ရှီ-ဘိုင်ဒင် ထိပ်သီးဆွေးနွေးပွဲအလွန် အမေရိကန်-တရုတ် ဆက်ဆံရေး

 

နိုဝင်ဘာ-၁၇-၂၀၂၃

မျိုးဆက်(VOM)

တရုတ်သမ္မတရှီကျင်းပင်ဟာ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမှာကျင်းပတဲ့ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဖိုရမ်(အေပက်) အစည်းအဝေးတက်ရောက်ဖို့ အမေရိကန်ကိုရောက်ရှိနေချိန်မှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့ မနေ့က သီးသန့် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။

ဂျိုးဘိုင်ဒင်နဲ့ ရှီကျင်းပင်တို့အတွက် ဒါဟာ တနှစ်တာကာလအတွင်း ပထမဆုံးအကြိမ် ထိပ်သီးဆွေးနွေးပွဲဖြစ်ပြီး တရုတ်သူလျှိုဘောလုံးတွေ အမေရိကန်ပေါ်ဖြတ်ပျံမှု၊ အဆင့်မြင့် ကွန်ပြူတာချပ်စ်တွေ တရုတ်ကိုရောင်းချတာ ပိတ်ပင်မှုနဲ့ ထိုင်ဝမ်အရေးလို ကိစ္စတွေမှာလည်း လုံခြုံရေး၊ ကုန်သွယ်ရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေနဲ့ပတ်သက်ပြီး နှစ်နိုင်ငံအကြား တင်းမာနေချိန် အခုလိုတွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ထိပ်သီးဆွေးနွေးပွဲမတိုင်ခင်က ရလဒ်ကောင်းတွေထွက်လာဖို့ အများစုက မျှော်လင့်မထားခဲ့ပေမယ့် ဒါဟာအပြုသဘောဆောင်ပြီး အကောင်းမွန်ဆုံးဆွေးနွေးမှုဖြစ်တယ်ဆိုတာ ယုံကြည်ကြောင်း အမေရိကန် သမ္မတက ထုတ်ဖော်ပြောဆိုလာပါတယ်။

အမေရိကန်-တရုတ် ဆက်ဆံရေးဟာ ဘယ်တုန်းကမှ အဆင်ချောချောမရှိခဲ့ဖူးကြောင်း တရုတ်သမ္မတရှီကျင်းပင်က အစောပိုင်းမှာ ဝန်ခံပြောဆိုခဲ့ပေမယ့် ကမ္ဘာ့စူပါပါဝါနှစ်နိုင်ငံအကြား အပြန်အလှန် ရန်ဆောင် ကျောခိုင်းနေတာက ရွေးချယ်စရာမဟုတ်ဘူးလို့ ဆိုပါတယ်။

လက်ရှိပြုလုပ်ခဲ့တဲ့ သမ္မတနှစ်ဦးရဲ့ ထိပ်သီးဆွေးနွေးပွဲမှာတော့ ပြီးပြည့်စုံတဲ့ ရလဒ်တွေ ထွက်ပေါ်မလာခဲ့ပေမယ့် အမေရိကန်-တရုတ် ဆက်ဆံရေး ပိုမိုကောင်းမွန်လာနိုင်တဲ့ အချက်လေးချက်ကို သမ္မတနှစ်ဦးက သဘောတူခဲ့ကြပါတယ်။

#နှစ်နိုင်ငံ စစ်ဘက်ဆက်ဆံရေး

အမေရိကန်နဲ့ တရုတ်စစ်တပ်တို့အကြား စစ်ဘက်ဆက်ဆံရေးနဲ့ ဆက်သွယ်မှုတွေကို ပြန်လည်စတင်ဖို့ သမ္မတနှစ်ဦးက ထိပ်သီးဆွေးနွေးပွဲမှာ သဘောတူခဲ့ကြပါတယ်။ ဒါဟာ အမေရိကန်ဘက် ဦးစားပေးဖြစ်ချင်နေတဲ့ ဆန္ဒလည်းဖြစ်ပါတယ်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီ ထိုင်ဝမ်ကို သွားရောက်ခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ်ကစပြီး တရုတ်စစ်တပ်ဟာ အမေရိကန်စစ်တပ်နဲ့ စစ်ဘက်ဆိုင်ရာ ဆက်ဆံချိတ်ဆက်မှုတွေကို ဖြတ်တောက်ခဲ့ပါတယ်။

အတ္တလန္တိတ်သမုဒ္ဒရာထဲမှာ ပစ်ချမခံရမီ အမေရိကတိုက်အပေါ်ကို တရုတ်သူလျှိုဘောလုံးတွေ ဖြတ်သန်းပျံသန်းခြင်းကြောင့်လည်း နှစ်နိုင်ငံအကြား ဆက်ဆံရေး ပိုမိုဆိုးရွားခဲ့ရပါတယ်။

သမ္မတနှစ်ယောက်ဆွေးနွေးမှုမှာတော့ နှစ်နိုင်ငံအဆင့်မြင့်အဆင့် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးပြန်လည်ထူထောင်ဖို့အပြင် သမ္မတအချင်းချင်းတိုက်ရိုက်ဆက်သွယ်နိုင်မယ့် တယ်လီဖုန်းလိုင်းတခုကို ထူထောင်ဖို့လည်း သဘောတူခဲ့ကြပြီး ဒါဟာလည်း အထင်ကရ တိုးတက်ဖြစ်ထွန်းမှုဖြစ်ပါတယ်။

စစ်အေးကာလအတွင်းမှာ နျူကလီးယားပိုင်ဆိုင်ထားတဲ့ အမေရိကန်နဲ့ ဆိုဗီယက်တို့အကြား စစ်ရေးမတော်တဆမှုတွေကို ရှောင်ရှားဖို့အတွက် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးကို အမြဲထိမ်းသိမ်းထားခဲ့ပြီး လက်ရှိမှာတော့ အလားတူဆက်ဆံရေးမျိုး အမေရိကန်နဲ့ တရုတ်တို့အကြား လိုအပ်တယ်လို့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ်ခ်မူလ်ရွိုင်းက ဆိုပါတယ်။

#ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး

ကမ္ဘာပေါ်မှာ ကာဗွန်ထုတ်လုပ်မှု အများဆုံးနိုင်ငံတွြေ့ဖစ်ကြတဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အနေနဲ့ ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းဖို့ နောက်ထပ်အစီအမံတွေကို ထိပ်သီးအစည်းအဝေးမှာ သဘောတူခဲ့ကြပေမယ့် ရုပ်ကြွင်းလောင်စာအသုံးပြုမှုကို အဆုံးသတ်ဖို့ ကတိကဝတ်ခံရေးကတော့ ပျက်ပြားခဲ့ပါတယ်။

အထူးသဖြင့် ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှုတွေကို နှေးကွေးစေရေး ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ၂၀၃၀ ခုနှစ်မှာ ပြန်လည်ပြည်ဖြိုးမြဲစွမ်းအင် သုံးဆထိ အသုံးပြုနိုင်ရေး ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုတွေကို ပံ့ပိုးကူညီမယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့ တရုတ်သမ္မတရှီကျင်းပင်တို့က သဘောတူခဲ့ကြပါတယ်။

ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံရဲ့ ဒီလိုသဘောတူညီချက်ကြောင့် ဒီလနှောင်းပိုင်းအတွင်း ဒူဘိုင်းမှာကျင်းပမယ့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ COP28 ညီလာခံမတိုင်ခင်မှာ ထင်သာမြင်သာ တိုးတက်ဖြစ်ထွန်းမှုတွေ ရှိလာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပြောဆိုပါတယ်။

ဖန်လုံအိမ်ဓါငွေ့ထုတ်လွှတ်မှု လျှော့ချရေးမှာ မီးသိန်းဓါတ်ငွေ့ ထုတ်လွှတ်မှုတွေကို ထိန်းချုပ်ရေး သဘောတူညီချက်ဟာ အဓိကခြေလှမ်းဖြစ်ပြီး သေးငယ်ပေမယ့် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးမှာ အရေးပါတဲ့အချက်ဖြစ်ကြောင်း တရုတ်နိုင်ငံရေးရာ ကျွမ်းကျင်သူနဲ့ ဗြိတိန်သုတေသနအဖွဲ့ ချက်သမ်ဟောက်ရဲ့ သုတေသီဖြစ်သူ ဘာနိုက်စ်လီက ပြောပါတယ်။

တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ မီးသိန်းဓါတ်ငွေ့ထုတ်လွှတ်မှုအများဆုံးနိုင်ငံဖြစ်ပြီး ဒီဓါတ်ငွေ့ကို တားဆီးဖို့ အလေးပေးလုပ်ဆောင်မှုဟာ ကာလတိုအတွင်း ကမ္ဘာကြီးပူနွေးလာမှုကို နှေးကွေးစေဖို့ မရှိမဖြစ်လိုအပ်ကြောင်း ကမ္ဘာ့အရင်းအမြစ်များ အင်စတီကျုမှ ဒေးဗစ်ဝပ်စ်ကောက သုံးသပ်ပါတယ်။

# မူးယစ်ဆေးဝါး တိုက်ဖျက်ရေး

သမ္မတနှစ်ဦးရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ နောက်ထပ်သဘောတူခဲ့တဲ့ အကြောင်းအရာကတော့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကို တိုက်ဖျက်ဖို့ဖြစ်ပါတယ်။

ဆေးအလွန်အကျွံသုံးစွဲမှုကြောင့် သေဆုံးမှုဖြစ်စေတဲ့ ဖန်တာနိုင်းလ်လို ဓါတုဗေဒ ဆေးဝါးတွေ အမေရိကန်ကို တရားမဝင် ဝင်ရောက်မှုတွေကို ဟန့်တားဖို့အတွက် တရုတ်ဟာ ဓါတုဗေဒကုမ္ပဏီတွေကို နှိမ်နှင်းမယ်လို့ဆိုပါတယ်။

ဒီဆေးတွေဟာ မော်ဖင်းထက် အဆ ၁၀၀ ၊ ဘိန်းဖြူထက် အဆ ၅၀ထိ ပိုမိုပြင်းထန်ပြီး ဒီဆေးဝါးတွေကြောင့် အမေရိကန်မှာ ယမန်နှစ်အတွင်း လူ ၇၅၀၀၀ သေဆုံးခဲ့ပါတယ်။ တရုတ်ကုမ္ပဏီတွေဟာ ဒီဆေးတွေကို ထုတ်လုပ်ရုံသာမက ပေါင်းစပ်ထုတ်လုပ်နိုင်တဲ့ ရှေ့ပြေးဓါတုပစ္စည်းတွေအဖြစ်လည်း ထုတ်လုပ်နေကြပါတယ်။

ဘရွတ်ကင်းအင်စတီကျူမှ နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ ကျွမ်းကျင်သူ ဗန်ဒါဖယ်လ်ဘတ်ဘရောင်းကတော့ ဒီသဘောတူညီချက်ဟာ သံတမန်ရေးနဲ့ နိုင်ငံရေးဆိုင်ရာ သဘောတူထုတ်ပြန်ချက်တခုသာဖြစ်ပြီး အမှန်တကယ်အကျိုးသက်ရောက်နိုင်ခြေကတော့ မေးခွန်းထုတ်စရာဖြစ်နေသေးတယ်လို့ ဆိုပါတယ်။

တရုတ်ထုတ်ကုန်အချို့ အမေရိကန်ကို တိုက်ရိုက်တင်ပို့ခွင့် တားမြစ်ချက်တွေရှိနေတာကြောင့် တရားမဝင်ကုန်သွယ်မှုအများစုဟာ မက္ကဆီကိုကနေ ဖြတ်ကျော်ပြီး အမေရိကန်ကို ဝင်ရောက်လေ့ရှိပါတယ်။ တရုတ်ဘက်ကတော့ အမေရိကန်ရဲ့ မူးယစ်ဆေးဝါးပြသနာဟာ အမေရိကန်ရဲ့ အပြစ်သာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

# နှစ်နိုင်ငံ ဆွေးနွေးပွဲတွေ ဆက်လုပ်မယ်

ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံရဲ့ သမ္မတတွေဖြစ်ကြတဲ့ ဂျိုးဘိုင်ဒင်နဲ့ ရှီကျင်းပင်တို့ရဲ့ တွေ့ဆုံဆွေးနွေးမှုမှာ တိကျတဲ့ သဘောတူညီချက်အချို့သာရှိခဲ့တယ်ဆိုပေမယ့် တွေ့ဆုံမှုဟာ အပြုသဘောဆောင်တဲ့ အရိပ်လက္ခဏာဖြစ်တယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။

ဒါဟာ သံတမန်ရေးရာအောင်မြင်မှုတခုလည်းဖြစ်ပြီး မတူကွဲပြားတာတွေအတွက် နောက်ထပ်ဆွေးနွေးမှုတွေ ဆက်လုပ်ဖို့ သဘောတူညီချက်ဟာ တခုတည်းသော အောင်မြင်မှုလို့ သတ်မှတ်ယူဆရဖွယ်ရှိတယ်လို့ ဆိုကြပါတယ်။

နှစ်နိုင်ငံအကြား ပဋိပက္ခနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေဟာ နှစ်ဘက်စလုံးအတွက် ဆိုးရွားတဲ့အကျိုးဆက်တွေသာရှိလာမယ်လို့ ထိပ်သီးဆွေးနွေးပွဲမှာ ရှီကျင်းပင်က ဂျိုးဘိုင်ဒင်ကို ပြောခဲ့ပါတယ်။ ဂျိုးဘိုင်ဒင်ကတော့ တယောက်နဲ့တယောက်ရှင်းလင်းစွာ နားလည်ဖို့ အထင်အမြင်လွဲမှားမှု လွဲမှားတဲ့ ပြောဆိုမှုတွေမပါဘဲ ဆက်ဆံရေးကို တန်ဖိုးထားတယ်လို့ ဆိုပါတယ်။

အခုလို ထိပ်သီးဆွေးနွေးပွဲပြီးနောက် နှစ်နိုင်ငံအကြား ပြသနာများရှိနေသေးပေမယ့် ပြသနာတခုကို ငြိမ်းချမ်းစွာနဲ့ ဖြေရှင်းတာမျိုးလို ဆက်ဆံရေးပြေပြစ်လာမယ်လို့ ယူဆချက်တွေရှိနေပါတယ်။ တချို့သောနိုင်ငံရေးအကဲခတ်တွေကတော့ နှစ်နိုင်ငံဆက်ရေးအပေါ် အကောင်းမြင်လွန်းတဲ့ ခန့်မှန်းချက်တွေကိုပယ်ချထားပါတယ်။

ပြီးခဲ့တဲ့လေးလအတွင်း အမေရိကန်-တရုတ်ဆက်ဆံရေး တကယ့်ကို သိသိသာသာ တိုးတက်လာတာကို တွေ့ခဲ့ရပြီး ဒီလိုအပြုသဘောဆောင်တဲ့ ဆက်ဆံရေးအရှိန်အဟုန်ကို ဆက်ထိန်းထားနိုင်မယ် ဒါမှမဟုတ် ရေရှည်တည်တံ့နေလိမ့်မယ်လို့ မယူဆသင့်ဘူးလို့ ဆီရာကျူတက္ကသိုလ်မှ တရုတ်နိုင်ငံရေးရာ ကျွမ်းကျင်သူ ဒီမီတာဂူဂီးရက်စ်က သုံးသပ်ထားပါတယ်။

ဒီလိုယူဆချက်တွေကတော့ နှစ်ဘက်အကြား ညှိနှိုင်းဖို့ပြေလည်ဖွယ်မရှိနိုင်တဲ့ ထိုင်ဝမ်အရေး၊ တရုတ်နိုင်ငံရဲ့လူ့အခွင့်အရေးချိုးဖောက်မှု၊ ရွေးကောက်ပွဲဝင်ရောက်စွက်ဖက်ဖို့ ကြိုးပမ်းမှု၊ ကုန်သွယ်ရေးနဲ့ နည်းပညာဆိုင်ရာကိစ္စရပ်တွေအပေါ် တည်မှီနေကြောင်း နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ထားကြပါတယ်။

Ref:BBC/CNN

Photo:Reuters

 

Related posts

Leave a Comment

VOM News

FREE
VIEW