မိုးများပြီးေနာက် တိုင်းနဲ့ ပြည်နယ်တွေမှာ ဘာတွေဖြစ်ပျက်ခဲ့သလဲ

အောက်တိုဘာ ၊ ၁၅ ၊ ၂၀၂၃
SP( VOM)
နိုင်ငံအဝှမ်း တိုင်းနဲ့ ပြည်နယ်တွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ရေဘေးဒုက္ခကြုံရတာတွေရှိပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကိုင်းတိုင်း ရေဘေး
စစ်ကိုင်းတိုင်းမှာရှိတဲ့ ၃၇ မြို့နယ်ရှိတဲ့အနက်က ယင်းမာပင်ခရိုင် ၊ ကနီမြို့နယ်နဲ့ မင်းကင်းမြို့နယ်တွေမှာ ရေဘေးကြုံရတာတွေ ရှိတယ်လို့ သိရပါတယ်။
” ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်က ကနီမြို့နယ်မှာ မိုးသည်ထန်းစွာရွာတယ် ၊ အဲ့ဒီလို မိုးတွေ အဆက်ပြတ်ရွာပြီး တောင်ကျချောင်းရေတွေ ဝင်ရောက်လာတာကြောင့် မြို့ပေါ်က သီတာဦးရပ်ကွက်ထဲက နေအိမ် ၁၀ လုံးကျော် ကမ္ဘားပြိုပြီး ပျက်စီးကုန်တယ် ၊ တချို့လည်း ေရေမျာတဲ့ထဲပါသွားတယ် ၊ နောက်ပြီး မြို့ပေါ် အမှတ် ၁ ရပ်နဲ့ အမှတ် ၃ ရပ် (စျေးချောင်းဘေး )က ရေကျော်တံတားတွေပျက်စီးတယ် ၊ အဲ့ဒီအပြင် ကျေးရွာချင်းဆက် လမ်းတွေ ရေတိုက်စားပြီး ထက်ပိုင်းကျိုးတယ် ၊ ပျက်စီးဆုံးရှုံးတာတွေများတယ် ၊ လူ ၊ အိမ်မွေးတိရစ္ဆာန် အသေအပျောက်တော့ မရှိဘူး ၊ ကနီနယ်မှာက တိုက်ပွဲရှောင် စခန်းတွေရှိတယ် ၊ အဲ့ဒီနေရာတွေလဲ ရေကြီးတာတွေဖြစ်တယ် ၊ ပစ္စည်းတွေ ပျက်စီး ဆုံးရှုံးတယ် ၊ တမြို့နယ်လုံး ရေဘေးကြောင့် ပျက်စီးဆုံးရှုံးမှု စာရင်းကို သက်ဆိုင်ရာ ဌာနတွေအပြင် ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေပါ ကောက်ယူနေတယ် ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်းထဲက အဓိက နယ်စပ်ကုန်သွယ်ရေး လမ်းဖြစ်တဲ့ မဟာမြိုင်ကားလမ်းမှာ မိုးစွေတာကြောင့် လမ်းချော်ပြီး ဗွက်ထနေတဲ့အတွက် ကလေး ၊ ကလေးဝ ၊ တမူး ၊ ချင်းတောင် ၊ မော်လိုက် ၊ ဖောင်းပြင် ၊ ဟုမ္မလင်း စတဲ့မြို့နယ်တွေဘက် ပြေးဆွဲတဲ့ ကုန်တင်ကားနဲ့ အိမ်စီးကားတွေ ပိတ်မိတာတွေဖြစ်တယ်လို့ သိရပါတယ်။
မန္တလေးတိုင်း ရေဘေး
မန္တလေးတိုင်းထဲက မြို့နယ်တွေအနက် မတ္တရာ ၊ ပုသိမ်ကြီး ၊ ပြင်ဦးလွင် စတဲ့ မြို့နယ်တွေဘက်မှာ ရေကြီးရေလျှံတာတွေဖြစ်တယ်လို့ သိရပါတယ်။
” ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်ညက မတ္တရာနယ်မှာ ဆည်တော်ကြီးဆည်ဘက်က ရေကျော်တာတွေဖြစ်တယ် ၊ အဲ့ဒါကြောင့် မန္တလေး – မိုးကုတ်ကားလမ်း မိုင်တိုင် ၂၅ / ၂၆ မှာ ရေကျော်ပြီး ကာလေးတွေ သွားလာမရ ဖြစ်တာတော့ရှိတယ် ၊ နောက်ပြီး ဒေသခံ လူ ၇၀၀ လောက် ၊ အိမ်ထောင်စု တရာကျော် ယာယီရွှေ့ပြောင်းနေရတယ် ၊ မနေ့ကတော့ ပုသိမ်ကြီးမြို့နယ်ထဲက လက်သစ်ကျေးရွာအုပ်စု နဲ့ အိုင်ကြီးကျေးရွာအုပ်စုကြားက မန္တလေးတူးမြောင်းကြီး တာဘောင်ကျိုးတယ် ၊ နေ့ခင်းပိုင်းက နားဋောင်းကျချောင်းမှာ ကားလမ်းရေကျော်တယ် ၊ အဲ့ဒီအပြင် ပြင်ဦးလွင်က အနိမ့်ပိုင်း ရေထိန်းရပ်တွေမှာ ရေဝင်တာတော့ ရှိတယ် ၊ မန္တလေးတိုင်းထဲမှာ ယာယီရေဝင်တဲ့ ရွာပေါင်း ၁၁ ရွာရှိတယ် ၊ ရေဝင်တဲ့အဆင့်လောက်ပဲရှိတာမို့ လူ ၊ တိရစ္ဆာန် ၊ အသေအပျောက် မရှိဘူး ၊ အိုအိမ် လယ်ယာ ပျက်စီးတာ မရှိဘူး” လို့ မန္တလေးမြို့ခံ တယောက်က ပြောပါတယ်။
ပဲခူးတိုင်း ရေဘေး
​ပဲခူးတိုင်း ၊ ပဲခူးမြို့ပေါ်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်စပြီး ရေတွေစတင်ဝင်ရောက်လာတယ်လို့ သိရပါတယ်၊ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ပဲခူးမြို့ခံ တယောက်က ” ပဲခူးမြို့ကို ရေတွေစဝင်ရောက်တော့ အနိမ့်ပိုင်း ရပ်ကွက် လေးငါးခုလောက်ပဲဖြစ်တယ် ၊ နောက်ရက်တွေမှာ ရေတွေ ဆက်တိုက်ဝင်လာတော့ မြို့ရဲ့ နေရာ ၈၀ ရာခိုင်နူန်းလောက် ရေဝင်တယ် ၊ ရေဝင်ရောက်ပုံ အနေအထားက ပဲခူးမြို့ကို ဖြတ်စီးတာဖြစ်တယ် ၊ အဲ့ဒါကြောင့် မြစ်ချောင်းနဲ့ နီးတဲ့ လူနေရပ်ကွက်တွေ အိမ်လုံးကျွတ် ထိခိုက်ပျက်စီးတာတွေရှိတယ် ၊ အဲ့ဒီ ရေစီးကြောင့် လူ ၃ ယောက်ေမျာပါသွားတယ် ၊ တယောက်ပဲ ကယ်ဆယ်လိုက်နိုင်ပြီး ကျန် ၂ ယောက်က အခုထိ ပြန်မတွေ့သေးဘူး ၊ အဲ့ဒီအပြင် အိမ်မွေးတိရစ္ဆာန်တချို့ အသေအပျောက်ရှိတယ် ၊ တမြို့လုံး အတိုင်းအတာနဲ့ ရေဝင်တာဆိုတော့ သူ့မကယ်နိုင် ၊ ကိုယ့်မကယ်နိုင်ဖြစ်ရတယ် ၊ ယာယီ ကယ်ဆယ်ရေးစခန်း ငါးဆယ်ကျော် ခြောက်ဆယ်လောက်ရှိတယ် ၊ အလှူရှင်တွေ ရပ်ဝေးရပ်နီးက ရောက်လာလို့ ရေသန့်နဲ့ အစားအသောက်ပေါတယ် “လို့ ပြောပါတယ်။
ဒါ့အပြင် ဘာတွေပျက်စီးဆုံးသလဲ ? လို့ ဆိုရင် ကားလေး(အိမ်စီး) တွေ ရေမြုပ်တယ် ၊ မြုပ်ရတဲ့ အကြောင်းကတော့ နဂိုရင်ဝင်ရင်လဲ ဒီအတိုင်းထားနေကြဆိုပြီး ဂိုဒေါင်ထဲ ထားလိုက်တယ် ၊ တကယ်လည်း ရေဝင်လာတော့ ကားတွေထုတ်မရဘူး ၊ အဲ့ဒီမှာ ရေနစ်တာဖြစ်တယ် ၊ ဆိုင်ကယ်တွေလည်း အဲ့သဘောအတိုင်းပဲ ရေနစ်တယ် ၊ ရေဘေးကြုံတဲ့ကား အစီးရေ ၂၀၀ ဝန်းကျင်ရှိတယ် ၊ ဆိုင်ကယ်က အစီးရေ ၃၀၀ အထက်မှာရှိတယ် ၊ အဲ့ဒါကြောင့် ကားနဲ့ ဆိုင်ကယ် ပြုပြင်ရေး ပရဟိတတွေရောက်လာပြီး လက်ခ အခမဲ့ ပြင်ပေးနေရတယ် ၊ အင်ဂျင်ဝိုင်းတို့အခြားပစ္စည်းတွေ အသစ်လဲရတယ်ဆိုရင်တော့ ပိုက်ဆံပေးရတယ် ၊ အဲ့ဒီလို လာပြင်ပေးနေတဲ့ အဖွဲ့ ၁၀ ဖွဲ့လောက်ရှိတယ် ၊ နောက်ပြီး ဘဏ်တွေမှာ ATM စက်တွေရေဝင်ပျက်စီးတာတွေရှိတယ် ၊ ဆန် ၊ ကြက်သွန် ၊ ငပိငါးခြောက် ၊ စိုက်ပျိုးရေး ပစ္စည်းအရောင်းဆိုင်တွေ ၊ မြေဆီသိုလှောင်ရုံတွေ စက်နဲ့ စက်ပစ္စည်းတွေ ဂိုဒေါင်တွေ ရေဝင်တယ် ၊ ရေဝင်ရက်ကြာလာတော့ ပစ္စည်း အတော်များများ ပျက်စီးတယ် ၊ တချို့ဆန်ဂိုဒေါင်တွေ နေထုတ်လှန်းနေကြတယ် ၊ နောက်ပြီး အမှတ် ၂ ဓာတ်အားခွဲရုံ ရေဝင်တယ် ၊ လတ်တလော မီးမရသေးဘူး ၊ ရေကျလို့ ချက်ချင်း မီးအားပြန်ပေးလို့ မရဘူး ၊ ထရန်စဖော်မာတွေထဲ ရေဝင် မဝင် ပြန်စစ်ရတယ် ၊ နောက်ပြီး အပ်ပြန်တိုင်းရတယ် ၊ MPT ဖုန်းလိုင်းတွေလည်း အဲ့ဒီလိုဖြစ်တယ် ၊ ဆေးရုံ ၊ ကျောင်း၊ စျေး ၊နဲ့ ဌာနဆိုင်ရာရုံးတွေလည်း ရေဝင်ပျက်စီးတယ် ၊ စပါးခင်းစိုက်ဧက တသိန်းနီးပါးရေဝင်တယ် ၊ ရိတ်သိမ်းလက်စ စပါးခင်းတွေနဲ့ နို့ရည်ထည့်တဲ့ အခင်းတွေက ပျက်စီးတယ် ၊ ကျန်အခင်းတွေက ဆယ်လေးငါးရက် နေပြန်ပူရင် ပြန်ထောင်ပြီး ရှင်နိုင်သေးတယ် ၊ အဲ့ဒီနောက် ပဲခူးမြို့ရှောင်လမ်းမှာ ၄ နေရာလောက် ရေတိုက်စားပြီး လမ်းပိုင်း ထက်ပိုင်းကျိုးသွားတယ် ၊ အခုတော့ အဲ့ဒီနေရာတွေကို ယာယီဘေလီတံတားထိုးပေးနေတယ် ၊ အကြီးစားပြင်ဆင်မှု လုပ်ရမှာဖြစ်တယ် ၊ ပဲခူးရေဘေးမှာ ပျက်စီးဆုံးရှုံးမှု ကာလတန်ဘိုး ကျပ်ငွေ ဘီလီယံ အထက်မှာ ရှိမယ်လို့ ခန့်မှန်းထားတယ် ၊ ဒါတောင် ပြင်ဆင်စရိတ်တွေစာရင်းမထွက်သေးဘူး ” လို့ ပြောပါတယ်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ လူမှုရေးရာဝန်ကြီးနဲ့ နီးစပ်သူတယောက်က ” ပဲခူးတိုင်းမှာ ရေဘေးကျရောက်တဲ့နေရာ လေးငါးမြို့ရှိတယ် ၊ အဲ့ဒီထဲက ပဲခူးမြို့နဲ့ မုန်းမြို့ဟာ ရေဝင်မှု ၈၅ ရာခိုင်နူန်းလောက်ဖြစ်တယ် ၊မုန်းမြို့နယ်ထဲ သပြေညွှန် ၊ ကျောက်ကြီးတော ၊ မကျီးတော ၊ လေလံကုန်း ၊ တောပု ၊ ဇီးကုန်း ၊ ကြက်တက်ညောင်ပင် ၊ ဒိုက်ပုံ ၊ ညောပင်သာ စတဲ့ရွာတွေဘက်မှာ ရေဘေးကြုံတဲ့ လူ ၅၀၀၀ ကျော်ရှိတယ် ၊အခုတော့ ရေပြန်ကျသွားပြီ ဖြစ်တယ် ၊ အဲ့ဒါကြောင့် ရေဝင်ရပ်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဝမ်းပျက်ဝမ်းလျော ရောဂါအတွက် သောက်သုံးရေသန့် လုံလောက်စွာရရှိဖို့ ၊ ဝမ်းပျက်ဝမ်းလျော ရောဂါဖြစ်ပေါ်လာရင် တုန့်​ပြန်ကာကွယ် ကုသပေးဖို့ ၊ စိုက်ပျိုးရေးဆေးနဲ့ ဆေးပစ္စည်တွေဖြစ်တဲ့ သွင်းကုန်အုပ်စုတွေလည်း မပြတ်လပ်အောင်စီစဥ်နေတယ် ၊ အဲ့ဒီအပြင် စိုက်စရိတ်နဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ အဆင်ပြေအောင် ဆောင်ရွက်ပေဖို့ စီစဥ်ထားတယ် ” လို့ ပြောပါတယ်။
ဒါ့အပြင် ပဲခူးမြို့ခံ ကျောင်းထိုင်ဘုန်းကြီး ဆရာတော်တပါးက ” ပဲခူးမြို့ဆိုတာ နှစ်စဥ်ရေဝင်တယ် ၊ နဲတာနဲ့ များတာပဲကွာတယ် ၊ ရှေးယခင်ခေတ်ကတည်းက ဖြစ်တယ် ၊ အဲ့ဒါကြောင့် ကိုယ့်လှေကိုထိုး ၊ ပဲခူးရောက်ရောက်လို့ ဆိုရိုးစကားရှိတယ် ၊ ပဲခူးမှာ သက်ကယ်လှေ အလုံအလောက်မရှိဘူး၊ လှေရှားတယ် ၊ အဲ့ဒါကြောင့်လည်း ရှေးစကားရှိတယ် ၊ ပဲခူးလှေစီး တခရီး ၃ ကျပ် လို့ဖြစ်တယ် ၊ ရေဝင်ဒေသဖြစ်တာမို့ ဒီနှစ်လည်း ပေါ့ထားဟန်တူတယ် ၊ အဲ့ဒါကြောင့် အပျက်စီးများသွားတာဖြစ်နိုင်တယ် ” လို့ မိန့်တော်မူပါတယ်။
ရန်ကုန်တိုင်း ရေဘေး
ရန်ကုန်တိုင်း ၊ လှည်းကူး ၊ မှော်ဘီ စတဲ့ မြို့နယ်ထဲမှာ ရေဝင်ရောက်တာတွေရှိတယ်လို့ သိရပါတယ်။
” ဇလပ်ထော် ဆည်က ၊ ဆည်ရေလွှဲလိုက်တော့ ရေတွေက ရန်ကုန်ဘက်ကို ရောက်လာတယ် ၊ ရေဝင်ပြီး လမ်းတွေ ရေကျော်တာလောက်ပဲဖြစ်တယ် ၊ လှည်းကူးဘက်မှာတော့ ရေဝင်ရောက်မှု ပိုများတယ် ၊ ရေဝင်အိမ်ခြေ ၃၀၀ ကျော်လောက်ရှိတယ် ၊ အဆိုးဆုံးက ဆိုင်ကယ်တွေ ရေဝင်တာဖြစ်တယ် ၊ ထိခိုက်ပျက်စီးတာတော့ မရှိဘူး” လို့ ဒေသခံ ပရဟိတသမားတွေက ပြောပါတယ်။
ကချင်ပြည်နယ် ရေဘေး
ကချင်ပြည်နယ်ဘက်မှာ မိုးရွာသွန်းမှု မများပေမယ့် မိုးရွာလို့ နောက်ဆက်တွဲ သဘာဝဘေးအန္တရာယ်တွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။
” ပြီးခဲ့တဲ့ ၁၂ ရက်က ဝိုင်းမော်မြို့နယ် ၊ ဆဒုံးမြို့ (မြို့နယ်ခွဲ) နဲ့ ခေါင်ရှောင် ( Hkau Shau) သွားတဲ့လမ်းမှာ မြေပြိုတာတွေရှိတယ် ၊ အဲ့ဒီလို မြေပြိုလို့ KIA တပ်ရင်း ၃ က တပ်ဖွဲ့ဝင် တယောက် သေဆုံးတယ် ၊ သဘာဝဘေးအန္တရာယ်ကြောင့် ယာဥ်သွားလာမှုတွေ ခက်ခဲတာပဲရှိတယ် ၊ ကနေ့ထိအောင် မိုးကတော့ စွေးနေတယ် ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။
ရှမ်းပြည်နယ် ရေဘေး
ရှမ်းပြည်နယ် တခုလုံး မိုးကြီးခဲ့ပေမယ့် ရေကြီးရေလျှံတာတွေ မြို့နယ်အနည်းငယ်လောက်ဖြစ်တယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ် အစိုးရ ရုံးအဖွဲ့ နီးစပ်သူတယောက်က ” ရှမ်းပြည် အရှေ့ပိုင်းနဲ့ တောင်ပိုင်းထက် မြောက်ပိုင်းမှာက ရေဘေးပိုများတယ် ၊လားရှိုး ၊ သီပေါ ၊ ကျောက်မဲ ၊ နောင်ချို ၊ စတဲ့ဘက်တွေမှာဖြစ်တယ် ၊ ဒုဌဝတီမြစ်ဘေးတလျောက် ရေဝင်တယ် ၊ ရေဝင်ရွာပေါင်း ၃၀ ကျော်လောက်ရှိတယ် ၊ အဲ့ဒီနေရာတွေက ရေဝင်ရပ်ဖြစ်နေလို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားကြတယ်၊ ထိခိုက်ပျက်စီးမှု နည်းအောင်လုပ်ထားကြတော့ လူ ၊ တိရစ္ဆာန် အသေအပျောက်မရှိဘူး ၊ နောင်ချိုဘက်မှာက အုမ္မတီးတောင်ကြားဘက်နဲ့ ဂုတ်တွင်းမှာ ကားလမ်းရေကျော်တယ် ၊ မိုးရွာပြီးတာနဲ့ နာရီပိုင်းအတွင်း ရေပြန်ကျလို့အခက်အခဲမရှိဘူး ၊ ထုံးစံလိုဖြစ်နေပြီ ၊ တောင်ပိုင်းမှာက ထူးခြားဖြစ်စဥ်ဆိုလို့ အင်းလေးရေ ၂ ပေကျော်တိုးလာတယ် ” လို့ ပြောပါတယ်။
ကယားပြည်နယ် ရေဘေး
ကယားပြည်နယ်ဘက်မှာလည်း မိုးသည်းထန်စွာ ရွာခဲ့လို့ တချို့နေရာတွေမှာ ရေကြီးရေလျှံတာတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
” မိုးဗြဲဘက်က တောတောင်တွေထဲမှာ စစ်ရှောင် စခန်း ၃၀၀ ကျော်ရှိတယ် ၊ အဲ့ဒီထဲက စခန်းအများစုက ချောင်းတွေဘေးမှာ ရှိတာဖြစ်တယ် ၊ တောင်ကျရေတွေ လာတော့ စခန်း ၁၀၀ နီးပါးရေမြုပ်တယ် ၊ စိုက်ပါးစိုက် လယ်တချို့ပျက်စီးတယ် ၊ ဧက ရာနဲ့ချီ မရှိဘူး ၊ ဘီလူးချောင်း ရေကြီးလို့ ရေဝင်ရွာ ၁၂ ရွာရှိတယ် ၊ အသေအပျောက် ထိခိုက်ပျက်စီးတာ သိပ်မရှိဘူး ၊ ရေဝင်သွားတဲ့ စစ်ဘေးရှောင်စခန်းတွေမှာတော့ ရိက္ခာပစ္စည်းတွေဆုံရှုံးကုန်တယ် ” လို့ပြောပါတယ်။
အဲ့ဒါကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်း ၊ ပဲခူးတိုင်း ၊ ရန်ကုန်တိုင်းနဲ့ ရှမ်းပြည်နယ် ၊ ကယားပြည်နယ် ၊ ကချင်ပြည်နယ်တွေဘက်မှာ ရေဝင်ရောက်ခဲ့တာဖြစ်တယ်လို့ သိရပြီး အဲ့ဒီအထဲက ပဲခူးတိုင်း ရေဝင်ရောက်မှုဖြစ်စဥ်ဟာ အဆိုးရွားဆုံးလို့ မှတ်တမ်းတွေအရ သိရပါတယ်။
ဓာတ်ပုံ ၊ ကနီသားတို့ရဲ့ ရင်တွင်းအသံ

Related posts

Leave a Comment

VOM News

FREE
VIEW