အွန်လိုင်းကနေ ဈေးရောင်းမယ်ဆိုရင် အောက်တိုဘာ (၂ )ရက်ကစပြီး မှတ်ပုံတင်ရမယ်

အွန်လိုင်းကနေ ဈေးရောင်းမယ်ဆိုရင် အောက်တိုဘာ (၂ )ရက်ကစပြီး မှတ်ပုံတင်ရမယ်

စက်တင်ဘာ ၂၆ – ၂၀၂၃
GG (VOM)

အွန်လိုင်းကနေ ဈေးရောင်းချမယ့်သူတိုင်း Online Shopping ဆိုင်ရာ မှတ်ပုံတင်လက်မှတ်ကို အောက်တိုဘာလ ၂ ရက်နေ့ကစပြီး လျှောက်ထားရမယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန က သိရပါတယ်။

မှတ်ပုံတင်ခြင်းကို မှတ်ပုံတင်ကြေးကင်းလွတ်ခွင့်နဲ့ အောက်တိုဘာလကနေ ဒီဇင်ဘာလကုန်အထိ ခွင့်ပြုထားပြီး အဲ့ဒီကာလကျော်ပါက မှတ်ပုံမတင်ပဲ အွန်လိုင်းကနေဈေးရောင်းသူတွေကို ဥပဒေအရအရေးယူမှာဖြစ်တယ်လို့ သိရပါတယ် ။

Online Registration ပြုလုပ်ဖို့အတွက် လုပ်ငန်း နာမည် ၊ Logo ၊ ရပ်ကွက်ထောက်ခံစာ ၊ ရဲစခန်းထောက်ခံစာ
လိုအပ်ပြီး မှတ်ပုံတင်ကြေးကင်းလွတ်ခွင့်ပြုထားတာကြောင့် Online Application Form ကြေး ၄၀၀၀ ကျပ်သာ ကျသင့်မှာဖြစ်တယ်လို့သိရပါတယ်။

” ကိုယ်ပိုင်ထုတ်တဲ့ပစ္စည်းပဲရောင်းရောင်း၊ သူများဆီကနေ ယူပြီးပဲရောင်းရောင်း အွန်လိုင်းကနေရောင်းမယ်ဆိုရင်မှတ်ပုံတင်ရမှာဖြစ်ပါတယ်။လာမယ့် ၁ လပိုင်းကစပြီး မှတ်ပုံမတင်သူတွေကို အရေးယူမှာပါ။အဲ့ဒီမတိုင်ခင်မှတ်ပုံတင်ထားဖို့လိုအပ်ပါတယ် ၊ မှတ်ပုံတင်ခွင့်ပြုတဲ့နေရာမှာလည်း လုပ်ငန်းတိုင်းကိုခွင့်ပြုတာမျိုးမဟုတ်ဘဲ သက်ဆိုင်ရာဌာနကခွင့်ပြုချက်နဲ့ တရားဝင်လုပ်ကိုင်နေသူတွေကိုပဲ ခွင့်ပြုမှာပါ၊ခုလိုလုပ်တာက အွန်လိုင်းကနေ ရောင်းသူတွေတာဝန်ယူမှုတာဝန်ခံမှုရှိအောင်နဲ့ ဈေးဝယ်သူတွေအတွက်လည်း အာမခံမှုရှိစေဖို့ပါ၊ပစ္စည်းတစ်ခုအွန်လိုင်းကနေမှာလိုက်တယ် ရောက်လာတော့ ပြထားတဲ့ပစ္စည်းနဲ့မတူဘူး၊ အဲ့လိုမျိုးတွေကို မဖြစ်အောင် ပါ ” လို့ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူတစ်ဦးကပြောပါတယ်။

ဒါ့ကြောင့်စည်ပင်လိုင်စင် နဲ့ အခြားအခွန်တွေ ပေးဆောင်ထားသူတွေလည်း အွန်လိုင်းကနေ ဈေးရောင်းချမယ်ဆိုရင် မှတ်ပုံတင်ဖို့လိုအပ်တယ်လို့သိရပါတယ်။

မှတ်ပုံတင်ထုတ်ပေးပြီးနောက် တားမြစ်၊ ကန့်သတ် သို့မဟုတ် ဥပဒေနဲ့ ငြိစွန်းသော၊ အများပြည်သူရဲ့ လုံခြုံမှုကို ထိခိုက်စေနိုင်သော၊ ဘေးအန္တရာယ်ကင်းရှင်းမှု သို့မဟုတ် လုံခြုံစိတ်ချရမှုမရှိကြောင်း ယူဆရသော၊ ရိုးရှင်းမှန်ကန်တဲ့ သတင်းအချက်အလက်နဲ့ အာမခံမရှိကြောင်း ယူဆနိုင်တဲ့၊ ခွင်မပြု/တားမြစ်ထားသော စတဲ့ ကုန်စည်တွေ ရောင်းချခဲ့ရင် မှတ်ပုံတင်ပြန်လည်သိမ်းမှာဖြစ် တယ်လို့လည်းသိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ် မှုနဲ့တွေကြောင့် ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းတွေရှားပါးခြင်း ၊ ကုန်ဈေးနူန်းတွေအဆမတန်မြင့်တက်ခြင်း စတဲ့အခက်အခဲတွေ ကြောင့် Online ကနေ တနိုင်တပိုင်ဈေးရောင်းချတာတွေ ၊ live sale လွှင့်ပြီး စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်သူများပြား လာပါတယ်။

အဆိုပါ မှတ်ပုံတင် ရမယ့်စနစ်ဟာ အလတ်စား ၊အကြီးစား စီးပွားရေးလုပ်ငန်းလုပ်သူတွေကို အဓိကဆောင်ရွက်သင့်ပြီး မိသားစုစားဝတ်နေရေးအတွက် တနိုင်တပိုင် လုပ်ကိုင်သူတွေကိုတော့ ခြွင်းချက်အနေနဲ့ကင်းလွတ်ခွင့်ပြုသင့်တယ်လို့ ဆိုပါတယ်။

” တနေကုန် ရောင်းမှ ၁၀၀၀၀နဲ့ ၁၅၀၀၀ မြတ်တာမျိုးပါ။အပြင်မှာဆိုင်ဖွင့်ရောင်းဖို့ကလည်းမပြေလို့ အွန်လိုင်းကနေ အော်ဒါကောက်ပြီး ရောင်းတာပါ။တကယ်တော့ ရွှေဆိုင်တွေ၊ကျန်တဲ့အရောင်းဆိုင်ကြီးတွေ၊လုပ်ငန်းကြီးတွေကိုပဲလုပ်သင့်တယ် ၊ ကျမတို့ တနိုင်တပိုင်လုပ်နေသူတွေအတွက်က အဆင်မပြေဘူး။ဘာတံဆိပ်မှလည်းမရှိဘူး၊” လို့ ကိုယ်တိုင်ချက်ပြုတ်ပြီး အွန်လိုင်းကနေ တနိုင်တပိုင် အစားအသောက်ရောင်းချနေသူတစ်ဦးကပြောပါတယ်။

စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကတော့ အွန်လိုင်းရှော့ပင်းလုပ်ငန်းတွေ ကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (ဂ) အရ သတ်မှတ်ထားပါတယ်။

ဒါ့ကြောင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ၅ အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် အနည်းဆုံးထောင်ဒဏ် ၆ လကနေ အများဆုံး ထောင်ဒဏ် ၃နှစ်အထိ ချမှတ်နိုင်တဲ့အပြင် ငါးသိန်းထက်မပိုတဲ့ ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဥပဒေပြဌာန်းချက် အရ သိရပါတယ်။

Photo: The Nation
#voiceofmyanmar #VOM #အွန်လိုင်း #ဈေးရောင်း #မှတ်ပုံတင်

Related posts

Leave a Comment

VOM News

FREE
VIEW