ရခိုင်မှာ နယ်ခြားစောင့်စခန်းတချို့ကို AA သိမ်း

 

နိုဝင်ဘာ ၁၄- ၂၀၂၃

SN (VOM)

 

ရသေ့တောင်မြို့နယ်၊ အနောက်တောင်ပိုင်း၊ ချိန်ခါလိန် နယ်ခြားစောင့် တပ်စခန်းကို ဒီနေ့ နိုဝင်ဘာ ၁၄ ရက်၊ မနက်ပိုင်းမှာ ရက္ခိုင့်တပ်တော် ( AA) က သိမ်းပိုက်ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

မနေ့ နိုဝင်ဘာ ၁၃ ရက်က စတင်ခဲ့တဲ့ တိုက်ပွဲအတွင်း ရသေ့တောင်မြို့နယ်ရှိ ဒုံးပိုက်နယ်ခြားစောင့်တပ်စခန်းကို အဲ့ဒီ့နေ့မှာပဲ သိမ်းပိုက်ရရှိခဲ့ပြီး ချိန်ခါလိန် နယ်ခြားစောင့်တပ်စခန်းကိုတော့ ဒီနေ့ နိုဝင်ဘာ ၁၄ ရက်၊ မနက် ၇ နာရီခွဲ ဝန်းကျင်မှာ အပြီးသတ် သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

 

တိုက်ပွဲတွေကတော့ ဒီမနက်မှာ ၅ နာရီခွဲလောက်ကတည်းက အသံတွေ ကြားနေရတာ။ အသံတွေ ကြားပြီဆိုတာနဲ့ ကျွန်တော်တို့အားလုံး ဘေးလွတ်ရာကို အသည်းအသန် ပြေးကြတာပေါ့။ တချို့က နီးစပ်ရာ ဘေးလွတ်ရာရွာတွေကို ပြေးကြတာရှိတယ်။ တချို့ကတော့ တောတောင်တွေထဲ ထွက်ပြေးကြတာရှိတယ် လို့ ဒေသခံတယောက်က ပြောပါတယ်။

 

လက်ရှိ ရခိုင်ပြည်နယ်အတွင်း ရသေ့တောင်၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးနဲ့ စစ်တွေမြို့တို့မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး မောင်တောမြို့နယ်၊ မီးတိုက်နဲ့ သင်္ဘောလှရွာအနီးမှာလည်း မနေ့ နိုဝင်ဘာ ၁၃ ရက်ထ မနက် ၅ နာရီခွဲအချိန် ဝန်းကျင်ကစလို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

တိုက်ပွဲစတင်ဖြစ်ပွားတဲ့ နိုဝင်ဘာ ၁၃ ရက်နေ့မှာ နစက က ရခိုင်ရှိ မြို့နယ်အားလုံးရဲ့ ကုန်းလမ်း၊ ရေလမ်း အားလုံးကို ပိတ်ဆို့ထားလိုက်သလို မြို့နယ်အသီးသီးမှာ ည ၉ နာရီနောက်ပိုင်း အပြင်ထွက်ခွင့်ကိုလည်း ပိတ်ပင် တားမြစ်လိုက်တယ်လို့ သိရပါတယ်။

 

တိုက်ပွဲ စတင်ဖြစ်ပွားတဲ့ မနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲမှာ ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၃၀ ဦးခန့်ဟာ ရက္ခိုင့်တပ်တော် AA ထံ လက်နက်ခဲယမ်းတွေနဲ့အတူ လက်နက်ချ အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။

 

အပေါက်ဝနယ်မြေရဲစခန်းလို စခန်းလိုက် လက်နက်ချသွားမှာကို စိုးရိမ်နေတဲ့ နစကအနေနဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းရှိ နယ်မြေရဲစခန်းတွေက ရဲတပ်ဖွဲ့ဝင်တွေကို မြို့ပေါ်စခန်းတွေဆီ ပူးပေါင်းခိုင်းလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

မနေ့ညကပဲ မြို့ပေါ်ကို စခန်းရွှေ့သွားကြတာ။ ဟိုဘက်က လာခေါ်သွားတာ။ သူတို့ဘက်က အင်အားကလည်း နည်းနေတော့ အပေါက်ဝစခန်းလို ဖြစ်မှာကို စိုးရိမ်နေကြတာ လို့ သံတွဲဒေသခံတဦးက ပြောပါတယ်။

 

လက်ရှိမှာ တောင်ကုတ်၊ ကျောက်ဖြူနဲ့ သံတွဲမြို့မှ နယ်မြေရေးစခန်းတွေက ရဲတပ်ဖွဲ့ဝင်တွေ မြို့ပေါ်စခန်းတွေဆီ ပြောင်းရွှေ့သွားကြပြီဖြစ်တယ်လို့ သိရပါတယ်။

 

လက်ရှိ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး နစကဘက်က ကြေညာချက် ထုတ်ပြန်ထားတာ မတွေ့ရသေးတဲ့အတွက် တဖက်ကဖေါ်ပြချက်တွေကိုသာ ကနဦး တင်ပြခြင်းဖြစ်ပြီး နစကဘက်က တုန့်ပြန်ပြောဆိုလာပါက ဆက်လက် တင်ပြသွားမှာ ဖြစ်ပါတယ်။

 

Photo:Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW