသက် ၅၇ နှစ်အရွယ် ဒေါ်ခါးမိုင်ကတော့ ခြေထောက်မှာ အနည်းငယ်သာ ထိခိုက်ဒဏ်ရာရပြီး အသက် ၂၉ နှစ် အရွယ် ဒေါ်ခေါန်နန်ကတော့ ဒူးအရိုးမှာ ထိခိုက်ဒဏ်ရာ ပြင်းထန်တာကြောင့် ကွတ်ခိုင်ဆေးရုံကနေ လားရှိုးဆေးရုံကို လွှဲပြောင်း ပို့ဆောင်ထားရတယ်”လို့ ဒေသ ခံ အမျိုးသမီး(၁)ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားရာ အနီးနား နေထိုင်တဲ့ ဒေသခံ ၁ ဦးကလည်း”တိုက်ပွဲ ဖြစ်တာက တပ်ရင်း ၉ ဘက်မှာ။ လက်နက်ကြီး ပစ်နေတာ အလုံး ၂၀ ကျော်ပြီ။ အဲ့ဒီတစ်လုံးက အဲ့ဒီမှာ လာကျတာ”လို့ ပြောပါတယ်။

မနေ့ကနဲ့ ဒီနေ့မှာ တပ်နဲ့ KIA တို့အကြား တိုက်ပွဲ ပြင်းထန်နေပြီး ၂ ရက်ဆက်တိုက် ဗုံးကျဲတိုက်ခိုက်တာတွေအပြင် နမ့်ဖတ်ကာ ဖက်ကနေလည်း ဒီနေ့ မနက် ၈ နာရီကျော်ခန့်ကစ လက်နက်ကြီး ပစ်ကူနေတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ်လ ၃၀ ရက်နေ့ကလည်း နမ့်ဖတ်ကာရွာထဲ လက်နက်ကြီး ၄ လုံးကျပြီး လူ ၄ ဦးထိကာ ၁ ဦး သေဆုံးခဲ့ပြီး ဇူလိုင်လ ၁၈ ရက်နေ့ကလည်း အဲဒီ ဇီးဒဘန်ရွာမှာ လက်နက်ကြီးကျကွဲကာ လူ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

#voiceofmtanmar #VOM #နမ့်ဖတ်ကာ #လက်နက်ကြီးကျ #လူသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW