စစ်တပ်က လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် လိုင်ဇာအနီးက စစ်ရှောင် ၂၀ ကျော်သေဆုံး၊ ၂၀ ကျော် ဒဏ်ရာရ

အောက်တိုဘာ ၁၀၊ ၂၀၂၃
Shy V(VOM)
ကချင်ပြည်နယ်၊ လိုင်ဇာအနီး မုန်လျုင်ခက်ရွာရှိ ဝေကြိုင် စစ်ရှောင် စခန်းမှာ အောက်တိုဘာ ၉ ရက်ည ၁၁ နာရီခွဲဝန်းကျင်ခန့်မှာ စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် နေအိမ် ၅၀ ကျော် ထိခိုက် ပျက်စီးခဲ့ပြီး စစ်ရှောင် ပြည်သူ ၂၀ ကျော် သေဆုံးကာ ၂၀ ကျော် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း စစ်ရှောင်ပြည်သူတွေဆီက သိရပါတယ်။
“အခုမှ အိမ်ရောက်တာ။ အသက် ဆုံးရှုံးသွားတဲ့ လူတွေကို သန့်ရှင်းရေးလုပ်ပြီး ဆေးရုံမှာ ထားထားတယ်။” လို့ ဒေသခံ ပြည်သူ ၁ ဦးက ပြောပါတယ်။
သေဆုံးသူ ၂၈ ဦး ရှိပြီး သေဆုံးသူတွေကို ဒီနေ့ မနက် ၁၁ ရီမှာ သင်္ဂြိုလ်ဖို့ ပြင်ဆင်ထားတယ်လို့ သူက ပြောပါတယ်။
ဗုံးထိမှန်တဲ့ နေရာက ဝေကြိုင် စစ်ရှောင်စခန်း၊ ရပ်ကွက် ၆ က စစ်ဘေး ဒုက္ခသည် တန်းလျား ၂ ခုရှိ မိသားစု ၈ စု နဲ့ ကားဝပ်ရှော့ ၁ ခုက လုပ်သား ၁ ဦး သေဆုံးတယ်လို့ စစ်ရှောင် ပြည်သူ ၁ ဦးက ပြောပါတယ်။
“ထိသွားတဲ့ နေရာက ရစရာ မရှိတော့ဘူး။ ကြေမွှ သွားပြီ” လို့ သူက ပြောပါတယ်။

တန်းလျား ၁ ခုမှာ မိသားစု ၄ စုစီရှိတဲ့ အိမ်တန်းလျား၂ တန်းဆိုတော့ မိသားစု ၈ စု ထဲက ၂၇ ဦး သေဆုံးကာ ဝပ်ရှော့ ဆိုင် ၁ ခုက အလုပ်သမား ၁ ဦး သေဆုံးတယ်လို့ သူက ရှင်းပြပါတယ်။
ဒဏ်ရာရသူတွေလည်း အယောက် ၂၀ ကျော်ပြီး ထိခိုက် ပျက်စီးသွားတဲ့ နေအိမ် ၅၀ ကျော်ခန့် ရှိတယ်လို့ ဆိုပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းလိုင်ဇာဖြစ်စဥ်နဲ့ပတ်သက်ပြီးခုလိုပြောပါတယ်
“လိုင်ဇာသတင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့အနေနဲ့စုံစမ်းနေဆဲဖြစ်ပါတယ်၊တစ်ခုပြောချင်တာကကျွန်တော်တို့အနေနဲ့ကနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကိုအမြဲတမ်းထိန်းသိမ်းဆောင်ရွက်လျှက်ရှိပါတယ်၊ဒီလိုနယ်စပ်ဒေသနဲ့နီးတဲ့နေရာမှာညသန်းခေါင်အချိန်လောက်ကြီးမှာဗုံးကြဲတိုက်ခိုက်တယ်လို့၊လက်နက်ကြီးနဲပစ်ခတ်တယ်လို့ဆိုတာဖြစ်နိုင်မလားဆိုတာကိုစဥ်းစားစေချင်ပါတယ်၊ကျွန်တော်တို့ပြောခဲ့ပြီးဖြစ်ပါတယ်..တပ်မတော်အနေနဲ့ကတော့မည်သည့်ဌာနချုပ်မဆို..လက်နက်ကိုင်သောင်းကျန်းနေတဲ့သောင်းကျန်းသူတွေရဲ့မည်သည့်ဌာနချုပ်ကိုမဆိုကျွန်တော်တို့ပစ်ခတ်နိုင်တယ်၊တိုက်ခိုက်နိုင်ပါတယ် သို့သော်ကျွန်တော်တို့ပစ်ခတ်တိုက်ခိုက်မှုမရှိခဲ့ဘူးဆိုတာကိုပြောပြီးဖြစ်ပါတယ်၊ဖြစ်စဥ်ဖြစ်ပွားတဲ့နေရာမှာသတင်းအမျိုးမျိုးပြောနေကြပါတယ်၊အဲဒီအဖွဲ့အစည်းကိုယ်တိုင်ကသတင်းအမျိုးမျိုးပြောနေကြပါတယ်၊စစ်တပ်ကလေယာဥ်နဲ့ပစ်ခတ်တယ်၊တပ်မတော်ကလေယာဥ်နဲ့ပစ်ခတ်တယ်၊တချို့ကလက်နက်ကြီးနဲ့ပစ်ခတ်တယ်၊ဆိုတာမျိုးမသေမခြာ၊မရေမရာပြောနေတာမျိုးရှိတယ်၊ကျွန်တော်အတိအကျပြောနိုင်တာကတော့..အခုပေါက်ကွဲမှုဖြစ်တဲ့နေရာသည်..KIA အနေနဲ့မောင်းသူမဲ့လေယာဥ်တွေသုံးပြီးတော့တပ်မတော်စခန်းတွေကိုဒရော့ဗုံးလာချတဲ့နေရာဖြစ်ပါတယ်၊ဒါကြောင့်မို့လို့ဒီမှာပေါက်ကွဲမှုဖြစ်တယ်..ဒီပေါက်ကွဲမှုသည်ဘာကြောင့်ဖြစ်တယ်ဆိုတာကျွန်တော်တို့စုံစမ်းနေဆဲဖြစ်ပါတယ်၊ယခင်တုန်းကလိုင်ဇာအနီးမှာ KIA ရဲ့လက်နက်ခဲယမ်းသိုလှောင်ရုံတစ်ခုပေါက်ကွဲခဲ့ဖူးပါတယ်သူတိုအနေနဲ့သတင်းဖုံးကွယ်ပြီးလုပ်ခဲ့တာမျိုးရှိတယ်၊အခုလည်းဒရော့ဗုံးတွေသိုလှောင်တဲ့နေရာပေါက်ကွဲတာဖြစ်နိုင်ကြောင်းကျွန်တော်တို့သုံးသပ်ပါတယ်.မြေပြင်သတင်းတော့စုံစမ်းနေဆဲဖြစ်တယ်လို့” ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ကုန်ပိုင်းကလည်း ဖားကန့် အနန့်ပါမှာ စစ်တပ်က ဗုံးကြဲခဲ့တာကြောင် လူ အစုလိုက် အပြုံလိုက်သေဆုံးခဲ့ပြီး လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကလည်း လိုင်ဇာဗိုလ်လောင်း သင်တန်းကျောင်းကို လက်နက်ကြီးပစ်ထည့်ခဲ့‌တကြောင့် ၂၀ ကျော် သေဆုံးခဲ့ပါတယ်
Photo Crd# CJ

Related posts

Leave a Comment

VOM News

FREE
VIEW