UOB ရဲ့လမ်းစဉ်အတိုင်း တခြားဘဏ်တွေ လိုက်ပါဆောင်ရွက်နိုင်ဖွယ်ရှိနေတယ်လို့ စီးပွားရေးလေ့လာသူတွေ မှတ်ချက်ပြု

စက်တင်ဘာ ၃ – ၂၀၂၃
SN (VOM)

UOB ရဲ့ လမ်းစဉ်အတိုင်း တခြားသော ဘဏ်တွေ၊ ငွေထုတ်ချေးတဲ့ အဖွဲ့အစည်းတွေလည်း လိုက်ပါဆောင်ရွက်လာနိုင်ဖွယ်ရှိနေလို့ စီးပွားရေးလေ့လာသူတွေက မှတ်ချက်ပြု ပြောဆိုကြပါတယ်။

စင်္ကာပူနိုင်ငံအခြေစိုက် နိုင်ငံစုံဘဏ်တခုဖြစ်တဲ့ United Overseas Bank (UOB)ဘဏ်အနေနဲ့ မြန်မာဘဏ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေကို စက်တင်ဘာ ၁ ရက်နေ့က စတင်ပြီး ရပ်ဆိုင်းလိုက်ပြီဖြစ်တယ်လို့ Channel News Asia (CNA) သတင်းတရပ်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

မြန်မာဘဏ်တွေဆီက ငွေထုတ်မှု၊ ငွေသွင်းမှုတွေအားလုံးကို ကန့်သတ်မှာဖြစ်သလို Credit အကြွေးဝယ်ကဒ်တွေဖြစ်တဲ့ Visa Card,Master Card တွေနဲ့ ငွေပေးချေမှုတွေကိုလည်း ရပ်နားမှာဖြစ်တယ်လို့ CNA ရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

အခုလို နစကနဲ့ဆက်စပ်နေတဲ့ လုပ်ငန်းတွေကို နိုင်ငံတကာက ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေ အကောင်အထည်ဖော်နေတဲ့နေရာမှာ အခြားပြည်ပဘဏ်လုပ်ငန်းတွေကလည်း UOB ဘဏ်လို အလားတူပုံစံမျိုး လိုက်လုပ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

“ဒါကတော့ စင်္ကာပူဘဏ်ကြီးရဲ့ ထိုးနှက်မှုအကြီးစား‌ပေါ့။ နစကအနေနဲ့ ဒါမျိုးအလားတူ ဖြစ်ရပ်မျိုးတွေလည်း ထပ်ကြုံလာနိုင်ချေရှိတယ်။ လက်ရှိမှာတော့ နစကအတွက် ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက်ကို ဝင်ရောက်နိုင်ဖို့ အတော်လေး ခက်ခဲသွားတဲ့ အခြေအနေပေါ့။ UOB နည်းတူ စင်္ကာပူမှာရှိတဲ့ တခြားဘဏ်တိုက်ကြီး နှစ်ခုကလည်း အလားတူ လိုက်လုပ်လာဖွယ် ရှိနေတယ်။ အဲ့ဒီတော့ ဖြစ်လာနိုင်တဲ့ ဒိုမီနို သဘောအတိုင်း ဆက်တိုက်ပြိုလဲလာနိုင်မယ့် အနေအထား ရှိနေတယ်”လို့ စီးပွားရေးလေ့လာသူ(၁)ဦးက ပြောပါတယ်။

လက်ရှိ ကမ္ဘာ့နိုင်ငံအများအပြားဟာ မြန်မာ့ဘဏ်လုပ်ငန်းကို ပစ်မှတ်ထားပြီး ဒဏ်ခတ်အရေးယူမှုတွေ ဆောင်ရွက်နေတာကြောင့် နစကအနေနဲ့ ငွေကြေးပြဿနာရပ်တွေကို ကမ္ဘာတဝန်းမှာ ရင်ဆိုင်နေရပြီဖြစ်တယ်လို့ သူက ပြောပါတယ်။

UOB ဟာ မကြာသေးမီကလည်း မြန်မာတပ်မတော်ခေါင်းဆောင်တွေ အများဆုံး အသုံးပြုနေတဲ့ Myanmar Airways International ရဲ့ ဘဏ်အကောင့် ငါးခုလုံးကို ပိတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။

UOB ဘဏ်ရဲ့ လက်ရှိဆောင်ရွက်ချက်တွေဟာ မြန်မာဘဏ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်မှုကို ထိထိရောက်ရောက် ရပ်ဆိုင်းလိုက်ခြင်းဖြစ်ပြီး မြန်မာ့ဘဏ်လုပ်ငန်းကို ပစ်မှတ်ထားတဲ့ နိုင်ငံတကာ ပိတ်ဆို့အရေးမှုတွေနဲ့ လိုက်လျောညီထွေရှိတဲ့ လှုပ်ရှားမှုတခုလည်း ဖြစ်တယ်လို့ သိရပါတယ်။

“UOB ဘဏ်ဟာ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေ၊ ကုမ္ပဏီကြီးတွေနဲ့ လုပ်ငန်းရှင်ကြီးတွေ အားထားအသုံးပြုနေတဲ့ဘဏ်ကြီး ဖြစ်ပါတယ်။ သူတို့တွေအနေနဲ့ UOB ကို လုပ်ငန်းလုပ်ကိုင်ရာမှာ လွန်စွာမှ အဆင်ပြေတယ်လို့ သတ်မှတ်ထားကြတာဖြစ်သလို အများဆုံး ငွေအပ်နှံထားကြတဲ့ ဘဏ်တိုက်ကြီးလည်း ဖြစ်ပါတယ်။ ဒီဘဏ်ကြီးအနေနဲ့ မည်သည့်အခါကမျှ အခုလို လုပ်ရိုးထုံးစံ၊ လုပ်ခဲ့ဖူးတဲ့ အစဉ်အလာတွေလည်း မရှိဘူး။ ဒါ့ကြောင့်လည်း စိတ်ချလက်ချနဲ့ အပ်နှံထားခဲ့ကြတာပေါ့။ အခုလို ပိတ်ပင်မှုဟာ အမေရိကန်ရဲ့ဖိအားပေးမှုတွေကြောင့်သာ ဖြစ်မယ်” လို့ ဘဏ္ဍာရေး သုတေသီ(၁)ဦးက ပြောပါတယ်။

စင်္ကာပူအခြေစိုက် UOB ဘဏ်ဟာ အရှေ့တောင်အာရှမှာ တတိယအကြီးဆုံးဘဏ်ဖြစ်ကာ နိုင်ငံပေါင်း ၁၉ နိုင်ငံမှာ ရုံးခွဲပေါင်း ၅၀၀ ကျော် ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

၁၉၉၄ ခုနှစ်မှာ ရန်ကုန်ကိုယ်စားလှယ်ရုံးခွဲကို စတင်ဖွင့်လှစ်ခဲ့တဲ့ UOB ဟာ ၂၀၁၄ ခုနှစ်မှာ လက်ကားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိသူ နိုင်ငံခြားဘဏ်တွေထဲမှာ ပထမဆုံးအကြိမ် ပါဝင်ခွင့်ရခဲ့ပြီး မြန်မာပြည်ဈေးကွက်မှာ ဝေစုကြီးကြီးမားမား ရရှိထားသူဖြစ်ပါတယ်။

ဒါ့အပြင် အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့ နိုင်ငံပိုင် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB)တို့ အပါအဝင် တခြားသော ပုဂ္ဂလိကပိုင် မြန်မာ့ထိပ်တန်းဘဏ်များစွာအတွက် အဓိက ကြားခံဆောင်ရွက်ပေးတဲ့ ဘဏ်တခုလည်း ဖြစ်ပါတယ်။

#voiceofmtanmar #VOM #စီးပွားရေးရာကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW