ဝက်လက်နယ် ရွှေပန်းကုံးရဲစခန်း တိုက်ပွဲဖြစ် ၊ နှစ်ဘက်ထိခိုက်သေဆုံးသူတွေ များပြား

 

နိုဝင်ဘာ ၊ ၂၂ ၊ ၂၀၂၃

SP (VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ် ၊ ရွှေပန်းကုံးစံပြကျေးရွာမှာရှိတဲ့ ရွှေပန်းကုံးနယ်မြေရဲစခန်းဟာ မနေ့ နိုဝင်ဘာ ၂၁ ရက် မနက်အစောပိုင်း ၂ နာရီဝန်းကျင်က ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး နှစ်ဘက် ထိခိုက်သေဆုံးတာတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” ရွှေပန်းကုံးရဲစခန်းကို မနေ့က မနက်အစောကြီး တိုက်ခိုက်ခံရတယ် ၊ တိုက်ခိုက်ချိန် ၃ နာရီလောက်ကြာမယ်ထင်တယ် ၊ နှစ်ဘက်ထိခိုက်သေဆုံးတာတွေရှိတယ် ၊ ရွှေပန်းကုံးရွာခံတွေနဲ့ အနားက ရွာခံတွေက ထွက်ပြေးတိမ်းရှောင်နေတာ လနဲ့ချီပြီကြာပြီ ၊ အဲ့ဒါကြောင့် ထိခိုက်သေဆုံးသူ အရေအတွက် မသိရသေးဘူး ” လို့ ရွှေပန်းကုံး ဒေသခံတယောက်က ပြောပါတယ်။

ရွှေပန်းကုံးတိုက်ပွဲ ဖြစ်စဥ်နဲ့ ပတ်သက်လို့ လူမှုကွန်ရက်ပေါ်မှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေ ထုတ်ပြန်ထားတာက မနေ့က မနက်ပိုင်း ၂ နာရီကစပြီး တိုက်ခိုက်တယ် ၊ ညနေပိုင်းအချိန်ထိ အလောင်း ၁၇ လောင်းနဲ့ သေနတ် ၁၇ လက်ရထားတယ် ၊ ထွက်ပြေးတဲ့ ရဲငါးယောက်လည်း ပြန်ဖမ်းမိတယ် ၊ ဒေသတွင်း လက်နက်ကိုင် အဖွဲ့ဘက်က တယောက်သေပြီး ခုနှစ်ယောက် ဒဏ်ရာရထားတယ် လို့ ဖော်ပြထားတာေတွ့ရပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ရွှေဘိုခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ရွှေပန်းကုံး နယ်မြေရဲစခန်းမှာ ထိတွေ့မှုဖြစ်တယ် ၊ ထိခိုက်ကျဆုံးတာတွေရှိတယ် ၊ အဆောက်ဦးတချို့ မီးလောင်ပျက်စီးတယ် ” လို့ ပြောပါတယ်။

ရွှေပန်းကုံးနယ်မြေရဲစခန်းဟာ ဝက်လက်မြို့နယ်နဲ့ အရာတော်မြို့နယ် အစပ်မှာ တည်ရှိပြီး ရွှေဘို – မုံရွာ ကားလမ်းနားမှာ တည်ရှိတာဖြစ်ပါတယ်။

၂၀၂၁ ကစလို့ အဲ့ဒီ ရွှေပန်းကုံး ရဲစခန်းကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက မကြာခဏ တိုက်ခိုက်လေ့ရှိပြီး ထိတွေ့တိုက်ပွဲ လေးကြိမ်ထက်မနည်းရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရွှေပန်းကုံး ထိတွေ့တိုက်ပွဲမှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့ဘက်က ထိခိုက်သေဆုံးသူတွေထဲပခုက္ကူအကျဥ်းထောင်ကနေ ထောင်ဖောက်ပြေးလွတ်မြောက်လာသူ တယောက်လည်း ပါဝင်တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW