ဆူးငှက်
လျှပ်ခြည်စေရော် ဇော်တခဲ
နဘန္တရာသံဝါခြိမ့်တယ်
လမ္ဗရာခြိမ့် နတ်စည်တော်
ပဏဝါအိမ် ပတ်လည်ဆော်သည်
ဝိုးဝင်းမိုးပြည့် ရှိန်အဝါမှာ
ဝတိံသူရာစစ်ရေးမြှူကြဆဲ။
ဝန်ထောက်တော် ဝက်မစွတ်မြို့စားက ကရကဋ်ရာသီဝါဆိုလကို ဤသို့ ဖွဲ့ဆိုခဲ့၏။ တလောဆီကတော့ မိုးကို မျှော်လွန်းသော မြန်မာပြည် အလယ်ပိုင်းဒေသအတွက် မျှော်မျှော်နိုင်လွန်းချည့် ဟု ကိုရွှေမိုးက ရွှေစိတ်တော်ညိုကာ ဒေါသတကြီးခုန်ချ အစွမ်းပြတော့သည်။
ဝါဆို ဝါခေါင် ရေဖောင်ဖောင် ဟု ဆိုရိုး ရှိခဲ့လေတော့ တောင်ဆီမှာမိုးတွေ ညို့လာလျှင်ဖြင့် မောင်ကြီးသည် မမလေးကို “မိုးရွာရင် နော်ဗျာ ဘာနဲ့ မိုးရပါ့၊ ပဒုမ္မာရွှေကြာရိုး၊ ထီးလုပ်လို့မိုး” ဟု ကယုကယင် ချော့နွဲ့လို့မရ။ ပဒုမ္မာရွှေကြာရိုး မဆိုထားနှင့် စတိန်းလက်စတီးစစ်စစ် လက်ကိုင်ရိုးနှင့် ခရမ်းလွန်ရောင်ခြည်ခံ ပိုးဖဲအရွက်ဆောင်း ဂျပန်နာမည်တံဆိပ်တပ် စက်မှုဇုန်ဖြစ် သံမဏိဖဲထီးနှင့်လည်း မမလေးကို ဒီမိုးဒဏ်က လွတ်အောင် မကာနိုင်ခဲ့။
”သည်မိုး၊ သည်မိုး၊ ဒေဝါ၊ မိုးတည့် မိုးဒေဝါ” တဲ့။ သီချင်းဂီတကို ကနဦး အစကတည်းက စတင်လေ့လာသင်အံမည့်သူသည် ထံတျာတေရှင် အစချီ ပုဇဉ်းတောင်သံကြိုးကို စည်းဝါးကိုင်ကာ အကျအန သင်ယူရကတည်းက “မိုး” နှင့် စသည်။ ဤသို့ ဤနှယ် မိုးကို သံယောဇဉ်ကြီးခဲ့၏။ ဟော နောက်တော့ “ညွှန်းရိုက်ဖြာငယ်လေး၊ မှိုင်းညို့မည်းမည်း၊ မိုးဣန္ဒာငယ်လေးညိုးရှိန်ဝါ ငယ်လေကြွေးရင့်နွှဲနွှဲ” လို့ ရယ်။
အညာသားများ နေပူကျဲတောက်မှာ နေရလေတော့ ကြိုးသီချင်းနဲ့ မိုးကိုမျှော်သည်။ ပတ်ပျိုးနှင့် မိုးကိုမျှော်သည်။ ဘွဲ့ခံပြီး မိုးကိုမျှော်သည်။ ဝန်ကြီးပဒေသရာဇာ မျှော်လိုက်တဲ့မိုးက သည်ကနေ့အထိ အတောမသတ်နိုင်တော့။ မိုးကိုမျှော်မယ့်သာ မျှော်၏။ မိုးဝေး ရေဝေးအရပ်မို့ မိုးလာလျှင်လည်းပြာသည်၊ မိုးသည်းတော့ မာန်ခဲသည်။ မိုးကြီးပြန်တော့ ဟည်းချသည်။ တကယ်တမ်း မိုးထဲရေထဲမှာဘာမှ မလုပ်တတ်တော့။
“မိုးစနေ၊ လေရာဟု” တတွတ်တွတ် ရွတ်ကာ မိုးကိုမော်ကြည့်နေသော်လည်း ”မိုးတစ်စက်၊ ရေတစ်ရွက်” ဆိုတာ သတိမထားမိကြ။ ”မိုးဖြူမစဲ၊ မိုးမည်းမရွာ” ဟု လှေနံဓားထစ် မှတ်ခဲ့ကြသောအခါ ”မိုးနှင့် နွားသိုးအစိုးမရ” တာ မေ့လျော့ကြတော့၏။ ”မိုးမပြိုဘူး၊ ပြိုခဲ့သော်” ဟု ကြံစည်တွေးတောလျှင် အတွေးခေါင်လှချည့်ဟု ငြူစူကြကာ ”မိုးပြိုအများနှင့်” ဟု ကမ္မသကာ ထားလိုက်တော့သည်။ ဤသို့သောမိုးနှင့် အကင်းမပါးလှသည့် အထက်ရွာ အထက်ရပ်သားများတည်း။
အညာနှင့်မိုး အစပ်အဟပ်မတည့်ပုံကို စိန္တကျော်သူဦးသြကပင် ဓနုဖြူချီစစ်ချီရတု၌ သြချဖွဲ့ဆိုခဲ့ရ၏။ အလောင်းမင်းတရား ရေတပ်ဓနုဖြူတွင် စခန်းချရပ်ရန် ဆိုက်ကပ်ချိန်က ပီဘိညအချိန်ဖြစ်သည်။ မှောင်နှင့်မည်းမည်းမှာ လှေတို့ မမြင်မကန်းဖြစ်ကြသည်။ အချင်းချင်း တိုက်မိရိုက်မိကာ ရောထွေးကုန်သည်။ ထိုအခိုက် မိုးသက်မုန်တိုင်းကလည်း ရုတ်ခြည်းကျလာ၏။ ထိုအခါ လှိုင်းရုတ်တရက် ကြီးသည်။ ဝဲထသည်။ လှေတို့ ဝရုန်းသုန်းကား ဖြစ်ကုန်သည်။ ချိတ်မကူနိုင်၊ ပဲ့လည်းမတတ်သာ၊ ထိုးဝါးလည်း မထောက်သာတော့။ သည်မိုး၊ သည်လေမှာ ကုန်းခေါင်ခေါင်က ရတနာသိင်္ခသားတို့ ကြီးစွာသော အခက်အခဲဖြစ်ကုန်၏။ တချို့ ရေထဲကျ၊ တချို့ ကြောက်လန့်တကြားကူးခတ်၊ တချို့ ရေမြှုပ်၊ တချို့က နီးရာသင်ပေါင်းပင်၊ ကိုင်းပင်တို့ကိုအလန့်တကြားဆွဲ၊ တချို့ ရေစပ်သစ်ပင်မှာ ဖက်တွယ်။ မိုးကလည်း အောက်မိုးအောက်လေ ပီသစွာအသည်းအသန်။ ဒါကို စိန္တကျော်သူက အမှတ်တရဖွဲ့သည်။ ကြည့်
“ဓနုဖြူတွင်၊ ထွက်သိုက်ဝင်လျှင်၊ စက်ရှင်ရွှန်းတောက်၊ စံကွန်းထောက်က၊ တောင်မြောက်အုပ်မှိုင်း၊ ရှေ့အတိုင်းလျှင်၊ မှီခိုင်းကမ်းရပ်၊ တင်းကြမ်းစပ်မျှ၊ မလိပ်ဆိပ်ခင်း၊ လေပြင်းလှိုင်းရိုက်၊ ဝဲဝိုက်ကလိုင်၊ မနိုင်ခိုင်းသက်၊ ပဲ့ထက်မစား၊ ထိုးဝါးမမီ၊ ခတ်ချီမပါ၊ ရေကြီးရာတွင်၊ ရှုပ်သာလှေချင်း၊ ဦးသွင်းပဲ့ဆုတ်၊ ချိတ်ကုတ်မမြဲ၊ ရေထဲကူးသား၊ မြှုပ်မွမ်းစုပ်ဖွား၊ ကြိုးဖျားငင်စွဲ၊ ခုန်ဆွဲဘောင်ကိုင်း၊ ကမ်းယံခိုင်း၍၊ လှေတိုင်းပဲ့ပန်း၊ စခန်းမလှ၊ ဆိုက်ကြရသည်၊ ချုပ်ညမှိုင်းဝေရီတော့၏” တဲ့။
မည်သို့ဆိုစေ အထက်အညာအရပ်သားက မိုးနှင့်ရေကိုချစ်ပါသည်။ မိုးနှင့်ရေကို မျှော်ပါသည်။ မိုးဝေးရေဝေး အရပ်သားများဖြစ်သောကြောင့် မိုးနှင့်ရေ၏ ပရိယာယ်ကိုလည်း ကြောက်ကြတာ သေချာပါသည်။