ဆူးငှက်
မတ်လ ၂၈ရက် ငလျင်လှုပ်ပြီးနောက် အင်တာနက်လိုင်းတွေ ပြတ်တောက်ကုန်တယ်။ နောက် ၂ရက်လောက်နေမှ အင်တာနက်လိုင်းတွေ အချိန်ပိုင်းပြန်ရ ဖုန်းလိုင်းတွေလည်း ပြတ်တောင်း ပြတ်တောင်း ပြန်ရတယ်။ အင်တာနက်လိုင်းတွေ ပြန်ရမှာ တချို့သတင်းတွေကို ဓာတ်ပုံတွေနဲ့သာမက ဗီဒီယိုဖိုင်တွေနဲ့ပါ မြင်လိုက်ရတော့မှ ဒီငလျင်ကြီးက အတော်ပြင်းထန်ပါလား။ ပျက်စီးဆုံးရှုံးမှုတွေကလည်း အနည်းမနောပါလားလို့ တအံ့တသြနဲ့ စုပ်တသပ်သပ် ဝမ်းနည်း မဆုံး ဖြစ်ရတော့တယ်။ လူတိုင်းလက်ထဲမှာ ကင်မရာကောင်းနဲ့ ဖုန်းတွေက ကိုယ်စီကိုင်ထားကြရုံမက ဖုန်း ကင်မရာနဲ့လည်း အရွယ်၃ပါးမရွေး လူတန်းစားမရွေး ရင်းနှီးကျွမ်းဝင်နေကြတော့ ငလျင်လှုပ်တုန်း ကိုယ့်မျက်စေ့ အောက် မြင်တာနဲ့ ချက်ချင်းရိုက်ပြီး လိုင်းပေါ်တင်ကြတာလေ။ ဒါကြောင့် ငလျင်ဘေး မျက်မြင်ကိုယ်တွေ့ ဗီဒီယိုဖိုင်တွေကို တအံ့တသြကြည့်ကြရတာပါ။
အမလေး၊ မစိုရိမ်တိုက်သစ်က ၅ထပ်ကျောင်းဆောင်ကြီး ဆင်းပြေးလာကြတဲ့ စာသင်သားရဟန်းတွေရဲ့ မျက်စိအောက်မှာ တင် ဝုန်းခနဲ ပြိုကျသွားတာ၊ မန္တလေးတက္ကသိုလ် ပင်မဆောင်ကြီး မီးတွေ ဟုန်းဟုန်းတောက်လောင်နေတာ မီးသတ်ကားတွေက ရေပိုက်တွေဆက်ပြီး ပက်နေတာ၊ စီစီတီဗီမှတ်တမ်းကရတဲ့ မဟာမုနိ ရင်ပြင်ရော ဂန္ဓကုဋိတိုက် ကျောင်းတော်ကြီး အတွင်းမှာရော ဘုရားဖူးတွေ ဆောက်တည်ရာမရ ဖြစ်ပြီး ရင်ပြင်မှာ ပြားပြားဝပ်နေကြတာ ကျောင်းတော်ကြီးအစိပ်အပိုင်းတွေ ပြိုကျသွားလို့ ဘုရားဖူးတွေ အင်္ဂတေမှုန်တွေ ဖုန်လုံးတွေကြား အသက်လု ပြေးကြတာ၊ ဟော်တယ်တွေ လူနေတိုက် အထပ်မြင့်တွေ လမ်းပေါ်ပြိုကျသွားတာတွေက အရင်က မြင်ဖူးသလို ရုပ်ရှင်ဇာတ်ဝင်ခန်းတွေ မဟုတ်သလို သူများနိုင်ငံကလည်း မဟုတ်ဘူးလေ။ ကိုယ့်မန္တလေးက ကိုယ်မြင်နေကျ သွားနေကျ နေရာတွေက အဆောက်အအုံတွေလေ၊ ဘယ့်နှယ် ဇာတ်ဝင်ခန်းဟုတ်မှာလဲ၊ ပကတိ မျက်ဝါးထင်ထင် အဖြစ်အပျက်တွေပါလား။
ဒီလို ဗီဒီယိုတွေထဲမှာ မြင်လိုက်တာနဲ့ စိတ်ထိခိုက်ရတဲ့ ဗီဒီယိုက ၈၅လမ်း မလွန်သာသနာ့ဗိမာန်ကြီးမှာ ဓမ္မာစရိယစာမေးပွဲ ဖြေဆိုနေကြတဲ့ စာဖြေသံဃာတော်တွေ ငလျင်လှုပ်လို့ ဒရောသောပါး အသက်လု ပြေးထွက်လာကြတော့ နောက်က သာသနာ့ဗိမာန်တော်ကြီး ပြာသာဒ်က ယိမ်းခါနေလိုက်တာ ပြိုတော့မှာလားလို့ အသက်ရှူရပ်မတတ် စောင့်ကြည့်ရပေမယ့် ဗီဒီယိုဖိုင်က အဆုံးထိ မပါဘူး။ ဒီသာသနာ့ဗိမာန်ကြီးကို အရပ်က ဦးလှသိန်းဗိမာန်လို့ ခေါ်ကြပါတယ်။ ဒါပေမယ့် အပြင်မှာ ဦးလှသိန်းဗိမာန်ကြီး ပြိုကျသွားပြီ၊ စာဖြေသံဃာတွေ ရာချီပြီး အသက်ဆုံးရှုံး ကုန်ပြီဆိုတဲ့ သတင်းက တမုဟုတ်ချင်း ထွက်လာပါတယ်။ ဘုရားဘုရား။ ဆုံးရှုံးမှုတန်ဖိုးက မတွေးဝံ့စရာပါလား။ တကယ်တော့ သာသနာရဲ့ အညွန့်အဖူး စာဖြေသံဃာတော်တွေ အသက်ပေးလိုက်ကြရတဲ့ ဒီသာသနာ့ဗိမာန်ကြီးနဲ့ ပရိယတ္တိသာသနဟိတ အသင်းဆိုတာ ရာဇဝင်ချီပြီး ထင်ရှားတဲ့ အသင်းကြီး ဖြစ်ပါတယ်။
ကောဇာသက္ကရာဇ် ၁၂၂၁ခုနှစ်မှာ မင်းတုန်းမင်းက အမရပူရမင်းနေပြည်မှ မန္တလေးရတနာပုံနေပြည်တော်သို့ ပြောင်းရွေ့စိုးစံသည့် အခါ မူလ သာသနိကအဆောက်အဦးတွေအပြင် အသစ်အသစ်သော ဘုရားကျောင်းကန်ပုထိုး၊ သာသနိက အဆောက်အဦးအသစ်များနဲ့ စည်ပင်စေခဲ့တယ်။ အမရပူရမြို့တော်ဟောင်းက မူလကျောင်းတိုက်ကြီး အတော်များများလည်း မန္တလေး နေပြည်တော်ကို ပြောင်းရွေ့ကြတယ်။ မြို့တည်နန်းတည် ခုနစ်ဌာနမှာပင် မဟာလောကမာရဇိန် စေတီတော်၊ မဟာအတုလဝေယံ ကျောင်းတော်၊ သုဓမ္မာဇရပ်တော်၊ ပဋ္ဌာန်းဟောရွှေသိမ်တော် ဆိုတဲ့ သာသနိကဌာနများက ခုနစ်ဌာနမှာ လေးဌာနက နေရာ ယူထားခြင်းကလည်း ဘာသာသနာဖက် ပိုမို တိမ်းညွှတ် အလေးသာစေခြင်း ပြယုဂ်ဖြစ်ခဲ့ပါတယ်။ ဒီခုနစ်ဌာနအတွင်းက ပိဋကတ်တိုက်တော်ဆိုတာကလည်း မြတ်စွာဘုရားရဲ့ ကျမ်းဂန် ဒေသနာများကပဲ အဓိက စုဆောင်းထိန်းသိမ်း အထွဋ်အမြတ် ထားရာ နေရာလည်း ဖြစ်ပါတယ်။ သက္ကရာဇ် ၁၂၂၅ခု၊ တပို့တွဲလမှာ အမရပူရ ပိဋကတ်တိုက်တော်ရှိ ပိဋကတ်တော်တွေကို အမြောက်သံကြားအခါတော်နှင့် ဝေါတော်၊ ထမ်းစင်တော်၊ ဆင်တော်များနှင့် တခမ်းတနား ပင့်ဆောင်ပြီး မန္တလေးတောင်ခြေ ပိဋကတ်တိုက်တော်သို့ ပို့ဆောင်ခဲ့တယ်လို့လည်း မှတ်သားရပါတယ်။ ဒါ့ပြင် မန္တလေးနေပြည်တော်မှာ ၁၂၂၂ခုနှစ်ရောက်တော့ ရွှေကျင်သာသနာ ကလည်း တိုးတက်ဖြစ်ထွန်းခဲ့ရုံမက၊ အဲ့ဒီနှစ် ကဆုန်လမှာ ဝိနည်းငါးကျမ်း၊ အဘိဓမ္မာခုနစ်ကျမ်း၊ နိကာယ်ငါးကျမ်း၊ သုတ်ပါဠိတော်များကို ကျောက်ချပ်ရေ ၇၂၉ချပ်၌ စီစစ် သန့်ရှင်း ထွင်းထုကာ ကမ္ဘာ့အကြီးဆုံး ပိဋကတ်တော် ကျမ်း စာအုပ်ကြီးအဖြစ် ကုသိုလ်ပြုနိုင်ခဲ့ပါတယ်။ ဒီ ကျောက်ထက် အက္ခရာ တင်မှုက ၁၂၃၀ပြည့်နှစ်မှာ ပြီးစီး အောင်မြင်ခဲ့ပါတယ်။
ဒါကြောင့် မန္တလေးက ဗုဒ္ဓသာသနာနှင့်ပတ်သက်ရင် ထွန်းကားစည်ပင်မှု အရှိန်အဟုန်ကောင်းခဲ့တဲ့ အစဉ်အလာများ ရှိခဲ့တယ်။ ၁၂၄၇ခု တန်ဆောင်မုန်းလဆုတ် (၈)ရက်နေ့မှာတော့ သူ့ကျွန်ဘဝအောက်သို့ ကျရောက်တဲ့အခါ မန္တလေးသူမန္တလေးသားတွေ စိတ်နှလုံးမှာ ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်ပိုင်နက် ဆုံးရှုံးခြင်းထက် ကိုယ့်ဘာသာ၊ ကိုယ့်သာသနာ ညှိုးနွမ်းမှေးမှိန်မယ့် အရေးကို ဦးစွာစိုးရိန်ကြောင့်ကျခြင်း ဖြစ်ကြရတယ်။ တကယ်လည်း ညှိုးနွမ်းခဲ့ရတယ်။ “ဥသြသံသာ၊ သာသနာ၊ ရောင်ဝါနေသို့ ထွန်းလိမ့်မည်” ဆိုတဲ့ လင်္ကာအရ၊ မန္တလေး ရတနာပုံ နေပြည်တော်လက်ထက်တွင် စာချသံဃာတော်ပေါင်း (၁၁၆၆)ပါး နှင့် ရဟန်းသာမဏေပေါင်း အပါးရေ သောင်းချီရှိရာမှ ပါတော်မူပြီး ဆယ့်သုံးလေးနှစ်အတွင်း ထက်၀က်မက လျော့နည်းသွားခဲ့သတဲ့။ ကျန်ကောင်းကျန်ရာ ကျန်တဲ့ ရဟန်းသံဃာတော်များမှာလည်း ခြိုးခြံချို့တဲ့ကြလို့ ကြာလျှင် မန္တလေးမှာ သာသနာကွယ်တော့မယ့် အရေးကို မြို့မိမြို့ဖ များက စိုးရိမ်ပူပန်ခဲ့ကြတယ်။ ဒါကြောင့် မြန်မာမင်းများ လက်ထက်လောက် သာသနာတော်ကို ပစ္စယာနုဂ္ဂဖြင့် မချီးမြှောက် နိုင်စေကာမူ မြို့ခံဗုဒ္ဓဘာသာ သူတော်စင်များ စုပေါင်းပြီး မိမိတတ်နိုင်သလောက် ပစ္စဟာနုဂ္ဂဟာဖြင့် ချီးမြှောက် ထောက်ပံ့ကြပါမှ သာသနာအညွန့်လူနိုင်တော့မယ် ဆိုတဲ့ အသိနဲ့ မန္တလေးမှာ ဘာသာရေးအသင်းတွေ ဖွဲ့စည်းခဲ့ကြတယ်။ ဒီလို ဖွဲ့စည်းခဲ့ကြတဲ့ အသင်းကြီးများအနက် ပရိယတ္တိသာသနာ့ဟိတ အသင်းကြီးလည်း ပါ၀င်ခဲ့တယ်။
မန္တလေးမြို့၊ ၈၅လမ်း၊ မလွန်ရပ်မှာ ပရိယတ္တိ သာသနာ့ဟိတ အသင်းကြီးတည်ရှိပါတယ်။ ပရိယတ္တိ သာသနာ့ဗိမာန်လို့ သိရှိကြတယ်။ ဒီအသင်းကြီးမှာ မန္တလေးမြို့၌ မလွန်ဆန်လှူ အသင်းကြီးပြီးလျှင် ဒုတိယမြောက် သက်တမ်းအရှည်ဆုံး သာသနာပြု အသင်းကြီးဖြစ်ပါတယ်။ သက္ကရာဇ် ၁၂၆ဝ ခုနှစ်၊ ဝါဆိုလပြည့်နေ့မှာ အသင်းကြီးကို စတင် တည်ထောင် ခဲ့တယ်။ ကျေးဇူးရှင် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော်ဘုရားကြီးက မလွန်စျေး ဆန်လှူအသင်းကြီးနှင့် ပရိယတ္တိသာသနာ့ဟိတအသင်းကြီး နှစ်သင်းကို သာသနာတော်၏ အမိနှင့် အဖအသင်းကြီးများ အဖြစ် ရည်ညွှန်း ဂုဏ်ပြုခဲ့ပါတယ်။
သီပေါဘုရင် ပါတော်မူပြီးနောက် ၁ဝနှစ်ကြာ၊ ၁၂၅၇ ခုနှစ်မှာ တောင်တော် သာသနာပိုင်ဆရာတော်၊ လှထွေဆရာတော်၊ ကင်းဝန်မင်းကြီး စတဲ့ သာသနာပြုပုဂ္ဂိုလ်များ ညှိနှိုင်းတိုင်ပင်ပြီး ရှေးမြန်မာမင်းတို့ လက်ထက်ကကဲ့သို့ ပထမပြန် စာမေးပွဲတစ်ခု၊ နယုန်လဆန်း(၈)ရက်၌ ကော်မတီတစ်ရပ်ဖွဲ့စေကာ စတင်ကျင်းပခဲ့တယ်။ ပထမပြန်စာမေးပွဲများ ပြန်လည် ဖော်ထုတ်လာခဲ့ရာမှ မန္တလေးမြို့၊ ဆိုင်းတန်းရပ်၊ ပွဲစားကြီးဦးထွန်းစသော ပုဂ္ဂိုလ်ကြီး (၁၂)ဦးကလည်း မိုးတား သာသနာပိုင်ဆရာတော်၊ မိုင်းခိုင်းဆရာတော် စသော တံဆိပ်တော်ရ ဆရာတော်ကြီး (၁၈)ပါးတို့နှင့် လေးပြင်လေးရပ် ဆရာတော်များထံ လျှောက်ထား သြဝါဒခံယူပြီး ပရိယတ္တိဓမ္မ ထိန်းသိမ်းစောင့်ရှောက်ရန် ငွေပင်ငွေရင်း ထည့်ဝင်ကြပြီး ပရိယတ္တိသာသနာ့ဟိတအသင်းကြီးကို စတင်တည်ထောင်ခြင်းဖြစ်ပါတယ်။
ပရိယတ္တိသာသနာဟိတအသင်းကြီး တည်ရှိရာ နေရာကို သာသနာ့ဗိမာန်လို့ ခေါ်ဝေါ်ကြပါတယ်။ ဒီဗိမာန်ကြီးက ၈၅လမ်း၊ ၃၄လမ်းနှင့် ၃၅လမ်းကြားရှိ ယခင် ဒင်္ဂါးဝင်းဇာတ်ရုံနေရာ မြေ၂.၃၀ ဧက ပေါ်မှာ အလျား ၁၃၆ပေ၊ အနံ ၅၄ပေ၊ ဆင်ဝင်အလျား ၃၂ပေ၊ အနံ ၂၄ပေ၊ ဘုံ၇ဆင့် ပြာသာဒ်က ထီးတော် ငှက်မြတ်နားအထိ ၁၃၆ပေရှိ သာသနာ့ ဗိမာန်တော်ကြီးကို တည်ဆောက်ခဲ့ပါတယ်။ အသင်းဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် မြန်မာမှုဗိသုကာ ဆရာကြီး ဆရာဆိုင်က ကိုယ်တိုင်ပုံစံရေးဆွဲ ကြပ်မတ်ဆောက်လုပ်ခဲ့တာပါ။ အချိုးကျ လှပတဲ့ ဘုံ၇ဆင့် ပြာသာဒ်၊ မြန်မာမှု သွပ်ကနုတ်ပန်းများ၊ အင်္ဂတေ ထောင့်ပန်းများ၊ လက်ရာမြောက်ပန်းတော့ နယားရုပ်များနှင့် အစွမ်းကုန် အားထုတ်ထားတဲ့ ဗိမာန်တော်ကြီး ဖြစ်ပါတယ်။
ဒီဗိမာန်တော်ကြီး ပုံစံထုတ် တည်ဆောက်သူက မြန်မာမှု ဗိသုကာပညာရှင်ကြီး ဆရာဆိုင်က ကြီးကြပ် လုပ်အားခ အားလုံးကို အသင်းကြီးသို့ ပြန်လည် လှူဒါန်းခဲ့သူလည်း ဖြစ်တယ်။ ဗိမာန်တော်ကြီး အဝင် ဆင်ဝင်က တိုင်ဆင်း နယားရုပ်ကြီးတွေက ဆရာဆိုင် ကိုယ်တိုင် ထုလုပ်ခဲ့တဲ့ လက်ရာပါ။ ဆရာဆိုင်ရဲ့ ဖခင်က နာမည်ကျော် မြန်မာမှု ဗိသုကာပညာရှင် ဆရာခင်ဖြစ်ပြီး နန်းမတော်စုဖုရားလတ်ကောင်းမှု မြတောင်ရွှေကျောင်းတော် တည်ဆောက်ရာမှာ ပါ၀င်လုပ်ကိုင် ဆောင်ရွက်ခဲ့ရသူ ဖြစ်ပါတယ်။ ဗိမာန်တော်ကြီး မြေနေရာကို နိုင်ငံတော်က လှူဒါန်းခဲ့ပြီး ၁၉၅၁ခုနှစ် ဇူလိုင်လ ၁၃ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။ ဒီဗိမာန်တော်ကြီး တည်ဆောက်ရာမှာ လိုအပ်တဲ့ ဘဏ္ဍာငွေ အများစုကို လူပျံတော် ဓမ္မကထိက ဆရာကြိးဦးလှသိန်းက တရားဟောပြောကာ ထည့်ဝင်လှူဒါန်းခဲ့လို့ ဦးလှသိန်းဗိမာန်လို့လည်း လူသိများခဲ့ကြတာပါ။ ဒီဗိမာန်ကြီး ဖွင့်လှစ်ပြီး စက်သူဌေး ဦးသာဌေးမိသားစုက ၃ထပ်ဆောင်ကြီးပေါ် ဘုရားဖူးများ လွယ်လင့်တကူ တက်ရောက်နိုင်ဖို့ ဓာတ်လှေကားလည်း တည်ဆောက်လှူဒါန်းခဲ့တာမို့ ပြည်သူ့ဆေးရုံကြီးပြီးရင် ပုဂ္ဂလိကအနေနဲ့ မန္တလေးမှာ ပထမဆုံး အသုံးပြုတဲ့ ဓာတ်လှေကားလည်း ဖြစ်ပါတယ်။
ကနဦးကြားရတဲ့ သတင်းက ငလျင်မှာ ဒီဗိမာန်ကြီး ပြိုကျပျက်စီးပြီး ဗိမာန်ပေါ်က စာဖြေ သံဃာတော်တွေ အသက်ဆုံးရှုံးရတယ် ဆိုလေတော့ ယူကြုံးမရ ဖြစ်ရတာပေါ့။ ဒါပေမယ့် သတင်းအမှန်က ဗိမာန်တော်ကြီး မပြိုမပျက်ပါဘူးတဲ့။ ဗိမာန်တော်ကြီး ဘေးက နောက်မှ တိုးချဲ့ဆောက်လုပ်တဲ့ ၃ထပ်ဆောင်အသစ်က ငလျင်လှုပ်တာနဲ့ ပြိုကျပြီး ဓမ္မာစရိယစာမေးပွဲ စာဖြေသံဃာတော်တွေထဲက ၂၁ပါး ပျံလွန်တော်မူ၊ ၄၅ပါးက ဒဏ်ရာ ရရှိခဲ့ပါသတဲ့။ ဓမ္မာစရိယ စာမေးပွဲကလည်း ဒီနှစ်မှ ဒီတိုးချဲ့ဆောင်မှာ စာဖြေဌာန အသစ်ဖွင့်တာတဲ့။
အခုတော့ လွန်ခဲ့တဲ့ အလျား ၁၃၆ပေ၊ အနံ ၅၄ပေ၊ ၁၃၆ပေအမြင့်ရှိ ဘုံ၇ဆင့် ပြာသာဒ်ကြီးနဲ့ တည်ဆောက်ခဲ့တဲ့ နှစ်ပေါင်း ၇၀ကျော်သက်တမ်းရှိ ၃ထပ်ဗိမာန်တော်ကြီးက ငလျင်ကို ကြံ့ကြံ့ခံနိုင်တာကိုတော့ ဂုဏ်ယူရမှာပါပဲ။
(ဆက်ရန်)
ဆူးငှက်