မိုးထိမိုးမိ ရွှေလုပ်ကွက် လုပ်ကိုင်ခွင့်ရခဲ့တဲ့ ဦးစိုးထွန်းရှိန်ကို ထောင် ၁၀ နှစ် အမိန့်ချ

စက်တင်ဘာ ၊ ၂၈ ၊ ၂၀၂၃
SP ( VOM)

မန္တလေးတိုင်း ၊ ရမည်းသင်းမြို့ ၊ ရမည်းသင်း အကျဥ်းထောင်မှာ ချုပ်နှောင်ခံထားရတဲ့ မိုးထိမိုးမိ ရွှေတူးဖော်ရေး လုပ်ကွက်ကို လုပ်ကိုင်ခွင့်ရခဲ့တဲ့ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ကို မနေ့ စက်တင်ဘာ ၂၇ ရက်က ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်တယ်လို့ ရွှေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

” မနေ့က ရမည်းသင်းခရိုင်တရားရုံကနေ ဦးစိုးထွန်းရှိန်ကို အများပြည်သူပိုင် ပစ္စည်းကာကွယ်ရေး ဥပဒေပုဒ်မ ၃ အရ ထောင်ဒဏ် ၁၀ နှစ်ချလိုက်တာဖြစ်တယ် ” လို့ ရွှေလုပ်ငန်းရှင် တယောက်က ပြောပါတယ်။

ဦးစိုးထွန်းရှိန် ပြစ်ဒဏ်ချတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ရမည်းသင်းခရိုင် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ” မနေ့က ထောင် ၁၀ နှစ်ချလိုက်တယ် ၊ နောက်ထပ် အမှုရင်ဆိုင်စရာ အမှုကျန် မရှိတော့ဘူး ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ က အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီက မိုးထိမိုးမိ ရွှေလုပ်ကွက်ကို စတင်လုပ်ကိုင်ခွင့်ရရှိပြီး ၂၀၁၈ မှာ နိုင်ငံ့ဘဏ္ဍာသို့ ရွှေပိဿာ ၁၂၉၃ ပိဿာ ပေးသွင်းရန် ကျန်ရှိမှုနဲ့ သတ္တုတွင်းဥပဒေ ပုဒ်မ ၃၀ (က) (၁) အရ အရေးယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရွှေထုတ်လုပ်မှု ရပ်ဆိုင်းထားရန် ညွှန်ကြားချက်ကို မလိုက်နာလို့ အများပြည်သူပိုင်ပစ္စည်း ကာကွယ်ထိန်းသိမ်းစောင့်ေရှာက်ရေး ဥပဒေ ပုဒ်မ အပက ၃ အရ သတ္တုတွင်းဝန်ကြီးဌာနက တရားလိုပြုလုပ်ပြီး ဦးစိုးထွန်းရှိန်ကို အမှုဖွင့်ခဲ့ပါတယ်။

အဲ့ဒီနောက် အမှုဖွင့်ခံရတဲ့ ဦးစိုးထွန်းရှိန်ဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ခိုလှုံနေထိုင်တဲ့အချိန် နယ်စပ်ဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးအစီအစဥ်အရ ထိုင်းရဲတွေက ဖမ်းဆီးပြီးနောက် တာချီလိတ်နယ်စပ်မှာ မြန်မာရဲတွေဆီ လွဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

” အဓိကတော့ သူရင်ဆိုင်ရတဲ့ အမှုက သတ္တုတွင်းဥပဒေ ပုဒ်မ ၃၀ (က) (၁) နဲ့ အများပြည်သူပိုင် ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေ အပက ၃ ဖြစ်တယ် ၊ အဲ့ဒီ အမှုတွေကို နစကဆီ အသနားခံစာတင်ပြီး ပြောပြတော့ ပြီးခဲ့တဲ့ ၂၀၂၂ မေလထဲမှာ နစက က သတ္တုတွင်းဥပဒေ ပုဒ်မ ၃၀ (က) (၁) အမှုကို ရုပ်သိမ်းပေးတယ် ၊ အဲ့ဒါကြောင့် အပက ၃ အမှုနဲ့ ရင်ဆိုင်ပြီး ထောင်ကျတာ” လို့ ရမည်းသင်းမြို့ခံ တရားလွတ်တော်ရှေ့နေ တယောက်က ပြောပါတယ်။

ဒါ့အပြင် စီးပွားရေး လုပ်ငန်းတွေကို ဥပဒေအကြံပေးနေတဲ့ ဥပဒေ ပညာရှင်တယောက်က ” ဦးစိုးထွန်းရှိန်ဆီက ရွှေကြွေကျန်ရလိုမှုနဲ့ နိုင်ငံတော်က တရားလိုလုပ်ပြီး တရားမမှုဖွင့်ထားတယ်ဆိုတော့ ရွှေတွေမပေးလို့ မရဘူး ၊ ထောင်ကျလည်းပေးရမှာပဲ ၊ အဲ့ဒီလိုေထာင်ကျခံပြီး မပေးရဘူးဆိုရင် တခြားစီးပွားရေး လောကမှာ သိန်းသောင်းချီ လိမ်လည်ပြီး ထောင်ကျခံမှာပေါ့ ၊ ယုံကြည်မှု ဖောက်ဖျက်မှုတွေ ၊ လိမ်လည်မှုတွေ ၊ ကြွေကျန်မှုတွေကို တရားရုံးက တရားလိုကို အနိုင်ဒီဂရီချလို့ တရားပြိုင်က မပေးရင်တောင် နောက်ထပ်တရားရုံး မှာ ဇာရီမှုထပ်လျောက်ရတယ် ၊ ဇာရီမှုအမိန့်ချပြီးရင် ပေးရန်ရှိသူက မပေးလို့မရဘူး ၊ မပေးရင် သူ့ပိုင်ဆိုင်မှုအားလုံးကို တရားရုံးက ချိပ်ပိတ်သိမ်းဆည်းပြီး ထုခွဲရောင်းချပေးရတယ် ၊ ရလာတဲ့ အကျိုးအမြတ်ကို တရားလိုကို ပေးရတယ် ” လို့ ပြောပါတယ်။

အခုကျတဲ့ ပြစ်ဒဏ်အတွက်လည်း ဦးစိုးထွန်းရှိန်ဘက်ကအယူခံဝင် ထုချေသွားမယ်လို့ တရားရေး အသိုင်းအဝိုင်းက သိရပါတယ်။

#voiceofmyanmar #VOM #မိုးထိမိုးမိ #ဦးစိုးထွန်းရှိန် #အမျိုးသားကြီးပွားတိုးတက်ရေး

Related posts

Leave a Comment

VOM News

FREE
VIEW