ဂါဇာဆေးရုံမှာ လူထောင်ချီပိတ်မိပြီး အလောင်းတွေကြောင့် သင်္ချိုင်းတခုလိုဖြစ်နပြီလို့ WHO သတိပေး

 

 

ဂါဇာစီးတီး၊ နိုဝင်ဘာ-၁၄-၂၀၂၃

မျိုးဆက်(VOM)

ဂါဇာရှိ အကြီးဆုံးဆေးရုံအနီးမှာ တိုက်ပွဲတွေကြောင့် ဆေးရုံမှာ လူထောင်ချီပိတ်မိနေပြီး ပုပ်ပွဲနေတဲ့အလောင်းတွေ စုပုံနေကြောင်း ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။

ဓါတ်အားပြတ်တောက်မှုနဲ့ လောင်စာဆီပြတ်လပ်မှုကို ကိုင်တွယ်ဖြေရှင်းနေရတဲ့ အယ်လ်ရှီဖာဆေးရုံဟာ သင်္ချိုင်းတခုနီးပါး ဖြစ်နေပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားပါတယ်။

ဆေးရုံဟာ ပိတ်ဆို့မှုအောက်မှာရှိနေပြီး ခွေးတွေဟာ အလောင်းတွေကို စတင်စားသောက်နေကြောင်း ဆေးရုံမန်နေဂျာကဆိုပါတယ်။ ဆေးရုံအနီးမှာ မကြာသေးမီရက်တွေအတွင်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။

ဟားမတ်စ်တို့ဟာ ဆေးရုံအောက်မှာရှိတဲ့ ဥမင်လှိုဏ်ခေါင်းတွေမှာ ကွပ်ကဲမှုနဲ့ ထိန်းချုပ်ရေးဌာနအဖြစ် လုပ်ဆောင်နေတယ်လို့ အစ္စရေးကစွပ်စွဲထားပြီး ဟားမတ်စ်တို့ကတော့ ငြင်းဆိုထားပါတယ်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကတော့ ဆေးရုံမှာပိတ်မိနေတဲ့ အရပ်သားတွေကို ကာကွယ်ရမယ်လို့ အစ္စရေးကို တိုက်တွန်းထားပါတယ်။ အလ်ရှီဖာဆေးရုံအနီး တိုက်ပွဲတွေဖြစ်ပွားချိန်မှာ ဆေးရုံကို ပစ်ခတ်မှုမရှိသလို ဝိုင်းရံထားခြင်းလည်းမရှိဘဲ ထွက်ခွာလိုသူမည်သူမဆို ထွက်ခွင့်ပေးထားကြောင်း အစ္စရေးက ပြောပါတယ်။

ဆေးရုံထဲမှာ လူပေါင်း ၆၀၀ လောက်ပိတ်မိနေပြီး အခြားသူတွေဟာလည်း စင်္ကြန်တွေမှာ ခိုလှုံနေကြရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Christian Lindmeier ကပြောပါတယ်။

အစ္စရေးကို ဟားမတ်စ်တို့ရဲ့ နိုဝင်ဘာ ၇ ရက်တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ လူ ၁၂၀၀ ကျော်သေဆုံးပြီး ၂၀၀ ကျော်ဓါးစာခံတွေအဖြစ် ဖမ်းဆီးခံခဲ့ရပါတယ်။ ဂါဇာမှာတော့ အစ္စရေးရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် လူပေါင်း တသောင်းကျော်သေဆုံးခဲ့ပြီး သူတို့ထဲက ၄၅၀၀ ကျော်ဟာ ကလေးငယ်တွေဖြစ်ကြပါတယ်။

Ref:BBC

Photo:AP/ AFP

Related posts

Leave a Comment

VOM News

FREE
VIEW