ပဲခူးတိုင်းမှာ ရေကြီးမှုဒဏ်ကြောင့် စပါးစိုက်ဧက ၁ သိန်းဝန်းကျင်နဲ့ မြေဩဇာဂိုဒေါင်၊ဆန်ပွဲရုံ သီးနှံတွေ ပျက်စီးမှုရှိခဲ့

အောက်တိုဘာ ၁၄-၂၀၂၃
MM- GG (VOM)
ပဲခူးတိုင်းမှာ ရေကြီး ရေလျှံမှုဒဏ်ကြောင့် တမြို့လုံးနီပါး ပျက်စီးမှုရှိခဲ့တဲ့အပြင် ရိတ်သိမ်းခါနီးစပါးခင်း တွေအပါအဝင် လယ်ဧက တစ်သိန်းဝန်းကျင် မြေဩဇာဂိုဒေါင်တွေ၊ဆန်ပွဲရုံတွေလည်း ရေနစ်မြုပ်ပျက်စီးခဲ့ရတာတွေရှိခဲ့ပါတယ် ။
” ကနဦးသိရတာကတော့ လယ်သမားကြီးတွေခန်းမှန်းမှုအရပေါ့ လယ်ဧက ၁ သိန်းလောက်ပျက်စီးမှုရှိတယ်ပေါ့၊ စာရင်းအတိကျကတော့ ထွေအုပ်ကပဲ ပိုပြီးသိမှာပါ ” လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (ဒေသကော်မတီ-၁) ပဲခူးခရိုင် ဥက္ကဌ ဦးအောင်မြင့်ကပြောပါတယ်။
စပါးခင်းတွေအဓိကရေနစ်မြုပ်ခြင်းခံနေရတာက ပဲခူး၊ ဝေါ၊ ကျောက်တံခါး၊ ညောင်လေးပင်၊ ရွှေကျင်၊ ဒိုက်ဦး၊ ကဝ၊ သနပ်ပင် မြို့နယ် တွေမှာဖြစ်ပြီး အဓိက ရိတ်နေဆဲ၊ရိတ်သိမ်းရတော့မယ့် စပါးခင်းတွေဖြစ်တယ်လို့ သိရပါတယ်။
”နှစ်တိုင်းရေကြီးတဲ့ဖြစ်စဉ်တွေဖြစ်တယ် အခုနှစ်က အခုဆိုး ဆုံးပဲ။ အခုနှစ်ရေကြီးတာက ၄ ရက်လောက်တောင်ဆိုတော့ ရိတ်မယ့်စပါး တွေလည်း ရေနစ်မြုပ် ပုပ်ပွပျက်စီးကုန်တာ ၊ ဘာမှကိုပြန်မရ တဲ့အထိပျက်စီးကုန်တာ၊ပဲခူးရယ် ၊သနပ်ပင်ရယ်၊ ကဝရယ်၊ ဒိုက်ဦးရယ် စတဲ့မြို့တွေ မှာ စပါးခင်းတွေ အများဆုံး ပျက်စီးခဲ့တာလို့သိရတယ်၊ လောလော ဆယ်တော့ ဒီလောက် ပဲသိရတယ်။”လို့ ပဲခူးတိုင်းက လယ်သမားအရေး ဆောင်ရွက်သူ တဦးကပြောပါတယ်။
ပဲခူးတိုင်း အစိုးရအဖွဲ့နှင့် နီးစပ်သူ တဦးကလည်း ” ပဲခူးတိုင်းမှာ နှစ် ပေါင်း ၆၀ နီးပါးအတွင်းမိုးက စံချိန်တင်မိုးရွာသွန်းခဲ့တာ၊ စပါး စိုက်လယ်မြေတွေ ပျက်စီးတာ မနည်းရှိခဲ့တယ်၊ ဘယ်လောက် ပမာဏအထိ ပျက်စီးသွားတယ်ဆိုတာကို တိုင်းအဆင့် တာဝန်ရှိ သူတွေနဲ့ မြေပြင် အထွေထွေ အုပ်ချုပ်ရေးဌာန၊ ဆည်းမြောင်းနဲ့ ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနစတဲ့ စိုက်ပျိုးရေးနဲ့ ဆက်စပ်တဲ့ဌာနအဖွဲ့အစည်းတွေပေါင်းစပ်ပြီး မြေမြင် စာရင်းကောက် ယူနေပါတယ်၊ လာမယ့် တပတ်လောက် မှာ စရင်း အတိတကျရမယ်။”လို့ ပြောပါတယ်။
အလားတူ ရေကြီးမှုဒဏ်ကိုအဓိကခံခဲ့ရတဲ့ ပဲခူးမြို့ပေါ်မှာ မြေဩဇာ ဂိုဒေါင်တွေဆန်ပွဲရုံတွေ ၊ သီးနှံသိုလှောင်ရုံတွေ ပါ ထိခိုက်ပျက်စီးမှုရှိခဲ့ရာ တချို့မှာ သိန်း ၄၀၀ လောက်အထိ ပျက်ဆီးဆုံးရှုံး နစ်နာမှုပင်ရှိခဲ့တယ်လို့ ကနဦးအချက်လက်တွေအရ သိရပါတယ်။
မြေဩဇာဂိုဒေါင်ထဲရေဝင်လို့ ပျက်စီးဆုံးရှုံးမှုရှိခဲ့တဲ့ ဇောတိကစိုက်ပျိုးရေးဆိုင်ပိုင်ရှင်ဖြစ်သူက “ပုလဲအိတ်တွေကများတယ်၊ မြေဆီ အိတ်တွေ ၄၀၀ ကျော်လောက်ရှိတယ်၊ရေနစ်မြုပ်တာ၊ ပုလဲတွေဆိုတော့ အိပြီးစိုကုန်တာပေါ့၊ရေနစ်လို့ အရေထွက်နေတဲ့ မြေဆီတွေကိုတော့ တောင်သူတွေကိုအလကားပေးတာတောင် လာယူသူမရှိဘူး၊ရောင်းလို့ရတဲ့ အိတ်တွေကိုတော့ရောင်းဖို့ ကြေငြာထားတယ်၊တခြားနယ်ကတောင်သူတွေလိုအပ်လို့ ဝယ်ရင်တော့ အရှုံးနည်းနည်းသက်သာမှာပေါ့၊မဟုတ်ရင်တော့ သိန်း ၄၀၀ လောက်ဆုံးရှုံးမယ်လို့ခန့်မှန်းရတယ် ” လို့ ပြောပါတယ်။
ရေနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတွေထဲမှာ မြေဩဇာသိုလှောင်တဲ့ဂိုဒေါင်တွေအပြင် ဆန်ပွဲရုံတွေ စတဲ့ကုန်ပစ္စည်းတွေ၊ နေအိမ်ထဲက စက်ပစ္စည်းတွေ၊အဝတ်အစားတွေ စသဖြင့် ရေနစ်မြုပ်ခံရတဲ့ ပစ္စည်းတွေအကုန်လုံး ပျက်စီးဆုံးရှုံးခဲ့ရသလို အမျိုးသား ၂ ယောက်လည်းသေဆုံးမှုရှိခဲ့ တယ်လို့သိရပါတယ်။
လက်ရှိပဲခူးမှာ ရေပြန်ကျသွားတယ်ဆိုပေမယ့် တချို့အနိမ့်ပိုင်းရပ်ကွက်တွေမှာတော့ ရေကျန်နေ ​သေးတာကြောင့် စားသောက်ချက်ပြုတ်လို့မရသေးသူတွေကို ထမင်းဗူးတွေ ပေးဝေမှုဆက်လုပ်ကိုင် နေရတုန်းဖြစ်တယ်လို့သိရပါတယ်။
” ရေကျတော့လည်း လှေတွေပြန်သိမ်းရတာနဲ့တင် အလုပ်ကဖြစ်နေတယ်၊ ရွှံ့တွေတင်ကျန်တာတွေကို ရှင်းလင်းရေးတွေလုပ်နေတယ်၊ အနိမ့်ပိုင်းလောက်ပဲ ရေကကျန်တော့တယ်၊ ရေကျန်တဲ့နေရာတွေ စခန်းတွေကမပြန်သေးတဲ့သူတွေကတော့ ထမင်းထုတ်တွေဝေနေရတုန်းပဲ ၊ လူ ထောင်ဂဏန်းလောက်တော့ရှိသေးတယ် ” လို့ လူမှုကူညီရေး သမားတစ်ဦးကပြောပါတယ်။
လက်ရှိမှာ ရေပြန်ကျသွားတဲ့နေရာတွေကို ရှင်းလင်းရေးနဲ့ထူထောင်ရေးလုပ်ငန်းကိုလုပ်နေဆဲဖြစ်လို့တမြို့လုံးအတိုင်းအတာနဲ့ ထိခိုက်ပျက်စီးမှုစာရင်းအတိကျကိုတော့ မသိရှိရသေးကြောင်း ၊ သက်ဆိုင်ရာ ဌာနအလိုက် စာရင်းကောက်မှုတွေတော့ လုပ်နေတယ်လို့ သိရပါတယ်။
” ရေကလည်းမကျသေးတော့ မသိရသေးဘူး၊ကျနော်တို့ဆီလည်း အချက်အလက်တွေက တက်မလာသေးဘူး ၊ တံတားဆိုတံတား၊လမ်းဆိုလမ်း ၊လျှပ်စစ်ဆို လျှပ်စစ်ပေါ့ကဏ္ဍအလိုက် စာရင်းကောက်ရမှာပေါ့ ၊ခုထိတော့ မသိရသေးဘူး ” လို့ တိုင်း သဘာဝဘေးအန္တရာယ်ကွပ်ကဲရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ရေပြန်ကျသွားတဲ့ နေရာတွေထဲက ဆေးရုံ ၊ စျေး စတဲ့နေရာတွေကို မီးသတ်တပ်ဖွဲ့ဝင်တွေက ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေနဲ့ ရှင်းလင်းရေးတွေကို ဆောင်ရွက်နေကြပြီး ရေဘေးသင့်သူတွေအနေနဲ့လည်း နေအိမ်ထဲရေဝင်လို့ ကျန်ရှိရေကို စက်နဲ့စုပ်ထုတ်လိုပါက ကျေးလက်ဖွဲ့ဖြိုးရေးဌာနကို ဆက်သွယ်အကူအညီတောင်းနိုင်တယ်လို့ အသိပေးထားပါတယ်။
စပါးစိုက်ခင်း ရေနစ်မြုပ် ပျက်စီးဆုံးရှုံးသူတွေကတော့ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနနဲ့ သက်ဆိုင်ရာမြို့နယ် အာဏာပိုင်တွေဆီ တင်ပြပြီး အကူအညီတောင်းခံနိုင်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်ကပြောဆိုထားပါတယ်။
ပဲခူးတိုင်း တစ်ခုလုံး အတိုင်းအတာနဲ့ ယခု ၂၀၂၂ – ၂၀၂၃ ခုနှစ် မှာ မိုးသီးနှံစိုက်ပျိုးရာ သီမှာ မိုးစပါး လျာထားဧက ၂၆၀ ၀၀၀ ကျော်အထိ စိုက်ပျိုး လျက်ရှိပြီး ပေါ်ဆန်း ၊ GW -11 ဧရာမင်း ၊ GW-1 ဧရာပဒေသာ၊ မနောသုခ ၊ ရက် ၉၀ စတဲ့စပါးအမျိုး အစားတွေကို အများဆုံး စိုက်ပျိုးထားတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW