ရွှေ၊ ငွေနဲ့ စက်သုံးဆီ တပတ်တာဈေးကွက် 

 

အောက်တိုဘာ ၂၃ – ၂၀၂၃
SN (VOM)

အောက်တိုဘာ ၁၇ ရက်မှ ၂၃ ရက်အထိ တပတ်တာကာလအတွင်း ‌ပြည်တွင်းရွှေ‌ဈေး အနည်းငယ် မြင့်တက်လာခဲ့သလို ငွေလဲနှုန်း အနည်းငယ် ကျဆင်းခဲ့ပေမယ့် စက်သုံးဆီဈေးနှုန်းတွေကတော့ အတက်အကျ မရှိသလောက်ဖြစ်ခဲ့ပြီး ဈေးငြိမ်နေခဲ့ပါတယ်။

မတည်ငြိမ်တဲ့ ကမ္ဘာ့ရေးရာ‌တွေကြောင့် ကမ္ဘာ့ရွှေဈေး မြင့်တက်လာခြင်းနဲ့အတူ မြန်မာ့ရွှေဈေးနှုန်းလည်း အနည်းငယ် မြင့်တက်လျက်ရှိကာ ငွေလဲနှုန်းနဲ့ စက်သုံးဆီဈေးတွေလည်း တက်ရိပ်ပြလာနိုင်တယ်လို့  ဈေးကွက်ကျွမ်းကျင်သူတွေနဲ့ လုပ်ငန်းရှင်တွေကပြီးခဲ့တဲ့ ရက်သတ္တပတ်ကတည်းက ခန့်မှန်း သုံးသပ်ထားကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် ငွေလဲနှုန်းတွေဟာ အောက်တိုဘာ ၁၇ ရက်ကနေ ၂၁ ရက်အထိ တည်ငြိမ်ခဲ့ပြီး ဒီကနေ့ ဈေးကွက်အဖွင့် အောက်တိုဘာ၂၃ ရက်နေ့ (တနင်္လာနေ့) မှာတော့ အမေရိကန်ဒေါ်လာဈေး အနည်းငယ် ကျဆင်းလျက်ရှိကာ စက်သုံးဆီဈေးနှုန်းတွေဟာလည်းအလှုပ်အခတ် နည်းနေဆဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် လာမယ့်ရက်သတ္တပတ်အတွင်း ဖြစ်ပေါ်လာနိုင်တဲ့ ရွှေ၊ ငွေ၊ စက်သုံးဆီတို့ရဲ့ ဈေးနှုန်း အပြောင်းအလဲတွေကို ချိန်ဆနိုင်ဖို့ အခုတပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဈေးကွက်အခြေအနေနဲ့ သုံးသပ်ချက်တွေကို VOM ကနေ စုစည်း တင်ပြပေးလိုက်ပါတယ်။

#ရွှေဈေးနှုန်း

ပြည်တွင်းမှာ ဒေါ်လာဈေးနှုန်း တည်ငြိမ်နေပေမယ့်လည်း ကမ္ဘာ့ရွှေဈေးနှုန်း မြင့်တက်လာမှုကြောင့် အောက်တိုဘာ ၁၄ ရက်နေ့မှစတင်ကာ ပြည်တွင်းရွှေဈေး ၃၅ သိန်းနီးပါး ရောက်ရှိခဲ့ပြီး တပတ်ကျော်ကာလအတွင်း ကျပ် ၄၀၀၀၀ နီးပါး မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ် ဈေးနှုန်းစတင်ဖွင့်လှစ်တဲ့ အောက်တိုဘာ ၁၆ ရက် (တနင်္လာနေ့)က ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၁၉ဒေါ်လာသာရှိပေမယ့် ဒီနေ့ အောက်တိုဘာ ၂၃ ရက် (တနင်္လာနေ့) မှာတော့ တအောင်စကို ၁၉၇၁ ဒေါ်လာအထိ မြင့်တက်လာခဲ့ပြီး တပတ်အတွင်း တအောင်စကို ၅၂ ဒေါ်လာ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

“အခုလက်ရှိ ‌ပြင်ပဈေးကွက်မှာက ‌ကမ္ဘာ့ရွှေဈေး တက်လာတာကြောင့် ပြည်တွင်းရွှေဈေး အနည်းအကျဉ်းလောက်တော့ အတက်ဘက်ကို ရောက်လာတယ်။ ဒါပေမယ့်လည်း အဖမ်းအဆီးတွေကြောင့် အခုလက်ရှိ ဈေးကွက်က ဈေးတန်းတခုကို စောင့်ကြည့်လုပ်ကိုင်နေရတဲ့ အနေအထားမျိုးပါ။ တဖက်မှာလည်း ဒေါ်လာဈေးက ငြိမ်နေတယ်၊ ဈေးကွက်ကလည်း ဆိုင်တွေမှာရွှေတွေအိုင်ပြီး အရောင်းအဝယ် အေးနေတယ်” လို့ ရွှေလုပ်ငန်းရှင်တဦးက ပြောပါတယ်။

ရည်ညွှန်းဈေးကို ဈေးကွက်ပေါက်ဈေးအဖြစ် အောက်တိုဘာ ၁၂ ရက်နေ့မှစတင်ကာ ပြောင်းလဲထုတ်ပြန်နေတဲ့ ရန်ကုန်တိုင်းရွှေအသင်း (YGEA) ရဲ့ ရွှေဈေးနှုန်းဟာ အောက်တိုဘာ ၂၃ ရက်နေ့မှာတော့ ကျပ် ၃၀၈၃၆၀၀ ဈေးတန်းကို ရောက်ရှိနေပြီး ပြင်ပပေါက်ဈေး ၃၄၇၅၀၀၀ နဲ့ နှိုင်းယှဉ်ပါက ကျပ် လေးသိန်းနီးပါး ကွာဟနေတာဖြစ်ပါတယ်။

 

#ငွေလဲနှုန်း

နိုင်ငံခြားငွေကြေး ဈေးကွက်အတွင်း အမေရိကန်ဒေါ်လာဈေးဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက် (တနင်္လာနေ့) ဈေးကွက်အဖွင့်မှာ ၃၃၅၀ ကျပ်ဝန်းကျင်ရှိရာမှ ဒီနေ့ အောက်တိုဘာ ၂၃ ရက် (တနင်္လာနေ့) ဈေးကွက်အဖွင့်မှာတော့ ၃၂၉၀ ကျပ်ဝန်းကျင်ရှိပြီး အနည်းငယ် ကျဆင်းလာတာကို တွေ့ရပါတယ်။

“အရင်ရက်သတ္တပတ်တွေက တောက်လျှောက် ငြိမ်နေခဲ့တဲ့ ‌ငွေလဲဈေးတွေက ဒီကနေ့မှာတော့ နည်းနည်းချင်းစီ ပြန်ကျလာတယ်။ဒေါ်လာက ၆၀ လောက်ကျတယ်။ ဘတ်ဈေးက အတက်အကျ သိပ်မကွာဘူး။ ယွမ်ဈေးလည်း တယွမ်ကို  ၄ ကျပ်လောက် ပြန်ကျလာတယ်။ ဒီ့ထက် ထပ်ကျနိုင်မလားဆိုတာကတော့ ကမ္ဘာ့စစ်ရေးအခြေအနေတွေကလည်း ရှိနေတော့ သေချာတော့ ပြောလို့မရသေးဘူး၊ စောင့်ကြည့်ရဦးမှာပေါ့။ ဒီမှာကလည်း နစကရဲ့ တင်းကြပ်မှုတွေ၊ အဖမ်းအဆီးတွေလည်း ရှိနေတော့ ငွေဈေးအတက်အကျ ဘယ်လိုရှိမလဲဆိုတာက ဆက်လက် စောင့်ကြည့်ရဦးမယ့် အနေအထားပါ” လို့ နိုင်ငံခြားငွေကြေး လဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူတဦးက ပြောပါတယ်။

လက်ရှိမှာ နယ်စပ်ကုန်သွယ်ရေးတွေမှာ အဓိက အသုံးပြုနေတဲ့ ငွေလဲနှုန်းတွေလည်း အနည်းငယ် ကျဆင်း‌နေတာဖြစ်ပြီး ဒီကနေ့ ဈေးကွက်အဖွင့်မှာ တရုတ်ယွမ် ၄၅၂ ကျပ်ဝန်းကျင်၊ ထိုင်းဘတ် ၉၀.၄၇ ကျပ်ဝန်းကျင်နဲ့ အိန္ဒိယရူပီး ၃၉.၈၆ ကျပ်ဝန်းကျင်ဈေး ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက် (တနင်္လာ) နေ့ ဈေးကွက်အဖွင့်တုန်းကတော့ တရုတ်ယွမ် ၄၅၆ ကျပ်ဝန်းကျင်၊ ထိုင်းဘတ်၉၂.၅၉ ကျပ်ဝန်းကျင်၊ အိန္ဒိယရူပီး ၄၀.၂၅ ကျပ်ဝန်းကျင်ဈေး ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

#စက်သုံးဆီဈေးနှုန်း

ပြည်တွင်း စက်သုံးဆီဈေးနှုန်းတွေဟာ တပတ်တာကာလအတွင်း အပြောင်းအလဲမရှိဘဲ တလီတာ ကျပ် ၂၀၀၀ ကျော်နဲ့ ဈေးငြိမ်နေပါတယ်။

စက်သုံးဆီဈေးဟာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာဈေးနဲ့ ကမ္ဘာ့နိုင်ငံရေးအခြေအနေပေါ် မူတည်နေတာဖြစ်ပါတယ်။ လက်ရှိမှာ ကမ္ဘာ့ရေးရာ အခြေအနေတွေကြောင့် ဈေးတက်နိုင်ချေရှိတယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက ခန့်မှန်းသုံးသပ်ထားပေမယ့် နစက က ဈေးကွက်ထိန်းပြီး တင်းတင်းကြပ်ကြပ် ကိုင်တွယ်လုပ်ဆောင်နေတဲ့အတွက် ဈေးနှုန်းအပြောင်းအလဲ ကြီးကြီးမားမား ဖြစ်နိုင်ချေ နည်းပါးနေသေးတယ်လို့ သိရပါတယ်။

နစကအနေနဲ့ လက်ရှိမှာလည်း လွန်ခဲ့တဲ့ တနှစ်ကျော်က ဖွဲ့စည်းထားတဲ့  စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီကို ဖျက်သိမ်းလိုက်ပြီး ဝန်ကြီးဌာနနဲ့ ပုဂ္ဂလိက ကဏ္ဍမှ သက်ဆိုင်ရာ Stakeholder တွေပါဝင်တဲ့ကော်မတီအသစ်ကို ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ အောက်တိုဘာ ၁၃ ရက်နေ့ ရက်စွဲနဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန် မြန်ဆန်စေရေး ဗဟိုကော်မတီတို့က ထုတ်ပြန်ထားပါတယ်။

ဒါနဲ့ပတ်သက်လို့ စီးပွားရေးလုပ်ငန်းရှင်တဦးက “အဖွဲ့သစ် ပြန်ဖွဲ့လိုက်တဲ့သဘောက ရွှေနဲ့ ဒေါ်လာပြီးရင် စက်သုံးဆီဘက်ကိုလှည့်လာတဲ့ အနေအထားပါ။ ဆီဈေးကလည်း လောလောဆယ် ငြိမ်နေတယ်။ လက်ရှိမှာ ဈေးကလည်း 92 အောက်တိန်းက နှစ်ထောင်အထက်မှာရှိနေတော့ ဝယ်ရတာတော့ အရင်လောက် အခက်အခဲမရှိကြတော့ပါဘူး။ အခု အသစ်ပြန်ဖွဲ့လိုက်တဲ့ ကော်မတီကရော ဘယ်လောက်အထိ ဈေးကွက် ထိန်းညှိမှုတွေလုပ်ဆောင်နိုင်မလဲ ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ” လို့ သုံးသပ်ပြောဆိုပါတယ်။

စီးပွား/ကူးသန်း ဝန်ကြီးဌာနအနေနဲ့ ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၁ ရက် ရက်စွဲပါအမိန့်ကြော်ငြာစာ အမှတ် ၂၇/၂၀၂၂ နဲ့ ထုတ်ပြန်ထားတဲ့စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကို အမိန့်ကြော်ငြာစာအမှတ် ၆၈/၂၀၂၃ နဲ့ ပယ်ဖျက်လိုက်တာဖြစ်ပြီး ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန် မြန်ဆန်စေရေးဗဟိုကော်မတီကလည်း ကော်မတီအသစ်ဖွဲ့စည်းကြောင်းကို အမိန့်ကြော်ငြာစာအမှတ် ၀၀၁/၂၀၂၃ နဲ့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အခုလို ကော်မတီသစ် ဖွဲ့စည်းခြင်းဟာ ပြည်ပမှ တင်သွင်းသုံးစွဲနေရတဲ့ စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းကဏ္ဍကိုပိုမိုထိရောက်စွာ ထိန်းကျောင်း ကိုယ်တွယ်ဆောင်ရွက်နိုင်ဖို့၊ တင်သွင်းလာတဲ့ စက်သုံးဆီတွေ အရည်အသွေးပြည့်မီဖို့နဲ့ ပြည်သူတွေ ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူသုံးစွဲနိုင်ဖို့ ကြီးကြပ်ကွပ်ကဲခြင်းတွေ ပြုလုပ်နိုင်အောင် ပြင်ဆင်ဖွဲ့စည်းလိုက်တာလို့ သိရပါတယ်။

ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေအဖြစ် အချက် ၁၀ ချက် ပါရှိပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်တဲ့ အခွန်အခတွေ လျော့နည်းနစ်နာမှု မရှိစေရေးနဲ့ ဈေးနှုန်းတွေ စနစ်တကျ ရှိစေရေး ကြီးကြပ်ဆောင်ရွက်ဖို့၊ ပြည်ပမှ စက်သုံးဆီ တင်သွင်းခွင့် လိုင်စင်လျှောက်ခြင်း၊ လိုင်စင်ခွင့်ပြုခြင်းနဲ့ တင်သွင်း စက်သုံးဆီတွေ သိုလှောင်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်းတွေကို စနစ်တကျ ရှိစေရေး ကြပ်မတ်ဆောင်ရွက်ဖို့၊ သတ်မှတ်ထားရှိတဲ့ စံချိန်စံညွှန်း ပြည့်မီတဲ့ ဆီတွေကိုသာ တင်သွင်းလာစေရေး ကြီးကြပ်ဆောင်ရွက်ရန်တို့ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် သိုလှောင်ကန်စခန်းတွေကို စက်သုံးဆီအမျိုးအစားအလိုက် နေ့စဉ်တင်သွင်းရောက်ရှိမှု၊ နေ့စဉ် လက်ကျန်ပမာဏနဲ့လက်ကျန်အပေါ် သုံးစွဲနိုင်မယ့်ရက် ဖူလုံမှုတို့ကို စောင့်ကြည့်ကြပ်မတ် ဆောင်ရွက်ဖို့အပြင် အရည်အသွေးနဲ့ပတ်သက်လို့ တခြားထူးခြားမှုရှိရင်လည်း ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန် မြန်ဆန်စေရေးဗဟိုကော်မတီကို ချက်ချင်း သတင်းပို့ရမယ်လို့လည်း ပါရှိပါတယ်။

ကော်မတီသစ်အနေနဲ့ အရည်အသွေးပိုင်းမှန်ကန်မှုရှိ/မရှိကိုလည်း သိုလှောင်ကန် စခန်းတွေက ထုတ်ယူဖြန့်ဖြူးပေးချိန်အတွင်းအခါအားလျော်စွာ စိစစ်ပေးရမှာဖြစ်ပြီး ပြည်ပမှ တင်သွင်းလာတဲ့ ဆီသင်္ဘောတွေ ဝင်ရောက်မှုကို တင်သွင်းတဲ့ ကုမ္ပဏီ၊ နိုင်ငံ၊တန်ချိန်၊ လိုင်စင်အမှတ်နဲ့ ရက်စွဲတွေ ဖော်ပြကာ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီကို တင်ပြနိုင်ဖို့အတွက် ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီကို နေ့စဉ် တင်ပြရမယ်လို့ သိရှိရပါတယ်။

ဒါ့အပြင် ဆီသိုလှောင်ကန်စခန်းတွေမှာ သိုလှောင်ထားရှိတဲ့ ပမာဏကို ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန် မြန်ဆန်စေရေးဗဟိုကော်မတီကို နေ့စဉ်တင်ပြရမှာဖြစ်ပြီး သိုလှောင်ထားမှုတွေကို အခါအားလျော်စွာ စစ်ဆေးဆောင်ရွက်ဖို့၊ တင်သွင်းမှု၊ ဖြန့်ဖြူးမှု၊ သိုလှောင်မှု၊ ဈေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားမှု လုပ်ငန်းစဉ်တလျှောက်မှာ ဈေးကစားလိုတဲ့ လုပ်ဆောင်မှုတွေနဲ့ မသမာတဲ့ ရည်ရွယ်ချက်နဲ့ ရောနှောရောင်းချမှုတွေ ရှိလာပါက အရေးယူနိုင်ရေး Traceability Record ထားပြီး ကြီးကြပ်သွားရန်တို့ကိုလည်း သတ်မှတ် ထုတ်ပြန်ထားပါတယ်။

ဒီကနေ့ အောက်တိုဘာ ၂၃ ရက်နေ့မှာ ဈေးကွက်အတွင်း ဖြစ်ပေါ်နေတဲ့ စက်သုံးဆီ ဈေး‌နှုန်းတွေကတော့ ရန်ကုန်မှာ အောက်တိန်း 92 တလီတာ ၂၀၆၅ ကျပ်၊ 95 တလီတာ ၂၁၆၀ ကျပ်နဲ့ ဒီဇယ်တလီတာ ၂၃၁၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၄၂၀ ကျပ်၊မန္တလေးမှာ အောက်တိန်း 92 တလီတာ ၂၁၁၅ ကျပ်၊ 95 တလီတာ ၂၂၁၀ ကျပ်နဲ့ ဒီဇယ်တလီတာ ၂၃၅၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၄၇၀ ကျပ်၊ နေပြည်တော်မှာ အောက်တိန်း 92 တလီတာ ၂၁၁၀ ကျပ်၊ 95 တလီတာ ၂၂၀၅ ကျပ်နဲ့ ဒီဇယ်တလီတာ၂၃၅၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၄၆၅ ကျပ် ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW