ရေစကြိုမှာ တိုက်ပွဲအတွင်း ဒေသတွင်း လက်နက်ကိုင်အဖွဲ့ဝင် ခုနှစ်ယောက် အသေပစ်ဖမ်းခံရ

အောက်တိုဘာ ၊ ၁၉ ၊ ၂၀၂၃
SP ( VOM)
မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ ညောင်ဇောက်ကျေးရွာအုပ်စု ၊ ကျောမကြားရွာနားမှာ မနေ့ အောက်တိုဘာ ၁၈ ရက်က တိုက်ပွဲတွေဖြစ်ပွားပြီး သေဆုံး ဒဏ်ရာရသူတွေ ရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
” ကျောမကြားရွာနားမှာ ၁၇ ရက်က. စစ်ကြောင်းဝင်လာပြီး ဒေသတွင်း လက်နက်ကိုင်တွေနဲ့ တိုက်ပွဲဖြစ်တယ် ၊ ရွာခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေတယ် ၊ အဲ့ဒီ တိုက်ပွဲမှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့ဘက်က အလောင်း ခုနှစ်လောင်းတွေ့ရတယ် ၊ စစ်ကြောင်းဘက်က ထိခိုက်သေဆုံးတာတော့ မမြင်ရဘူး ၊ သေဆုံးသူတွေဟာ နယ်ခံတွေ မဟုတ်ကြဘူး ” လို့ ကျောမကြား ဒေသခံတယောက်က ပြောပါတယ်။
ရေစကြိုမြို့နယ်ဟာ ဧရာဝတီနဲ့ ချင်းတွင်းမြစ် ဆုံရာဝန်းကျင်ဒေသဖြစ်ပြီး မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းခရိုင် နဲ့ ယင်းမာပင်ခရိုင်တို့နဲ့ နယ်နမိတ်ချင်း ထိစပ်နေပြီး နယ်ပေါင်းစုံက ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေ အများအပြားရှိတာကြောင့် အခုသေဆုံးသူတွေကို ဒေသခံတွေ မသိရတာဖြစ်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်က ရေစကြိုမြို့နယ် ၊ ပခန်းကြီး ရဲစခန်းက ရဲတပ်ကြပ်တယောက် ပစ်သတ်ခံရပြီး မနေ့ အောက်တိုဘာ ၁၇ ရက်ညကလည်း ငါးလန် ကျေးရွာက ကြံ့ခိုင်ရေး ပါတီဝင် လေးယောက် အသတ်ခံရတယ်လို့ သိရပါတယ်။
အဲ့ဒီ အပြင် ပြီးခဲ့တဲ့လ သြဂုတ် ၂၅ ရက် မနက် ၅ နာရီ ဝန်းကျင်ကလည်း ရေစကြိုမြို့နယ် ၊ ဂွေးချိုကျေးရွာကနေ စည်သာကို စျေးဝယ်ထွက်လာတဲ့ ကျေးရွာ ပြည်သူ့စစ်အဖွဲ့ဝင် ခြောက်ယောက် ချောင်မြောင်း ပစ်သတ်ခံရပြီး သေနတ် ငါးလက်နဲ့ ကျည်ဆံတွေ ပါသွားတယ်လို့ သိရပါတယ်။
ရေစကြိုနယ်မှာ ပြီးခဲ့တဲ့ ၂၀၂၁ မေကနေ စလို့ အခုထိ သတ်ဖြတ်ခံရသူ ၂၀၀ ကျော်ရှိသွားရှိပြီဖြစ်တယ် ၊ အဲ့ဒီထဲက ကြံ့ခိုင် ​ေရး ပါတီနဲ့ နီးစပ်သူ ၁၀၀ ကျော်ပါတယ် ၊ ကျန်တာတွေက ပညာရေးဝန်ထမ်းတွေ ၊ ရဟန်းသံဃာတွေ ၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေ ၊ ရပ် / ကျေး အုပ်ကြီးတွေ ၊ ရဲတွေ ၊ ပြည်သူ့စစ်တွေ နဲ့ အရပ်သားတွေဖြစ်တယ် ” လို့ ရေစကြိုမြို့ခံတယောက်က ပြောပါတယ်။
ရေစကြိုမြို့နယ်မှာ ဒေသတွင်းလက်နက်ကိုင် အဖွဲ့တွေနဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့တွေကြား မကြာခဏ တိုက်ပွဲတွေဖြစ်ပြီး ၂ ဘက် ထိခိုက် သေဆုံးတာတွေရှိတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW