တရက်ကို အလှည့်ကျ လျှပ်စစ်မီး ၂ နာရီ ပိုပျက်မယ်

တရက်ကို အလှည့်ကျ လျှပ်စစ်မီး ၂ နာရီ ပိုပျက်မယ်

စက်တင်ဘာ ၂၆ – ၂၀၂၃
SN (VOM)

ရန်ကုန်တိုင်း အရှေ့ပိုင်း၊ တောင်ပိုင်းနဲ့ မြောက်ပိုင်းခရိုင်တွေမှာ Load Shed တကြိမ် ထပ်တိုးတဲ့အတွက် တရက်ကို အလှည့်ကျ လျှပ်စစ်မီး ၂ နာရီ ပိုပျက်မယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က သိရပါတယ်။

လျှပ်စစ်မီးကို နေ့ပိုင်းအချိန်တွေမှာ ပုံမှန် ပေးနေကျအတိုင်း အုပ်စု A,B ခွဲပြီး အလှည့်ကျ ပေးသွားမှာဖြစ်ပေမယ့် ညနေပိုင်း အချိန်တွေမှာတော့ စက်တင်ဘာ ၂၅ ရက်နေ့မှစတင်ကာ ၂ နာရီနောက်ကျပြီး အလှည့်ကျ မီးပေးမှာဖြစ်တယ်လို့ သိရပါတယ်။

“ည‌နေ ၅ နာရီ ပျက်သွားတဲ့မီးဆို ည ၇ နာရီမှရမယ်။ ည ၇ နာရီပျက်သွားတာဆို ည ၉ နာရီမှ ရမယ်။ မနက် ၉ နာရီ ပျက်တဲ့မီးဆို နေ့လယ် ၁ နာရီကနေ ညနေ ၅ နာရီအထိ ပြန်ရမယ်။ နေ့ဘက်ကတော့ ပုံမှန်အတိုင်းပေါ့။ ညပိုင်းအချိန်တွေကိုပဲ အလှည့်ကျ မီးပေးမှာပါ”လို့ YESC မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒါ့အပြင် လက်ရှိ မီးပေးနေတဲ့ အုပ်စုတွေအနေနဲ့ ဓာတ်အားရရှိမယ့် အချိန်မှာ ဓာတ်အားစနစ် လိုအပ်ချက် ရှိပါက LDC Load Shed တွေ ရှိနိုင်သေးတာကြောင့် မီးလာရမယ့်အချိန်တွေမှာ မီးထပ်ပျက်နိုင်သေးတယ်လို့ YESC က ထပ်မံ အသိပေးထားပါတယ်။

“ပြောရင် ပြောတဲ့အတိုင်း လုပ်ဖို့တော့လိုတယ်။ ပြောသာပြောရတာ တခါမှလည်း အပြောနဲ့အလုပ်နဲ့ ညီတာမဟုတ်ဘူး။ မီးမလာလို့ အလုပ်တွေ အနှောင့်အယှက်အရမ်းဖြစ်ရတယ်၊ အဆင်မပြေဘူး။ ကျွန်တော်က ယိုးဒယား၊ ပြည်တွင်းအကင်မျိုးစုံနဲ့ ဖက်ထုပ်၊ ကော်ပြန့်ရွက်တွေရောင်းတဲ့ဆိုင် ဖွင့်ထားတယ်။ သူတို့ပြောတဲ့အတိုင်း ပုံမှန်လေးမီးပေးနေရင် မီးမလာတဲ့အချိန် အကင်တွေကို မီးစက်တွေနဲ့ အအေးဓာတ်ပေးလို့ရတယ်။ အခုက မီးပျက်ချိန်က ပိုများနေတော့ မီးစက် အချိန်ပြည့် သုံးနေရတော့ စက်တွေက ရေရှည်မခံဘူး။ ရေရှည်ကျတော့ ခံနိုင်ရည်အား လျော့ကျပြီး စက်ချွတ်ယွင်းမှုတွေ ဖြစ်လာတယ်” လို့ ယိုးဒယားအကင်မျိုးစုံ ရောင်းဝယ်သူတဦးက ပြောပါတယ်။

လျှပ်စစ်မီးအချိန်ကြာမြင့်စွာ ပြတ်တောက်မှုကြောင့် လုပ်ငန်းလုပ်ရာမှာ ငွေကြေးဆုံးရှုံးမှုတွေနဲ့ ကြုံရသလို ကုန်ပစ္စည်းတွေ ရောင်းမရဘဲ အလကားဖြစ်ကုန်တယ်လို့ သိရပါတယ်။

“မီးကမလာ၊ ရှိတဲ့မီးစက်ကလည်း ဒီဇယ်ဖိုးနဲ့ တွက်ခြေမကိုက်လို့ အချိန်ပြည့် သုံးလို့မရတာနဲ့ ရေခဲမုန့်တွေ အရည်ပျော်ကျကုန်လို့ ရောင်းလို့ မရတော့ဘူး။ အဲ့ဒါနဲ့ လမ်းထဲက ကလေးတွေကို အလကား ဝေလိုက်ရတယ်။ တသိန်းခွဲလောက် ထိသွားတယ်။ ဆီဖိုးက တနာရီ ၅၀၀၀ ကျပ်နီးနီး ကုန်တယ်။ ရေရှည်ဆိုမကိုက်ဘူး။ မီးက အခုဆို ပျက်တာပိုဆိုးလာတယ်။ လာရမယ့်အချိန်လာပြီး ၁၀ မိနစ်လောက်နဲ့ ပြန်ပျက်သွားတာ။ နွေဘက်မပြောနဲ့ မိုးတွင်းကြီးတောင် မီးမှန်အောင်မပေးနိုင်ဘူး။ အစီအမံတွေ တော်တော်ကောင်းတယ်။ မီးပျက်ချိန်များလို့ အခုတော့ ရေခဲမုန့်လုပ်တာ ခဏ နားထားရတယ်” လို့ ရေခဲမုန့်၊ ရေခဲထုပ်လုပ်ငန်း လုပ်ကိုင်သူတဦးက ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့မှာ အခုရက်ပိုင်းအတွင်း လျှပ်စစ်မီး မကြာခဏ ပြတ်တောက်မှုတွေ ပြန်လည်ဖြစ်ပေါ်နေပြီး ပုဇွန်တောင်၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ဒေါပုံ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ မြောက်ဥက္ကလာပ၊ ကမာရွတ်၊ အင်းစိန်နဲ့ ရွှေပြည်သာမြို့နယ်တွေအပါအဝင် မြို့နယ်တော်တော်များများ လျှပ်စစ်မီးအလှည့်ကျရရှိမယ့် အချိန်တွေမှာ မီးပြတ်တောက်မှုတွေ ဖြစ်ပေါ်လျက်ရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #လျှပ်စစ်မီး

Related posts

Leave a Comment

VOM News

FREE
VIEW