မိုင်းတုံမြို့နယ်မှာ ဓားပြက ပစ်သတ်လို့ အိမ်ရှင်အပါအဝင် လူ ၃ ယောက် သေဆုံး

စက်တင်ဘာ ၊ ၆ ၊ ၂၀၂၃
SP ( VOM)

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့နယ်၊ နားကောင်းမူးကျေးရွာမှာ မနေ့ စက်တင်ဘာ ၅ ရက် မနက်အစောပိုင်းက ဓားပြတိုက်မှုဖြစ်ပွားရာကနေ ပစ်ခတ်တာတွေဖြစ်ပွားပြီး နေအိမ်ပိုင်ရှင် ၃ ဦး ကျည်ဆံထိမှန် သေဆုံးသွားတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” မနေ့က မနက် ၅ နာရီဝန်းကျင်လောက်မှာဖြစ်တာပါ ၊ ဒေါ်နန်းနု၊သားဖွားဆရာမ အိမ်မှာ ဓားပြတိုက်ခံရတယ် ၊ အိမ်ရှင်က ဘေးပတ်ဝန်းကျင်ကို အော်ဟစ်ပြီး အကူညီအညီတောင်းရာကနေ ဓားပြက သေနတ်နဲ့ ပစ်သတ်သွားတယ် ၊ အဲ့ဒီမှာ အိမ်ရှင် ဒေါ်နန်းနု ၄၉ နှစ် ၊ ကူညီပေးဖို့ ရောက်လာတဲ့ အိမ်ရှင်ဖြစ်သူရဲ့ တူတော်တဲ့ စိုင်းလောင်(ဝ်)၊ ၃၉ နှစ်နဲ့ စိုင်းဆိုင်လျန်း၊ ၁၆ နှစ်တို့ ၃ ဦးကို ဓားပြက ပစ်ခတ်လို့ နေရာမှာတင် သေဆုံသွားတယ် ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ နားကောင်းမူကျေးရွာနေ ဒေသခံတယောက်က ” ဒေါ်နန်းမူ အိမ်က အော်ဟစ်အကူအညီတောင်းသံ ကြားရတယ် ၊ အဲ့ဒီအချိန်မှာ ရွာထဲက လူတွေ အိပ်ယာနိုးနေကြပြီ ၊ အိမ်ရှင်ကို ကူညီဖို့သွားတဲ့ အချိန် ၊ လူတယောက်က အိမ်ရှင်ရော အကူညီပေးဖို့ လာသူပါ ၂ ယောက်စလုံး ပစ်သတ်တာဖြစ်တယ် ၊ အဲ့ဒီနောက် ဓားပြက အိမ်ပေါ်ကဆင်းကူညီဖို့ ဆိုင်ကယ်နဲ့ လာတဲ့ အိမ်ရှင်ရဲ့တူကို ထပ်ပြီး ပစ်သတ်လိုက်တာ ၊ အိမ်ရှင်ဆီက ရွှေထည်တွေ ပိုက်ဆံတွေပါသွားတယ် ၊ ဘယ်လောက်ပါတယ်ဆိုတာ မသိရသေးဘူး ၊ စစ်ဆေးနေတုန်း ” လို့ ပြောပါတယ်။

ဒါ့အပြင် မိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့က အဲ့ဒီ ဓားပြတိုက် လူသတ်မှုနဲ့ ပတ်သက်ပြီး အဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မိုင်းတုံ #ဓါးပြတိုက်လူသတ်

Related posts

Leave a Comment

VOM News

FREE
VIEW