ဆူးငှက်
မန္တလေး ဘုရားပွဲတွေမှာ ဖျော်ဖြေမှုနဲ့တွဲပြီး အစဉ်အလာ ပွဲလမ်းတွေ ပါတတ်ပါတယ်။ ဘုရားပွဲအဝင်ညမှာ ဘုရားနဲ့အနီးဆုံးနေရာမှာ စည်တော်ကြီးအဖွဲ့နေရာယူပါတယ်။ စည်တော်ကြီးဆိုတာက မန္တလေးရတနာပုံ နေပြည်တော် ခေတ်မှာ ကတည်းက ထီးသုံးနန်းသုံးအနေနဲ့ရှိခဲ့တာပါ။ ကျွန်တော်မွေးဖွားကြီးပြင်းတဲ့ ဇာတိရပ်ကွက်ရဲ့ ဆွေဘုရား၊ မျိုးဘုရား မဟာလောကရံသီ အိမ်တော်ရာဘုရားပွဲက သီတင်းကျွတ်လဆန်း ၁၁ရက်၊ ၁၂ ရက် ဖြစ်ပါတယ်။ ၁၁ရက်နေ့ ပွဲဝင်အဖြစ် အိမ်တော်ရာဘုရား ရင်ပြင်တော် တနင်္ဂနွေထောင့်မှာ စည်တော်ကြီးအဖွဲ့ အမြဲတမ်းပါတယ်။ မလှမ်းမကမ်းမှာ ဆိုင်းအဖွဲ့ပါတယ်။ စည်တော်ကြီးအဖွဲ့က ညနေစောင်း၊ ဘုရားမီးထွန်းတာနဲ့ စပြီးတီးခတ်တယ်။ ပြီးမှ အိမ်တော်ရာအရှေ့ မုခ် အာရုံခံအနီးက ဆိုင်းအဖွဲ့ကတီးမှုတ်တယ်။ ကျွန်တော်က ကလေးပေမယ့် စည်တော်ကြီးကို သဘောကျတယ်။ အိမ်တော်ရာဘုရားပွဲခင်းက စည်တော်ကြီးကို နှစ်တိုင်းလိုလို သွားကြည့်ဖြစ်တယ်။
အဖေ့အမွေလို့ ပြောရမယ်ထင်ရဲ့။ အဖေကလည်း စည်တော်ကြီးကို အစအဆုံး ဖိနပ်ခုထိုင်ပြီး ကြည့်တယ်။ ‘သူတို့ပြောတဲ့ ရာဇဝင်စကားတွေ နားထောင်ကွ၊ ဗဟုသုတရတယ်’ လို့လည်း ပြောပြတယ်။
နှစ်စထောင် ခေါင်းပေါင်းဖြူ ဖော့လုံးနဲ့ ယောင်နဲ့ တောင်ရှည်ပုဆိုးနဲ့၊ သိုးရင်းအင်္ကျီနဲ့ စည်တော်အဖွဲ့ သားတွေက“မင်းရာဇာဧကရာဇ်ဘုရင်သည် တစ်ပြေခေတ်တွင် အရှိန်သရေလင်းစေဖို့ စိန်မြေသလင်း နတ်နန်းဝတိံ ကဲ့သို့ လျှပ်ပန်းတထိန်ထိန် ရှစ်ခန်းပလ္လင်ရတနာတို့နှင့် အသစ်ကြငှန်းထွင်ကာ၊ မနွမ်းအသရေမချို့ရအောင် နန်းတော်ရှေ့က နန်းသုံးစည်တော်ရွမ်း”လို့ စည်တောင်ဆင့် သီဆိုလိုက်တော့ စည်တော်သားတွေ ဂန္ဓာဗုံလေး တို့ခတ်၊ နှဲကြီးမှုတ်ပြီး သိုးရင်းအင်္ကျီလက်ပွ ကြီး မ ကာ မ ကာနဲ့ စည်ကြီးနား ဝေ့ဝိုက်ပြီး၊ တီးတော့ မယ့်ဟန်ပြင်ပြီးမှ မတီးဘဲ ဝေ့၀ဲနေတာကို သိပ်သဘောကျတာကိုး။ စည်ဆရာက ‘ဝမ်းဘဲ အင်းစံမင်းတရားကြီး လက်ထက်တွင် ၉ဆောင်သော တိုက်ခန်းတို့ကို ဗားမဲ့ဆရာတော်ကြီးကိုယ်တိုင် ဘုရင်မင်းမြတ်နှင့်တိုင်ပင်တော်မူပြီးလျှင် သိုက်စာထွက်ကိန်းခန်းနှင့် ညှိပြီးလျှင် အသိအမှတ် ပြု ထားခဲ့ကြောင်း‘ လို့ အစချီပြီး‘သောနှင့်သတ္တ၊အဋ္ဌန၀ သင်္ချာ၊ စွန်းကောဇာတွင် မိစ္ဆာလူမျိုး၊ စက်ရောင်ညှိုး၊ တန်ခိုးအာဏာပျောက်လတ္တံ့’ဆိုတဲ့ တဘောင်တွေရွတ်ပြီး ကုန်းဘောင်ရာဇဝင်ကို ခင်းကျင်းပြတယ်။ ကြားထဲမှာ စည်တော်သံတွေ လူးတာတွေလည်း ရွတ်ဆိုတယ်။
အိမ်တော်ရာဘုရားပွဲမှာ စည်တော်ကြီးကို အစကအဆုံးထိုင်ကြည့်လို့ အားမရသေးတော့ သီတင်းကျွတ်လပြည့် ကျောက်တော်ကြီး၊ ကုသိုလ်တော်၊ စန္ဒာ မုနိဘုရားပွဲတွေမှာလည်း ကုသိုလ်တော် ရင်ပြင်နဲ့ စန္ဒာမုနိကုန်းတော်တွေမှာစည်တော်ကြီးအဖွဲ့ ပါတတ်တယ်။ အဲဒီနေရာတွေအထိ သွားကြည့်ဖြစ်ပါတယ်။
ပါတော်မူပြီးနောက် နန်းတော်တွင်းမှာ အစဉ်အလာအရ တီးမှုတ်ခဲ့တဲ့စည်တော်ကြီး သမားစဉ်ပညာတွေကို အဆက်ဆက် လက်ဆင့်ကမ်းသင်ကြားပြီး မင်္ဂလာစည်တော်အဖွဲ့အနေနဲ့ နန်းတော်ရှေ့ရပ်မှာ ဆက်လက်တည်ရှိခဲ့ပါတယ်။ ရှေ့တော်တီးစည်ဆရာဖြစ်တဲ့ ဦးကျောက်လုံးထံကနေ ဆရာဇင်က စည်တော်ပညာသင်ယူခဲ့ပါတယ်။ ဆရာဇင့်ထံကနေ နန်းတော်ရှေ့က ကိုဘဦးတို့ ကိုဘကွန်းတို့က ပညာအမွေယူခဲ့ပြန်တယ်။ ဒါကြောင့် ကျွန်တော်တို့ သိမီတဲ့ခေတ်မှာ ဦးဘဦးရဲ့ နန်းတော်ရှေ့မဟာမင်္ဂလာစည်တော်ကြီးအဖွဲ့က ဘုရားပွဲတိုင်းမှာ ပွဲဦးက နေရာယူခဲ့ပါတယ်။ အခု… မန္တလေးမှာ တစ်ဖွဲ့တည်းသာကျန်တော့တဲ့ စည်တော်ကြီးအဖွဲ့လည်းဖြစ်ပါတယ်။
ဦးဘဦးရဲ့သား အသက် ၉၀ နီးပါးအရွယ်ရှိတဲ့ ဦးချိုက ဦးစီးနေတာပါ။ စည်တော်ကြီးအဖွဲ့က ဘုရားပွဲညမှာ စည်တော်သမားစဉ်အတိုင်း ရာဇဝင်ခင်းကျင်းပြီး စည်တော် တီးခတ်တယ်။ ကျွန်တော်တို့သိမီတဲ့ခေတ်မှာပဲ စည်တော်အဖွဲ့တွေက အခြားတူရိယာတွေဖြည့်ပြီး မင်းသားတွေ မင်းသမီးတွေပါလာသေးတယ်။ ဒီစည်တော်အဖွဲ့က မနက် ဘုရားပွဲဆွမ်းတော်ကြီးလောင်းတော့ တီးခတ်ကြသေးတယ်။ ရာချီရှိတဲ့ ဆွမ်းခံသံဃာတော်တန်းကြီးနဲ့ စည်တော်ကြီးသံဟာ မနက်ခင်းမှာ အင်မတန်ကျက်သရေရှိလှပါတယ်။
မန္တလေးဘုရားပွဲတွေက သီတင်းကျွတ်လဆန်းတာနဲ့ စတင်ကြတော့ အငြိမ့်တွေ၊ ဇာတ်တွေက ပွဲဦးထွက်သေတ္တာဖွင့် ကပြကြတယ်။ အများအားဖြင့် ဘုရားပွဲတွေက ၂ ရက်၊ ၂ ည ကျင်းပကြတာပါ။ အငြိမ့်တွေက အဲဒီ ၂ ညမှာ တစ်ညစီကပြကြပေမယ့် ဇာတ်တွေကတော့ ဘုရားပွဲ ၂ ညစလုံး ကပြကြတယ်။ အငြိမ့်က ကမယ့်ညမရောက်ခင် နေ့လယ် လောက်မှ အငြိမ့်စင်လာချပြီ။ အသင့်ပါပစ္စည်းတွေနဲ့ ချက်ချင်း ဆောက်နိုင်တယ်။ ညနေစောင်းတော့မှ အငြိမ့်ကားရောက်လာပြီး ပစ္စည်းဆင်၊ မီးဆင်တယ်။ ညခုနစ်နာရီလောက်ရောက်တော့ အငြိမ့်တီးဝိုင်းက ယိုးဒယား ကရောင်းရိုက်ပြီး ဧည့်ခံတီးလုံးတီးတယ်။ ညရှစ်နာရီလောက် အငြိမ့်စထွက်၊ ပထမဧည့်ခံသီချင်းပြီးရင် အော်ပရာအစီအစဉ်၊ နောက်… ရှေ့ထွက်မင်းသမီး၊ ပြီးရင် ယိမ်းထွက်တန်ထွက်၊ ပြီးမှ အလယ်ထွက်၊ နောက်တခန်းရပ်…၊ နောက် ခေါင်းဆောင်မင်းသမီး၊ အသိမ်းမှာ ပြဇာတ်…။ ဒါဆိုရင် သန်းခေါင်ကျော် နာရီပြန် ၁ ချက် ၂ ချက်လောက်ရောက်ပါပြီ။ အငြိမ့်သိမ်းပါပြီ။ အငြိမ့်က လမ်းဘေးမှာမို့ အစအဆုံးကြည့်ကြမယ့် အရပ်ခံတွေက ဖျာတွေ၊ ခုံရှည်တွေခင်းပြီး ကြည့်ကြတယ်။ ကျန်ပရိသတ်က ကြိုက်တဲ့အချိန် မိုးတိုးမတ်တပ်ဝင်ကြည့်၊ ကြိုက်တဲ့အချိန်ပြန်ရုံပါပဲ။ နည်းနည်းကြာကြာ ကြည့်ချင်ရင်၊ စင်ရှေ့က ထိုင်ကြည့်ကြတဲ့ ဖျာပရိသတ်ကြား တိုးဝှေ့ကြည့်ကြတာပါ။
နောက်ပိုင်း ဘုရားပွဲတွေမှာ မန္တလေးမြို့ခံတီးဝိုင်းတွေလည်း ထည့်လာကြတယ်။ မန္တလေးမှာက မြို့မတူရိယာအသင်းလိုပဲ။ မိုးကေသီတဲ့၊ သိင်္ဂီတဲ့၊ သင်္ဂဟတဲ့၊ နုယဉ်တဲ့၊ ဂီတလုလင်တဲ့၊ ဗဟိုတဲ့၊ ယဉ်မွန်တဲ့ ရှိတယ်။ ခေတ်ပေါ်အနေနဲ့ Shells တဲ့၊ Music Boy တဲ့ ရှိသေးတယ်။ ဒီတီးဝိုင်းတွေကလည်း ဘုရားပွဲခင်းထဲစင်ထိုးပြီး ဖျော်ဖြေတာပါ။ တစ်ခါတရံရန်ကုန်ကနာမည်ကြီးအဆိုတော်တွေလည်းပါတတ်တယ်။ ဒါပေမယ့် မန္တလေးမှာအစဉ်အဆက်အနေနဲ့ တီးဝိုင်း တွေမှာ အငြိမ့်ခန်းပါတတ်ပါတယ်။ ရှေ့ပိုင်းမှာ တီးဝိုင်းက အဆိုတော်တွေနဲ့ဖျော်ဖြေပြီးရင် နောက်ပိုင်းမှာ တီးဝိုင်းက တိမ်ထိုးတီးလုံးတီးပြီး အငြိမ့်ခန်းပါတတ်တယ်။ အထူးသဖြင့်မြို့မနဲ့ဆိုရင် အငြိမ့်ခန်းပါခဲ့တာ ဟို… ရှေး ရှေး… လေဘာတီမမြရင်တို့ ခေတ်ကတည်းကပါ။
တချို့ဘုရားပွဲကဇာတ်တွေကလည်း ဘုရားနဲ့မလှမ်းမကမ်း လမ်းဘေးလွတ်ရာနေရာမှာ ဝါးတွေနဲ့ ဇာတ်စင် အခိုင်အမာဆောက်ပြီး ဘုရားပွဲ ၂ ညစလုံး ကပြဖျော်ဖြေတယ်။ တော်တော်များများဇာတ်အဖွဲ့တွေက မင်းစင်ထိုးပြီးကကြတယ်။ မင်းစင်ဆိုတာ ဇာတ်ခုံရှေ့ပွဲခင်းမှာပဲ ဝါးတွေ၊ ဝါးကပ်တွေနဲ့ ပွဲကြည့်စင်တွေ ထိုးတယ်။ ပြီးရင် ၄ ပေပတ်လည်လောက်အမှတ်အသားပြုပြီး အဲဒီစင်ကို ပွဲကြည့်သူက ဝယ်ကြည့်ရတာပါ။ များသောအားဖြင့် အဲဒီရရှိတဲ့ မင်းစင်ဖိုးတွေက ဘုရားပွဲရဲ့ဖျော်ဖြေရေးအစီအစဉ်အတွက် တီးဝိုင်း၊ အငြိမ့်၊ ဇာတ်ငှားခတွေ တစ်စုံတစ်ရာ အသုံးတည့်တာပေါ့။
ဘာပဲပြောပြော…၊ မန္တလေးဘုရားပွဲတွေဟာ အခကြေးငွေတစ်ပြားမှပေးစရာမလိုဘဲ တီးဝိုင်းတွေ၊ အငြိမ့်တွေကြည့် နိုင်ကြတယ်။ ဒါဟာ လူထုသဘောဆောင်တဲ့၊ လူထုဖျော်ဖြေမှုပုံရိပ်တွေပါပဲ။
ဒါကို မန္တလေးကတစ်လျှောက်လုံး သုံးစွဲခဲ့တဲ့ စကားလုံးက “ကြည့်ချင်ပွဲ”တဲ့…။
#ဆူးငှက်
#Mandalay
#PagodaFestival
#ကြည့်ချင်ပွဲ
#စည်တော်ကြီး
#အငြိမ့်
#မန္တလေး