ငလျင်ကြောင့် ဘန်ကောက်ရှိ ဆောက်လုပ်ဆဲမိုးမျှော်တိုက် ပြိုကျမှု လူ ၁၇ ယောက်ကို ဖမ်း၀ရမ်းထုတ်

ဘန်ကောက်၊ မေ-၁၆-၂၀၂၅
ရတီ(VOM)
ထိုင်းနိုင်ငံမှာ မတ်လအတွင်းက ငလျင်လှုပ်ခတ်မှုကြောင့် ဆောက်လုပ်ဆဲ မိုးမျှော်တိုက်ပြိုကျမှုနဲ့ပတ်သက်ပြီး လူ ၁၇ ယောက်ကို ထိုင်းတရားရုံးက ဖမ်း၀ရမ်းထုတ်လိုက်ပါတယ်။
ဘန်ကောက်မှာ တည်ဆောက်နေတဲ့ အထပ် ၃၀ အမြင့်ရှိ အစိုးရစာရင်းစစ်ရုံးဟာ ငလျင်ကြောင့် ပြိုကျခဲ့ပြီး လူ ၈၉ ယောက်ရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး ခုနှစ်ယောက်ကတော့ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
အဆောက်အအုံရဲ့ ဒီဇိုင်း၊ ဆောက်လုပ်မှုနဲ့ အဆောက်အအုံကြီးကြပ်မှုတို့မှာ ပါဝင်နေသူတွေကို ရဲတပ်ဖွဲ့က ဖမ်း၀ရမ်းထုတ်ခဲ့တာဖြစ်ကြောင်း ဒေသတွင်း သတင်းဌာနတွေက ဆိုပါတယ်။
ဖမ်း၀ရမ်းထုတ်ခံရသူတွေထဲမှာ ထိုင်းရဲ့ အကြီးဆုံးဆောက်လုပ်ရေးလုပ်ငန်းကြီးတခုဖြစ်တဲ့ အီတာလျံ-ထိုင်း ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီရဲ့ ဥက္ကဌဟောင်း ပရန်ချိုင်းကာနာဆူကာတယောက်တည်းကိုသာ ရဲတပ်ဖွဲ့က အမည်ထုတ်ဖော်ထားပါတယ်။
အဆောက်အအုံအတွင်းရှိ ဆောက်လုပ်ရေးဆိုင်ရာ အတက်အဆင်းဓါတ်လှေကာစနစ် ချို့ယွင်းချက်တွေကို တွေ့ရှိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေက ဆိုပါတယ်။ ရဲတပ်ဖွဲ့ကတော့ ပြိုကျမှုနဲ့ပတ်သက်ပြီး စစ်ဆေးတွေ့ရှိချက်တွေကို ထုတ်ပြန်ခြင်းမရှိသေးပါဘူး။
အဲဒီအဆောက်အအုံကို ထိုင်းဘတ်ငွေ နှစ်ဘီလီယံကျော်(ဒေါ်လာ ၅၉ သန်း) အကုန်အကျခံကာ သုံးနှစ်ကြာ ဆောက်လုပ်နေခဲ့ပြီးနောက် ငလျင်ကြောင့် ပြိုကျခဲ့တာပါ။ ပြိုကျချိန်မှာ ဆောက်လုပ်ရေးလုပ်သား ၄၀၀ ကျော်ဟာ အခင်းဖြစ်ရာနေရာမှာ ရှိနေခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်တွေမှာ ဒရုန်းတွေ ၊ အနံ့ခံခွေးတွေ၊ ကရိန်းတွေနဲ့ တူးဖော်ရေးစက်တွေ အသုံးပြုခဲ့ကြပါတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒဿမ ၇ အဆင့်ရှိ ငလျင်ကြောင့် မြန်မာနိုင်ငံမှာတော့ လူပေါင်း ၃၀၀၀ ကျော်သေဆုံးခဲ့ပြီး ၄၅၀၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။
Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW