YGEA က ရွှေရည်ညွှန်းဈေးကို ဈေးကွက်ဈေးနှုန်းအဖြစ် ပြောင်းလဲထုတ်ပြန် ၊ ပြင်ပဈေးကွက်ကို မသက်ရောက်နိုင်ကြောင်း သုံးသပ်

အောက်တိုဘာ ၁၂ – ၂၀၂၃
SN (VOM)
ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က အသင်းရဲ့ ရွှေရည်ညွှန်းဈေးကို ဒီ‌ကနေ့ အောက်တိုဘာ ၁၂ ရက်၊ မနက်ပိုင်းမှစတင်ကာ ဈေးကွက်ဈေးနှုန်းအဖြစ် ပြောင်းလဲ ထုတ်ပြန်လာတာကို တွေ့ရပါတယ်။
ဘဏ်တွေအကြား ဗဟိုဘဏ်ရဲ့ အွန်လိုင်းဈေးကွက်ကနေ အရောင်းအဝယ်ဖြစ်တဲ့ ဒေါ်လာပေါက်ဈေးနဲ့ တွက်ချက် ထုတ်ပြန်ခြင်းဖြစ်တယ်လို့ သိရပြီး ဒီကနေ့မနက် ၁၀ နာရီ ဈေးကွက်အဖွင့်ဈေးနှုန်း အခေါက်ရွှေ တကျပ်သား ၂၉၃၅၁၀၀ ကျပ် ဖြစ်ကာ နေ့လယ် ၁၂ နာရီခွဲ ပေါက်ဈေးကတော့ ၂၉၃၈၂၀၀ ဖြစ်တယ်လို့ သိရပါတယ်။
\
“အခု ကျွန်တော်တို့ တွက်နေတာက ဘဏ်တွေက အချင်းချင်း ‌အရောင်းအဝယ်လုပ်တဲ့ဈေးပေါ့နော်။ ဈေးကွက်ပေါက်ဈေးနဲ့ တွက်နေတာ ဒေါ်လာဈေးကို၊ အဲ့ဒါကြောင့် ဒီ ရောင်းတဲ့ဝယ်တဲ့နေရာမှာလည်း ဈေးကွက်ပေါက်ဈေးကို သတ်မှတ်ပေးတဲ့သဘောပါပဲ။ အဲ့ဒါကလည်း ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီကနေပြီးတော့ လမ်းညွှန်တာပါပဲ။ အရင်တွက်နေတာက ၂၉၃၂ နဲ့ တွက်တယ်။ အပြင်မှာက ၂၉၃၃ လည်းရှိတယ်၊ ၂၉၃၂ လည်း ရှိတယ်၊ နောက် ဟွန်ဒီဈေးတွေလည်း ရှိတယ်။ အဲ့ဒါတွေနဲ့မတွက်ဘဲ ဘဏ်တွေကနေ အချင်းချင်း အရောင်းအဝယ်လုပ်တဲ့ဈေးနဲ့ တွက်ချက်တဲ့ဈေးနှုန်းပေါ့။ အဲ့ဒါနဲ့ လိုက်ရောညီထွေဖြစ်အောင်လို့ ဈေးကွက်ဈေးဆိုပြီး ပြောင်းလိုက်တာပါပဲ” လို့ YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။
ဒါ့အပြင် နောက်ပိုင်းမှာလည်း ဗဟိုဘဏ်အနေနဲ့ ဘဏ်တွေအကုန်လုံးကို ဒေါ်လာအဆက်မပြတ် ထုတ်ရောင်းပေးတော့မှာဖြစ်တဲ့အတွက် YGEA ဈေးကွက်ပေါက်ဈေးနဲ့ ပြင်ပပေါက်ဈေးကို ဈေးတန်းတခု ထိန်းညှိနိုင်တော့မှာဖြစ်တယ်လို့ သူက ပြောပါတယ်။
“လက်ရှိမှာ အပြင်က ပုဂ္ဂလိကတချို့၊ အရောင်းအဝယ်လုပ်တဲ့သူတွေက အပြင်ဒေါ်လာဈေးနဲ့တွက်ပြီး ရောင်းနေကြတာကိုး။ ဆိုင်သမားတွေကတော့ သိန်း ၃၀ ပတ်ချာလည်နဲ့ သွားနေတာပါပဲ။ နောက်ပိုင်းမှာ ဒီဈေးက ပြန်ပြီး ညီသွားမှာပါပဲ။ လောလောဆယ်တော့ တဖြည်းဖြည်းချင်းတော့ ဈေးချနေတယ်။ အခုက ကမ္ဘာ့ဈေးလည်းကျတယ်၊ ဒေါ်လာဈေးလည်းကျတယ်။ ကောလာဟလက တခါတခါ တက်လာတဲ့အခါကျတော့ ဈေးနှုန်းက ပြန်ပြန်တက်သွားတာပေါ့။ နောက်တခုက အမြင့်ဈေးနဲ့ ဝယ်ထားတဲ့သူတွေကလည်း ဈေးကျတဲ့အခါမှာ ဝိုင်းပြီးတော့ ဝယ်ကြတဲ့အခါကျတော့ ဈေးနှုန်းက ဝေါကနဲကျမသွားဘဲ တဖြည်းဖြည်း ကျနေတဲ့သဘောပါပဲ။ ဒီရာသီကတော့ အ‌ရောင်းအဝယ်လည်း အေးနေတယ်၊ ဈေးနှုန်းလည်း အကျပိုင်းကို သွားနေပါတယ်” လို့ YGEA ဥက္ကဋ္ဌက ပြောပါတယ်။
YGEA သတ်မှတ်ဈေးနဲ့ မရောင်းတဲ့အတွက် အရေးယူမှုအပိုင်းနဲ့ပတ်သက်လို့ လေပက်ကားတွေ၊ စည်းကမ်းမဲ့ နိုင်ငံခြားတင်ပို့တာတွေ၊ နယ်စပ်ဖြတ်ကျော်တာတွေ၊ ဈေးကစားတာတွေကို ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီက အရေးယူ ဆောင်ရွက်နေတာတွေ ရှိတယ်လို့ သိရပါတယ်။
အခုလို YGEA အနေနဲ့ ရွှေရည်ညွန်းဈေးကို ဈေးကွက်ဈေးနှုန်းအဖြစ် ပြောင်းလဲ ထုတ်ပြန်တာနဲ့ ပတ်သက်လို့ ရွှေလုပ်ငန်းရှင်တဦးက “ရည်ညွှန်းဈေးကတော့ သူဟာနဲ့သူရေးနေတာပါပဲ။ ကျွန်တော်တို့ ဘာမှတောင် ဝင်မဖတ်ကြည့်ပါဘူး။ ပြင်ပ ဈေးကွက်ကိုလည်း အကျိုးသက်ရောက်မှု မရှိပါဘူး။ လက်ရှိ ပြင်ပဈေးကွက်ပေါက်ဈေးက ၃၄ သိန်းလောက် ရှိတယ်လေ၊ အဲ့ဒီ့တော့ သူတို့သတ်မှတ်ဈေးက ဈေးကွက်ပေါက်ဈေးတော့ မဟုတ်ပါဘူး။ သူတို့ဘာသာသူတို့ ရည်ညွှန်းဈေးကို ဒေါ်လာဈေးတွေဘာတွေ ပြောင်းပြီးတွက်လိုက်လို့ မြင့်သွားတဲ့သဘောပါပဲ။ နောက်ပိုင်းမှာလည်း ပြင်ပပေါက်ဈေးနဲ့ YGEA ဈေးနဲ့ တူညီလာနိုင်ဖို့ မရှိပါဘူး။ YGEA ရဲ့ဈေးက သူ့ဘာသာသူ သီးသန့်လို ဖြစ်နေတာပါ။ ပြင်ပဈေးကွက်ပေါက်ဈေးကလည်း ပြင်ပဈေး သီးသန့်လို ဖြစ်နေတဲ့အတွက် ဘယ်လိုမှ တူနိုင်စရာတော့ မရှိပါဘူး။ YGEA ကတော့ ဗဟိုဘဏ်ညွှန်ကြားချက်နဲ့အညီ သူ့တာဝန်၊ သူ့ဝတ္တရားအတိုင်း သူလုပ်နေတာပါပဲ။ ပြင်ပဈေးကွက်ကိုတော့ အကျိုးသက်ရောက်မှု မရှိပါဘူး” လို့ ပြောပါတယ်။
YGEA အနေနဲ့ ရွှေရည်ညွှန်းဈေးကို အရင်က ဗဟိုဘဏ်ငွေလဲနှုန်း ၂၁၀၀ ကျပ်နဲ့ တွက်ချက်ပြီး ထုတ်ပြန်နေရာကနေ အောက်တိုဘာ ၇ ရက်နေ့မှ စတင်ကာ ဗဟိုဘဏ်လေလံဈေး ၂၉၃၂ ကျပ်နဲ့ ပြောင်းလဲတွက်ချက် ထုတ်ပြန်ခဲ့ပြီး ဒီကနေ့ အောက်တိုဘာ ၁၂ ရက်နေ့မှာတော့ အွန်လိုင်းဈေးကွက်ကနေ အရောင်းအဝယ်ဖြစ်တဲ့ ဒေါ်လာပေါက်ဈေးနဲ့ တွက်ချက်ကာ ရွှေရည်ညွှန်းဈေးကို ဈေးကွက်ဈေးနှုန်းအဖြစ် ထပ်မံပြောင်းလဲ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW