တပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲစျေးကွက် အခြေအနေသုံးသပ်ချက်

” မတ်ပဲနဲ့နှမ်းက စျေးတက်လာပြီး ပဲတီစိမ်း ၊မြေပဲ၊ပြောင်း၊ပဲစဥ်းငုံ၊ကုလားပဲ ကတော့ စျေးအေးနေပါတယ် “
ရန်ကုန်၊ အောက်တိုဘာ ၁၅ – ၂၀၂၃
GG(VOM)
ခုတပတ်မှာတော့ ပဲမျိုးစုံစျေးကွက်မှာ မတ်ပဲ နဲ့ နှမ်းမျိုးစုံစျေးကွက်က စျေးတန်းမြင့်တက်လာပြီး ပဲတီစိမ်း ၊ပဲစဥ်းငုံနီ၊ မြေပဲ ၊ကုလားပဲ ၊ ပြောင်းကတော့ သိသာတဲ့ စျေးနူန်းအတက်အကျပြောင်းလဲမှု မရှိတာကိုတွေ့ရပါတယ်။
မတ်ပဲ၊ပဲတီစိမ်း၊မြေပဲ၊နှမ်း၊ကုလားပဲကတော့ စျေးကွက်မှာ အရောင်းအဝယ်ရှိနေတယ်လို့သိရပါတယ်။
ပြောင်းကတော့ပြည်ပကိုတင်ပို့မှုမရှိတဲ့ အပြင်ပြောင်းအသစ်တွေပေါ်နေတာကြောင့် စျေးကတန်းက အကျဘက်ကိုဦးတည်နေတာဖြစ်တယ်လို့သိရပါတယ်။
မတ်ပဲ
မတ်ပဲကတော့ ခုတပတ်မှာ ရန်ကုန်၊မန္တလေး၊နယ်စျေးကွက်အားလုံးမှာ အမြင့်ဆုံးစျေးတန်းအဖြစ် စျေးပြန်တက်လာပါတယ်။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC) တတန်ကို ၂၆၄၉၀၀၀ စျေးရှိပြီး အရင်တစ်ပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၁၄၅၀၀၀ လောက် စျေးပြန်တက်လာတာဖြစ် ပါ တယ်။
မန္တလေးစျေးကွက်မှာလည်း ပိဿာ ၆၀ ကို ၂၅၅၀၀၀ ကျပ် စျေးတန်းရှိနေပါတယ်။
နယ်တွေမှာလည်း မတ်ပဲ ပိဿာ ၂၀ ကို ၈၆၀၀၀ ကျပ်အထိ စျေးကပြန်တက်လာ ပါတယ်။
မတ်ပဲက လက်ကျန်နည်းပြီး အသစ်မပေါ်သေးတာကတကြောင်း ပြည်ပကိုတင်ပို့မှုရှိနေလို့ စျေးတန်းက ပြန်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။
နှမ်း
နှမ်းကတော့ ခုတပတ်မှာ စျေးထပ်မံမြင့်တက်လာပါတယ်။ ၄၅ ပိဿာတအိတ်ကို ၁၅၀၀၀ ကနေ ၂၀၀၀၀ ကျပ် လောက်အထိ စျေးထပ်တက်လာတာဖြစ် ပါတယ်။
မန္တလေးစျေးကွက်မှာ နှမ်းဖြူ ရိုးရိုးက ၄၅ ပိဿာကို ၃၆၀၀၀၀ မှ ၃၈၅၀၀၀၀ ကျပ်နဲ့ နှမ်းဖြူ ဂျပန်က ၃၈၅၀၀၀၀ မှ ၃၉၀၀၀၀ ကျပ် ၊နှမ်းနက် စမုံက ၂၉၀၀၀၀ မှ ၃၆၅၀၀၀ ကျပ်စျေးပေါက်နေပါတယ်။
စျေးကွက်ကိုမိုးနှမ်းအသစ်တွေ ပုံမှန်အတိုင်း ဝင်ရောက်နေပြီး ပြည်ပကိုတင်ပို့မှု ရှိလာတာကြောင့် နှမ်းစျေးကွက်ပြန်လှုပ်လာပြီး တက်လာတာဖြစ် တယ်လို့သိရပါတယ်။
နှမ်းနက် စမုံကလည်း အရည်အသွေးပေါ်လိုက်ပြီးစျေးပေးဝယ်ယူ မှုရှိတယ်လို့သိရပါတယ်။
ပြောင်း
အစေ့ထုတ်ပြောင်းစျေးကွက်ကတော့ ထိုင်းနိုင်ငံရဲ့အခွန်ကင်းခွင့်ကာလနဲ့တင်ပို့ခွင့်သက်တမ်းကုန်တဲ့ စက်တင်ဘာလ ပထမပတ်လောက် ကတည်းက ခုထိ စျေး ဆက်တိုက်ကျလာနေ ပါတယ်။
ဩဂုတ်လကုန်တုန်းက ရန်ကုန်ဘုရင့်နောင် စျေးကွက်မှာ တပိဿာကို ၁၂၁၀ အထိရှိခဲ့ပြီး လက်ရှိမှာ ပြောင်းဆံတပိဿာကို ၁၀၆၀ ကနေ ၁၀၈၀ ကျပ်သာရှိတယ်လို့သိရပါတယ်။
မန္တလေးစျေးကွက်မှာလည်း စက်တင်ဘာလပထမပတ်တုန်းက ပြောင်းဆံတပိဿာကို ၁၀၉၃ ကျပ် ရှိပြီး ၄၅ ပိဿာတအိတ်ကိုတော့ ၆၀၀၀၀ မှ ၆၂၀၀၀ ကျပ်အထိရှိခဲ့ကာ အောက်တိုဘာလ ပထမပတ်မှာ ပြောင်းဆံတပိဿာကို ၉၈၁ ကျပ်သာရှိ ပြီး ၄၅ ပိဿာတအိတ်ကို အမြင့်ဆုံး ၅၃၀၀၀ ရှိခဲ့ပါတယ်။
လက်ရှိမှာတော့ တပိဿာကို ၉၅၄ ကျပ် သာရှိတော့ပြီး ၄၅ ပိဿာ တအိတ်ကို ၅၁၅၀၀ကျပ်သာရှိပါတယ်။
စျေးကွက်ကို ရှမ်းပြည်နယ်နဲ့အညာဒေသဘက်က ပြောင်းအသစ်တွေဝင်ရောက်နေပြီး ပြည်ပတင်ပို့နိုင်ခြင်းမရှိလို့ စျေးဆက်တိုက်ကျဆင်းလာတယ်လို့သိရပါတယ်။
ပြောင်းကို လက်ရှိမှာပြည်တွင်း မွေးမြူရေး လုပ်ငန်းတွေနဲ့ မွေးမြူရေး အစာစပ်စက်ရုံတွေကသာ ဝယ်ယူမှုရှိနေပါတယ်။
မြေပဲ
မြေပဲကတော့ စျေးကွက်ထဲကို ပဲအသစ်တွေဝင်ရောက်နေတဲ့အပြင် တရုတ်ဘက်က အဝယ်အေးနေလို့ စျေးတန်းက အေးနေပေမယ့် ပြည်တွင်းဆီစက်တွေက အဝယ်လိုက်နေတာကြောင့် အရောင်း အဝယ်ကောင်းနေတယ်လို့သိရပါတယ်။
ခုတပတ်မှာ မြေပဲလုံးဆန်နီက တပိဿာကို ၇၃၀၀ ကျပ်ရှိပြီး အရင်တပတ်ကထက် ၂၀၀ ကျပ်ကျသွားပေမယ့် S1 ဆီဆံကတော့ ၆၁၀၀ ကျပ် ၊ မြေပဲလုံးဆန်ဖြူက ၆၆၀၀ ကျပ်နဲ့ အရင်တပတ်ကစျေးအတိုင်း ဆက်ရှိနေ ပါတယ်။
မြေပဲဆံစျေးတွေအေးပြီး အနည်းငယ်ကျပေမယ့် မြေပဲဆီစျေးကတော့ ကျဆင်းတာမရှိဘဲ တပိဿာကို ၁၃၅၀၀ကျပ်ကနေ ၁၆၀၀၀ ကျပ်အထိရောင်းချမှုရှိနေပါတယ်။
ကုလားပဲ
ရန်ကုန်စျေးကွက်မှာ ကုလားပဲဖြူလုံးက အရင်တပတ်ကစျေးအတိုင်း ဆက်ရှိနေပေမယ့် ကုလားပဲဖြူလုံးကြီးကတော့ စျေးနည်းနည်းပြန်တက်လာပါတယ်။အလားတူမန္တလေးစျေးကွက်မှာကလည်း ကုလားပဲစျေးပြန်တက်လာတာတွေ့ရပါတယ်။
ရန်ကုန်စျေးကွက်မှာ ကုလားပဲဖြူလုံးက ၄၅၀၀ မှ ၄၅၈၅ ကျပ်ရှိပြီး ကုလားပဲဖြူလုံးကြီးကတော့ ၄၅၈၀ ကနေ ၄၆၇၀ ကျပ်ရှိလို့ ​ စျေးအနည်းငယ် ပြန်တက်နေပါတယ်။
မန္တလေးဈေးကွက်မှာလည်း ကုလားပဲ(V2)က ၂၆၈၀၀၀ ကျပ်စျေးရှိပြီး အရင်တပတ်ကထက် ၅၀၀၀ကျပ်ပြန်တက်လာသလို ကုလားပဲ V7ကလည်း ၂၇၇၀၀၀ ကျပ်စျေးရှိလို့ ၃၀၀၀ ကျပ်ပြန်တက်လာ ပါတယ်။
အရင်တပတ်က အနည်းငယ် စျေးတက်လာပေမယ့် ခုတပတ်မှာ စျေးပြန် ကျသွားပါတယ်။ ကုလားပဲက ပြည်တွင်းစားသုံးမှုအဓိကဖြစ်ပြီး လက်ကျန်နည်းနေပေမယ့် စက်ပိုင်တွေက အဝယ်အေးနေသဖြင့် စျေးကျတာဖြစ်တယ်လို့ သိရပါတယ်။
ပဲစဥျးငုံနီ
ပဲစဥ်းငုံနီကတော့ အတက်အကျမရှိဘဲ ရန်ကုန်စျေးကွက် မှာ အရင် ၂ ပတ်ဆက်တိုက်က စျေးတန်းအတိုင်းပဲ တတန်ကို ငွေကျပ်သိန်း ၄၀ နဲ့ ၇၅၀၀၀ စျေး ဆက်ရှိနေပါတယ်။
မန္တလေးစျေးကွက်မှာတော့ စျေးအနည်းငယ်ထပ်တက်လာပြီး ပဲစဥ်းငုံနီက ပိဿာ ၆၀ တစ်အိတ်ကို ၃၉၀၀၀၀ ကျပ်စျေးရှိကာ အရင်တပတ်ကထက် ၁၀၀၀၀ ကျပ်တက်လာ ပါတယ်။
ပဲစဥ်းငုံနီကိုတော့ အိန္ဒိယကိုသာ အဓိကတင်ပို့နေရတာဖြစ်ပြီး အဝယ်အေးနေတာကြောင့် စျေးတန်းက အတက်အကျမရှိဘဲ အေးနေတယ်လို့ သိရပါတယ် ။
ပဲတီစိမ်း
ပဲတီစိမ်းကလည်း ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တပိဿာကို ၃၆၃၀ ကျပ် ၊ ပဲတီစိမ်း(ပဲခူးရွှေဝါ)က ၃၄၆၅ ကျပ် နဲ့ အတက်အကျမရှိဘဲ အရင်တပတ်ကအတိုင်းဆက်ရှိနေပြီး ပဲတီစိမ်း(ဝါးခယ်မ)ကတော့ စျေးနည်းနည်းတက်လာကာ တပိဿာကို ၂၈၃၀ ကနေ ၃၃၀၀ ကျပ်စျေးရှိလို့ အရင်တပတ်ကထက် ၅၀ ကျပ်တက်လာ ပါ တယ်။
မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)ကပိဿာ ၅၆.၂၅ တစ်အိတ်ကို ၁၅၅၀၀၀ မှ ၁၇၀၀၀၀ စျေးရှိပြီး ၃၀၀၀ ကျပ်လောက် စျေးပြန်ကျသွား ပါတယ်။
မန္တလေးစျေးကွက်ကို ပဲတီစိမ်းတွေ ဝင်ရောက်နေပြီး တရုတ်ဘက်က အရည်အသွေးအပေါ်လိုက်ပြီး စျေးပေးဝယ်ယူနေတာကြောင့် စျေးတန်းက တည်ငြိမ်မှုမရှိဘူးလို့သိရပါတယ်။
အခုဖော်ပြပေးခဲ့တဲ့ စျေးနူန်းသုံးသပ်ချက်ကတော့ အောက်တိုဘာလ ၈ ရက်နေ့မှ အောက်တိုဘာလ ၁၄ ရက်နေ့အထိ စျေးကွက်သုံးသပ်ချက်ဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW