လွမ်းသနော် ဘုရားပွဲတော်

 

ဆူးငှက်

ရတနာပုံနန်းမြို့တော်ကြီး၏ တနင်္ဂနွေထောင့်တွင် သကျမာရဇိန် ကျောက်တော်ကြီးဘုရား၊ မဟာလောက မာရဇိန် ကုသိုလ်တော်ဘုရား၊ စန္ဒာမုနိဘုရားတို့မှာ တစ်နေရာတည်းတွင် သုံးပွင့်ဆိုင် သပ္ပာယ်စွာ တည်ရှိသည်။ ရှေးကမူ သီတင်းကျွတ်လဆန်း (၁၄)ရက်၊ (၁၅) ရက် နှင့် လပြည့်ကျော် (၁)ရက်အထိ (၃)ရက် ကျင်းပခဲ့သော ကျောက်တော်ကြီး ဘုရားပွဲတွင် ရုပ်စုံအမြင့်သဘင်၊ ဇာတ်ပွဲ၊ အံ့ပွဲ၊ ဆိုင်းပွဲများ ပါဝင်သဖြင့် သီတင်းကျွတ် လပြည့် မီးထွန်းပွဲနှင့်အတူ ကျိတ်ကျိတ်တိုး စည်ကားလှမှာ သေချာသည်။ စန္ဒာမုနိဘုရားအရုဏ်ခံနှင့် စေတီတော်ကြားတွင် ရှေးက ကနောင် မင်းသားကြီး၏ အုတ်ဂူရှိခဲ့သဖြင့် အိမ်ရှေ့မင်း၏ အနွယ်တော်များ က ထိုရက်၌ လာရောက်ကာ ပန်းဆီမီးတို့ဖြင့် ပူဇော်ကန်တော့ကြသည်။

ကုသိုလ်တော် ဘုရား၌လည်း အောင်ပင်ကန်၊ နန္ဒာကန်တို့ကိုအမှီပြု၍ လယ်ယာမြေလုပ်ကိုင်ကြသော လမိုင်း သားတို့က မိမိတို့ရွာအသီးသီးမှ လှည်းတပ်ကြီးချီကာ ဘုရားပွဲအမီ လာရောက်ကြပြီး လှည်းဝိုင်းကြီးများဖြင့် စတည်းချရပ်နားကာ ပွဲကြည့်၊ ဆွမ်းကပ်၊ ဆွမ်းကြီးလောင်းလှူကြသည်မှာ ရှေးစဉ်ဆက်မပျက်ဖြစ်သည်။ မန္တလေး ကျောက်တော်ကြီးဘုရားပွဲက မင်းတုန်းမင်းကြီး ကောင်းမှု ဘုရားပုထိုးများဖြစ်သလို၊ အိမ်ရှေ့မင်းနှင့်လည်းသက်ဆိုင်သော ဘုရားပွဲလည်း ဖြစ်သည်။ ထို့ကြောင့် ရှေးကတည်းက မင်းဆွေမင်းမျိုး အနွယ်တော်များကိုယ်တိုင် လာရောက်ဆင်နွှဲသော ပွဲကြီးလည်းဖြစ်၏။ ဘုရားများ၏ ဂေါစဝဏ်ကလည်း မန္တလေးအရှေ့ပြင် နန်းတော်ရှေ့သာမက ပုသိမ်ကြီးနယ်အတွင်းမှ နန္ဒာကန်၊ အောင်ပင်လယ် ကန်ရေသောက် ကျေးရွာများအထိ ပါဝင်သဖြင့် လမိုင်းသား ကျေးလက် ပြည်သူများလည်း ရွာလုံးကျွတ်မျှ အိမ်ကိုဆူးဆို့၊ ကလေးလက်တို့၊ ခွေးအို့အို့ခေါ်ကာ လာရောက် ဆင်နွှဲကြသည့် ပွဲတော်ကြီး ဖြစ်သည်။ ထို့အတူ သကျမာရဇိန် ကိုယ်တော်ကြီး၏ မူလဇာတိ ကျောက်တော်မြတ် ထွက်ရှိရာ မတ္တရာနယ် စကျင်ရွာ ကလည်း ရွာလုံးကျွတ် ဆွမ်းကပ်လှူဒါန်းကြသည်။

ကုသိုလ်တော်နှင့် မဟာအတုလဝေယန်ဘုံသာ ကျောင်းတိုက်ကြီးအကြား မင်္ဂလာကန်တော်ကြီးတွင် ကရဝိက်ဖောင်ကြီး ဆင်ကာ ဗုံတောင်သံဖြင့် ရေခင်းတီးလုံးများ တီးခတ်ပြီး ကန်တော်တွင်းလှည့်လည်ကာ ဆွမ်းကပ် ဆီမီးပူဇော်သည်။ ကုသိုလ်တော်ရင်ပြင်နှင့် စန္ဒာမုနိစိန်တောင်ပတ် ပစ္စယံများပေါ်၌လည်း ရွှေနန်းတော်ကြီး၏ အဆက်အနွယ် နန်းတော်ရှေ့ မင်္ဂလာစည်တော်ကြီးအဖွဲ့က သိုးရင်းဖြူ၊ တမာရွက်ထောင့် ဖောလုံးခေါင်းပေါင်း၊ တောင်ရှည်ပုဆိုးများဖြင့် ရိုးရာအစဉ်အလာမပျက် စည်တော်သံများ တီးခတ်နေကြ၏။ မန္တလေးတောင်ခြေ ဦးခန္တီပြတိုက် အနီးမှာလည်း လှည်းဝိုင်းကြီးဟည်းလို့၊ ကုသိုလ်တော်ဘုရား အနောက်မုခ် ကြည့်ချင်ပွဲ ဇာတ်အဖွဲ့တွေ နားမှာလည်း လှည်းဝိုင်းကြီး တမျှော်တခေါ်၊ ကျောက်တော်ကြီးဘုရားအနောက်မုခ်၊ တောင်မုခ် သုဓမ္မာဇရပ်တန်း အနီးတွေမှာလည်း လှည်းဝိုင်းကြီးက ဝင်္ကပါ။ ကုသိုလ်တော်ဘုရားအရုဏ်ခံတန်ဆောင်းတွေထဲစိန်ဘီး၊ စိန်ဆံထိုး၊ ပိုးဖဲဗြန့်ထဘီတို့ဖြင့် ကွမ်းတောင်၊ ပန်းတောင်များ ပြင်ဆင်ကာ ဆွေတော်မျိုးတော်တို့ကလည်း ဆွမ်းတော်ကြီးကပ်လှူရန် ပြင်ဆင်နေကြ၏။ စန္ဒာမုနိဘုရား အရှေ့မုခ်တွင် ကြည့်ချင်ပွဲ ရုပ်သေးစင်က လှည်းဝိုင်းကြီး ပတ်ရံထားသည်။

ကုသိုလ်တော်နှင့် စန္ဒာမုနိဘုရားအနောက်မုခ်နှင့် ကျောက်တော်ကြီး တောင်ဖက်မုခ်အနီး ကွက်လပ်ကြီးများတွင် သာသနာ့အလံကြီးများ တလူလူလွှင့်ကာ မီးလုံးရောင်စုံတန်းများဖြင့် ဇာတ်ရုံကြီးများကလည်း ဂိတ်ရှိုးပိုစတာ ဧရာမကြီးများ ဖြင့် ကျိတ်ကျိတ်တိုးနေသည်။

ဘုရားသုံးဆူကြား၌ ယာယီဆိုင်တန်းများဖြင့် ၁၂ပွဲဈေးသည်များက အညာထွက်ချည်ထည်၊ လယ်ယာသုံးပစ္စည်း၊ လက်မှုပစ္စည်း၊ အဝတ်အထည်များ စသည်ဖြင့် ရောင်းချကြသလို၊ မုန့်ခေါင်းအုံး၊ မုန့်သိုင်းခြုံ၊ ကရေကရာ၊ မုန့်ဆီကြော်၊ မုန့်လင်မယား၊ ထိုးမုန့်၊ မုန့်ဖက်ထုပ်၊ ချွေတာရေးမုန့် စသည်ဖြင့် မြန်မာမုန့်အမျိုးမျိုး ရောင်းချသော ဆိုင်ကြီးများ၊ ကောက်ညှင်းပေါင်း၊ ဆီထမင်း၊ အကြော်စုံပူပူနွေးနွေး ကြော်လှော်ရောင်းချနေသော ဒို့ဗမာအကြော်ဆိုင်ကြီးများ၊ ကြာဆံဟင်း၊ မုန့်ဟင်းခါး၊ မုန့်တီ၊ ခေါက်ဆွဲ၊ အုန်းနို့ခေါက်ဆွဲ၊ ရွှေရင်အေး၊ ရှာလပတ်ရည် စသော အစားအသောက်များ ရောင်းချသော ဆိုင်ကြီးများဖြင့်လည်း တိုးမပေါက်ခဲ့။ ဘုရားဝင်းများအတွင်းမှ တည်တည်ခံ့ခံ့ စည်တော်သံ၊ မင်္ဂလာကန်တော်အတွင်းမှ အေးအေးငြိမ့်ငြိမ့် ရေခင်းသံ၊ ပွဲခင်းအတွင်းဇာတ်ပွဲ၊ မျက်လှည့်ပွဲ၊ အံ့ပွဲ၊ ဈေးဆိုင်များမှ သံချဲ့စက်သံဆူဆူညံညံ၊ ကျောက်တော်ကြီးဘုရားပွဲကား မန္တလေး မင်းကြိုက်စိုးကြိုက်နှင့် အညာ ကျေးလက် ရနံ့ ပေါင်းဆုံသင်းထုံခဲ့သော မန္တလေးဘုရားပွဲ ဖြစ်ခဲ့ပါ၏။

ဟိုတုန်းက မန္တလေးဘုရားပွဲတွေ လွမ်းစရာ။

 

 

Related posts

Leave a Comment

VOM News

FREE
VIEW