ကလေးဝမြို့နယ်မှာ ပညာရေး ဝန်ထမ်း ၁၀ ယောက် အဖမ်းခံရ ၊ ထိတွေ့တိုက်ပွဲအတွင်း လူ ၂၈ ယောက်သေဆုံး

 

 

နိုဝင်ဘာ ၊ ၁၀ ၊ ၂၀၂၃

SP (VOM)

စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးဝမြို့နယ်မှာ မနေ့ နိုဝင်ဘာ ၇ ရက် မနက်ပိုင်းက ပညာရေးဝန်ထမ်း ၁၀ ယောက် ဖမ်းဆီးခံရပြီးနောက် ထိတွေ့တိုက်ပွဲအတွင်း လူ ၂၈ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” ကလေးဝမြို့နယ် ၊ တုန်နန်းကျေးရွာအုပ်စု ၊ မန်လုံကျေးရွာ၊ အခြေခံပညာ မူလတန်းလွန်ကျောင်းကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့က လူ ၃၀ ကျော်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက် မနက်ခင်း ကျောင်းချိန်မှာ ကျောင်းထဲကိုဝင်ရောက်လာတယ် ၊ အဲ့ဒီနောက် ဦးသန်းမောင်(၆၀)နှစ် (ကျေးရွာတာဝန်ခံ)၊ ဦးချစ်ဦး(၅၄)နှစ်၊ ဦးလှမျိုး(၃၄)နှစ်၊ ဦးသောင်းထွဋ်တင်(၄၂)နှစ်၊ ဦးမင်းမင်း(၄၀)နှစ်၊ ဦးသန်းနိုင်(၃၉)နှစ် ကြိုးတုပ် ဖမ်းခေါ်လာတယ် ၊ အဲ့ဒီ အပြင် မန်လုံကျေးရွာ မူလတန်းကျောင်းက ဆရာမများဖြစ်တဲ့ ဒု မူလတန်းပြ ဒေါ်ငြိမ်းငြိမ်းစိုး(၃၇)နှစ်၊ လက်ထောက်မူလတန်းပြများဖြစ်သည့် ဒေါ်သူဇာဦး(၂၃)နှစ်၊ ဒေါ်နှင်းဝေလှိုင်(၂၇)နှစ် နှင့် ဒေါ်မိုးမိုးမြင့်ခိုင်(၂၂)နှစ်၊စုစုပေါင်း ၁၀ ယောက်ကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ၊ ကလေးဝမြို့နယ်၊ ဂဇက်ကျေးရွာဘက် ဆီ ဖမ်းဆီးခေါ်ဆောင်သွားတယ် ၊ အခုထိ ပြန်လွတ်မလာသေးဘူး ၊ နောက်ပြီး ဆရာမတွေဆီ ဆက်သွယ်တာလည်း မရဘူး ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကလေးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ကလေးဝမြို့နယ် ၊ မန်လုံရွာက ဆရာ ၊ ဆရာမ ၁၀ ယောက်ကို ဖမ်းခေါ်သွားတယ် ၊ အဲ့ဒါကြောင့် လက်ရှိအခြေအနေက မန်လုံကျောင်းမှာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးခိုင်ပါ ဆရာ၊ ဆရာမ ၈ ဦးက ကျောင်းသား ၂၉ ဦး၊ ကျောင်းသူ ၁၅ ဦး စုစုပေါင်း ၄၄ ဦးတို့အား ပညာသင်ကြားပေးနေတယ် ၊ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတဲ့ ဆရာ ၊ ဆရာမ ပြန်လည်လွတ်မြောက်ရေးအတွက် နယ်မြေတွေ ရှင်းလင်းနေတယ် ” လို့ ပြောပါတယ်။

မနေ့ နိုဝင်ဘာ ၉ ရက် မနက်ပိုင်းက ကလေးဝမြို့နယ် ၊ မဟာမြိုင် တောကြီးအတွင်းမှာရှိတဲ့ အောင်ချမ်းသာကျေးရွာအုပ်စုရဲ့ အနောက်တောင်ဘက် ဆင်အိုင်မ ကျေးရွာနားမှာ နယ်မြေရှင်းလင်းရေး အဖွဲ့နဲ့ထိတွေ့တိုက်ပွဲအတွင်း ဒေသတွင်း လက်နက်ကိုင် အဖွဲ့က လူ ၂၈ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ ကလေးဝမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဆင်အိုင်မရွာနားမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားတယ် ၊ အမည်မသိ အမျိုးသား အလောင်း ၂၈ လောင်း ၊ အမ်-၇၉ လောင်ချာ တ လက် ၊ KIA ထုတ် ၄၀ မမ လောင်ချာ တ လက် ၊ အမ် -၄ သေနတ် လေးလက် ၊ စနိုက်ပါ သေနတ် နှစ် လက် ၊ -HK-33 သေနတ် တလက် ၊ အေကေ-၄၇ သေနတ် တ လက် ၊ အမ်-၂၂ သေနတ် ၁၁ လက် ၊ လက်လုပ်သေနတ် လေး လက် ၊ အမ်-၂၂ ကျည် ၆၈၅ တောင့် ၊ စနိုက်ပါကျည် ၁၅၁ တောင့် ၊ ၅.၅၆ ကျည် ၄၁၀ တောင့် ၊ ၄၀ မမ ဗုံးသီး ကိုးလုံးဘအပါအဝင် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ် ၊ ဖမ်းဆီးခံရတဲ့ ပညာရေးဝန်ထမ်းတွေကိုတော့ ရှာဖွေ ကယ်ဆယ်နေဆဲဖြစ်တယ် ” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းမှာ မြို့နယ် ၃၇ မြို့နယ်ရှိ ကျေးရွာပေါင်း ခြောက်သောင်း ကျော်ရှိတဲ့အနက် ပြီးခဲ့တဲ့ နှစ် နှစ်ကျော်ကာလကစလို့ ကျောင်းနေအရွယ် ကလေး ၂၀ ရာခိုင်နူန်း ကျောင်းနေနိုင်ပြီး ၊ ကျန်ကလေး ၈၀ ရာခိုင်နူန်းဟာ ၂၀၂၁ နိုင်ငံရေး အပြောင်းအလဲဖြစ်စဥ်တွေကြောင့် ကျောင်းနေဖို့ ပျက်ကွက်ခဲ့တယ်လို့ မှတ်တမ်းများအရ သိရပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းမှာ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ပညာရေးဝန်ထမ်းပေါင်း ၃၀ ကျော် အသတ်ခံရပြီး ၊ ဖမ်းဆီးခံရပြီးနောက် ဆက်သွယ်မရ ဖြစ်နေတဲ့ ပညာရေး ဝန်ထမ်း တရာကျော်ရှိနေတယ်လို့ သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW