အောက်တိုဘာ ၊ ၁၅ ၊ ၂၀၂၃
SP + Shy V ( VOM)
ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ လားရှိုးခရိုင် ၊ လားရှိုးမြို့ပေါ်မှာရှိတဲ့ စီးပွားရေး လုပ်ငန်းတွေ အပါအဝင် မြို့ပေါ်နေရာတချို့ ပေါက်ကွဲမှုတွေဖြစ်ပေါ်ပြီး သေဆုံးဒဏ်ရာရတာတွေ ဖြစ်ရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
“ဒီနှစ်အတွင်း ပေါက်ကွဲမှုတွေကြောင့် သေဆုံးရသူ ၁၅ ဦးရှိတယ် ၊ နောက်ပြီး ဒဏ်ရာသူ ၅၀ ကျော်ရှိတယ် ၊ ထိခိုက်သေဆုံး ဒဏ်ရာရသူတွေဟာ လုပ်ငန်းရှင်တွေမပါဘူး ၊ သူတို့ရဲ့ ဝန်ထမ်းတွေဖြစ်တယ် ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။
ဒါ့အပြင် လားရှိုးမြို့ခံ တယောက်က ” ဒီနှစ် နှစ်ဆန်းပိုင်းတုန်းကစလို့ ပေါက်ကွဲမှုတွေ လစဥ်နီးပါးဖြစ်တယ် ၊ ပြီးခဲ့တဲ့ ဇန်နဝါရီက ကမ္ဘောဇ ဘဏ်နားမှ ပေါက်ကွဲတယ် ၊ တယောက်သေပြီး လူ ၅ ယောက်ထက်မနည်း ဒဏ်ရာရတယ် ၊ အဲ့ဒီနောက် ဖေဖော်ဝါရီက မြို့မစျေးကြီးနားမှာ ပေါက်ကွဲတယ် ၊ လူသေတာတော့ မရှိဘူး ၊ စျေးသွားစျေးပြန် လူ ၄ ယောက် ဒဏ်ရာရတာရှိတယ် ၊ အဲ့ဒီနောက် ဧပြီလမှာ သကြင်္န်စတုဒီသာ မဏ္ဍပ် နားမှာ ပေါက်ကွဲမှုဖြစ်တယ် ၊ အဲ့ဒီမှာ ကလေး ၄ ဦးသေတယ် ၊ လူ ၁၀ ယောက်ဝန်းကျင် ဒဏ်ရာရတယ် ၊ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ည ၇ နာရီကျော်မှာ ရပ်ကွက် ၂၊ နယ်မြေ ၆၊ ဗိုလ်ချုပ်လမ်းနဲ့ ပြည်လမ်းဒေါင့် က Fully Light Hotel မှာ တကြိမ်၊ ၂၀ ရက်နေ့ည ၈ နာရီဝန်းကျင်က Golden Hill Hotel မှာ တကြိမ်၊ ၂၈ ရက်နေ့ ၇ နာရီခွဲ ကျော်ခန့်က ဖူလီလိုက် ဟိုတယ်အနီး တကြိမ်၊ ဇွန်လ အတွင်း ဗုံး ၃ ကြိမ် ပေါက်ကွဲခဲ့တယ် ၊အဲ့ဒိအပြင် ဇူလိုင်လ၊ ၁၅ ရက်တွင် လားရိူးမြို့၊ ဗဟိုမြို့မဈေးရှိ ဇွဲထက်ရွှေဆိုင်တွင် ဗုံးပေါက်ကွဲမူကြောင့် ဝန်ထမ်း တစ်ဦး သေဆုံးပြီး၊ ၁၁ ဦးဒဏ်ရာရခဲ့တယ် ၊ အဲ့ဒီနောက် ၁၉ ရက်နေ့ ညနေ ၅ နာရီ ခွဲဝန်းကျင်မှာ လားရှိုး CS ဟိုတယ် အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး ၂ ဦး သေဆုံး ၄ ဦး ထိခိုက်ဒဏ်ရာရတယ် ၊ အဲ့ဒီနောက် ပြီးခဲ့တဲ့ ဩဂုတ် ၆ ရက်နေ့ မနက် ၁၀ နာရီခွဲခန့်က Lashio Sunny Hotel မှာ တကြိမ်၊ ၂၉ ရက်နေ့ ညနေ ၄ နာရီခွဲကျော်ခန့်က Luxury ကောင်တာနားမှာ တကြိမ် ပေါက်ကွဲပြီး လူထိခိုက်မှု ရှိခဲ့တယ် ၊ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်နေ့ ညနေ ၅ နာရီ ဝန်းကျင်ခန့်ကလည်း လားရှိုးမြို့ အထွက် မန္တလေးလမ်းဘက်ရှိ DENKO ပန့်ဆီဆိုင်မှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၃ ဦးသေဆုံးပြီး ၁၀ ယောက်ကျော် ဒဏ်ရာရတဲ့အပြင် ဆီဆိုင်နဲ့ ကားတွေ မီးလောင်ပျက်စီးတယ် ၊ ပြီးခဲ့ရက်ပိုင်း အောက်တို ဘာ ၁၃ ရက် ည ၇ နာရီဝန်းကျင်ရပ်ကွက် ၈၊ နယ်မြေ ၇ က ရေပန်းလမ်းဆုံ အောက်ရှိ FINE ပရိဘောဂဆိုင်အနီး၊ လူထိ ၊ထိခိုက်တာ မရှိဘူး ” လို့ ပြောပါတယ်။
လားရှိုးမြို့ခံ စီးပွားရေး လုပ်ငန်းရှင် တယောက်ကလည်း ” လားရှိုးမှာက ဒေသတွင်း တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့ လေးငါးဖွဲ့လောက်ရှိတယ် ၊ သူတို့နဲ့လည်း အဆင်ပြေအောင် အလိုက်အထိုက်နေရတယ် ၊ လုပ်ငန်းခွန်နဲ့ ပတ်သက်လို့ ပေးဆောင်ရတာက အဖွဲ့တိုင်းလိုလို ပေးဆောင်ရတယ် ၊ နည်းတာများတာပဲကွာတယ် ၊ အပေးမလွတ်ဘူး ၊ အဲ့ဒါကြောင့် လားရှိုးမှာ ရင်းနှီးမြုပ်နှံမှုက တခြား ဒေသတွေထက် ပိုများတယ် ၊ ပေါက်ကွဲမှုတွေ ဘာကြောင့်ဖြစ်သလဲဆိုရင် ၊ နိုင်ငံရေးအရ ဖောက်ခွဲတိုက်ခိုက်တာထက်၊ စီးပွားရေးအရ တိုက်ခိုက်ခံရတာကများတယ် ၊ ဘာကြောင့်လဲဆိုရင်သက်ဆိုင်ရာ ရုံးဌာန နေရာတွေမှာ တိုက်ခိုက်ခံရတာက အကြိမ်ရေနည်းတယ်၊ စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်တဲ့ နေရာမှာ ပေါက်ကွဲခံရတာများနေလို့ဖြစ်တယ် ” လို့ ပြောပါတယ်။
ဒါ့အပြင် လားရှိုးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” လားရှိုးမှာ ပေါက်ကွဲမှုတွေ မကြာခဏဖြစ်တယ် ၊ ဖြစ်ပွားရတဲ့ အကြောင်းရင်းက စီးပွားရေး လုပ်ငန်းတွေ ယှဥ်ပြိုင်တာပါတယ် ၊ လက်နက်ကိုင် အဖွဲ့တွေကို စီးပွားရေးလုပ်ငန်းရှင်တချို့က အသုံးချတာလည်း ပါနိုင်တယ် ” လို့ ပြောပါတယ်။
အဲ့ဒါကြောင့် လားရှိုးမြို့မှာ ဒီနှစ် ဇန်နဝါရီကနေ အခု အောက်တိုဘာ ၁၅ ရက်အထိ ပေါက်ကွဲမှုဖြစ်စဥ် အကြိမ်ရေ ၁၂ ကြိမ်ဖြစ်ပွားပြီး ထိခိုက်သေဆုံးသူ ၁၅ ရှိကာ လူ ၇၀ ထက်မနည်း ဒဏ်ရာရတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
ဒါ့အပြင် အဲ့ဒီ ပေါက်ကွဲမှုတွေမှာ အကြီးစား ပေါက်ကွဲမှု ၂ ကြိမ် ၊ အလတ်စား ပေါက်ကွဲမှု ၇ ကြိမ်နဲ့ အသေးစားပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဓာတ်ပုံ ၊ လားရှိုး စက်သုံးဆီဆိုင် ပေါက်ကွဲမှုပုံ ( လားရှိုး လူငယ် ကူညီရေး ပရဟိတအဖွဲ့)
Telegram Link – https://t.me/VOMNEWS2023/3024