ယင်းမာပင်နယ်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားလို့ လူ ၅ ယောက် သေဆုံး ၊ ဒီရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းမှာ သေဆုံးသူ ၂၀ ကျော်ရှ

အောက်တိုဘာ ၊ ၁၆ ၊ ၂၀၂၃
SP ( VOM)
စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ယင်းမာပင်မြို့နယ် ၊ သဲကုန်းကျေးရွာနားမှာ ဒီကနေ့မနက် ၇ နာရီဝန်းကျင်က ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး သေဆုံး ၊ ဒဏ်ရာရတာတွေရှိတယ်လို့ ဒေသခံ လူမှုကူညီေရးအဖွဲ့တွေဆီက သိရပါတယ်။
” ဒီမနက် အစောပိုင်းက သဲကုန်းရွာနားမှာ အမျိုးသား ၅ ယောက်ပစ်သတ်ခံရတယ် ၊ ဘယ်သူ ဘယ်ဝါဆိုတာ နာမည်မသိရသေးဘူး ၊ ဘယ်ရွာသားတွေလည်းဆိုတာ စုံစမ်းနေတယ် ” လို့ ပရဟိတသမား တယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်က ကား ၁၀ စီးကျော်နဲ့ မြေကော်ယန္တယား ၂ စီး အပါအဝင် ကားတွေ အများအပြားနဲ့ ယင်းမာပင် ၊ ပုလဲနယ်တွေမှာ စစ်ကြောင်းတွေ ဝင်ရောက်လာတယ် ၊ အဲ့ဒီ စစ်ကြောင်းအဖွဲ့ ဒေသတွင်း လက်နက်ကိုင်တွေ တိုက်ပွဲဖြစ်တာ ထင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး ယင်းမာပင်ခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” ယင်းမာပင်မြို့နယ်မှာ နယ်မြေရှင်းလင်းနေတာတွေရှိတယ် ၊ မနေ့က မနက် ၉ နာရီလောက်မှာ အင်းကျေးရွာနားမှာ ထိတွေ့မှုဖြစ်တယ် ၊ ရန်သူ့အလောင်း ၁ လောင်း ၊ M22 သေနတ် တလက် ၊ KIA ထုတ် 40 Mm သေနတ် ၁ လက် နဲ့ ခဲယမ်းတွေ သိမ်းဆည်းရတယ် ၊ ဒီမနက် ၇ နာရီက သဲကုန်းရွာနားမှာလည်း ထိတွေ့မှုထပ်ဖြစ်တယ် ၊ အလောင်း ၅ လောင်း ၊ လက်လုပ်မိုင်း ၄ လုံးနဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိတယ် ၊ မိမိဘက်က ထိခိုက်သေဆုံးတာတော့မရှိဘူး ” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ အရာတော်မြို့နယ် ၊ အောင်သာကုန်းကျေးရွာနားမှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့က လူငယ် ၂ ယောက် ပစ်သတ်ခံရပြီး လက်နက်ခဲယမ်းတွေပါသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ် ၊ ဘုန်းဘွဲ့ကျေးရွာနားမှာ မနေ့ မနက်က နယ်မြေရှင်းလင်းရေး စစ်ကြောင်း ကင်းပုန်းအဖွဲ့နဲ့ ဒေသတွင်း လက်နက်ကိုင်တွေ ပစ်ခတ်မှုဖြစ်ပွားတာမှာ လူ ၂ ယောက်သေဆုံးပြီး သေနတ် ၂ လက်အပါအဝင် လက်နက် ခဲယမ်းတွေ ၊ စကားပြောစက်တွေ ၊ ဆိုင်ကယ် ၁ စီး ပါသွားတယ်လို့ သိရပါတယ်။
” ဒီရက်ပိုင်းအတွင်း ခင်ဦးမြို့နယ် ၊ ကံသစ်ကျေးရွာနားမှာ ၁ ယောက် ၊ အရာတော်မြို့နယ် ၊ ကျွန်းဖိုပင်ရွာနားမှာ ၁ ယောက် ၊ စစ်ကိုင်းမြို့နယ် ၊ လင်တလူးရွာနားမှာ ၂ ယောက် ၊ ကောလင်းမြို့ပေါ်မှာ ၂ ယောက် ၊ မော်လိုက်မြို့နယ် ၊ ညောင်ဝန်းရွာနားမှာ ၂ ယောက် ၊ ပုလဲမြို့နယ်မှာ ၃ ယောက် ပစ်သတ်ခံရတယ် ၊ လက်နက်ကိုင် အချင်းချင်း ပစ်ကြလို့ သေတာဆိုရင် အကြောင်းမဟုတ်ဘူး ၊ အခုခါ မိုးရာသီမို့ တောထဲမှာ တောင်သူတွေနဲ့ လူမှားပြီး သတ်မိမှာကို စိုးရိမ်နေရတယ် ” လို့ အရာတော်ဒေသခံတယောက်က ပြောပါတယ်။
အဲ့ဒါကြောင့် စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ နယ်မြေရှင်းလင်းရေးအဖွဲ့တွေက ပစ်ခတ်လို့ သေဆုံးရသူ ၂၀ ကျော်ရှိတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ ပြီးခဲ့တဲ့ ၂၀၂၁ နှစ်ကုန်ပိုင်းကစလို့ အခုထိ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့တွေကြား မကြာခဏ ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားပြီး ၂ ဘက်ထိခိုက်သေဆုံးတာတွေရှိတယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #ယင်းမာပင် # ထိတွေ့တိုက်ပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW