ရခိုင်တိုက်ပွဲကာလ (၁၀) ရက်တာအတွင်း အေအေက စခန်းပေါင်း (၄၀) ကျော်ကို သိမ်းပိုက်ထားနိုင်ဟုဆို

နိုဝင်ဘာ ၂၃ – ၂၀၂၃

SN (VOM)

 

တိုက်ပွဲကာလ (၁၀) ရက်တာအတွင်း ရက္ခိုင့်တပ်မတော် (AA) က နစကစခန်း (၄) ခုကို ထိုးစစ်ဆင် သိမ်းပိုက်ထားနိုင်ခဲ့ပြီးစွန့်လွှတ်သွားတဲ့ စခန်းပေါင်း (၄၀) ကျော်ကိုလည်း သိမ်းပိုက်ထားပြီး ဖြစ်တယ်လို့ AAက သတင်းထုတ်ပြန်ထားပါတယ်။

 

ရက္ခိုင်ဒေသစစ်မျက်နှာမှာ ၁၀၂၇ စစ်ဆင်ရေးဟာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့က စတင်ခဲ့ပြီး နိုဝင်ဘာ (၂၂) ရက်နေ့မှာတော့ ရက္ခိုင်ဒေသအတွင်း စစ်ဆင်ရေးကာလ (၁၀) ရက် ပြည့်မြောက်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

 

 

စစ်ဆင်ရေးစတင်တဲ့ ပထမနေ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့မှာ ရသေ့တောင်မြို့နယ်၊ ဒုံးပိုက် နယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ခဲ့ပြီး စစ်ဆင်ရေး ဒုတိယနေ့ဖြစ်တဲ့ နိုဝင်ဘာလ (၁၄) ရက်နေ့၊ မနက် (၇) နာရီခွဲအချိန်မှာတော့“ချိန်ခါလီ” နယ်ခြားစောင့် တပ်စခန်းကို အပြီးသတ် သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် နိုဝင်ဘာလ (၁၆) ရက်နေ့မှာ မောင်တောအခြေစိုက် “ဒုံးညို” နယ်ခြားစောင့်တပ်စခန်းကိုလည်း နိုဝင်ဘာ (၁၇) ရက်နေ့နေ့လယ်က အပြီးသတ် သိမ်းပိုက်ထားခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

AA အနေနဲ့ လက်နက်ချအညံ့မခံတဲ့ နစကရဲ့ တပ်စခန်းတွေကို တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ထားတဲ့အတိုင်း နိုဝင်ဘာလ (၁၈) ရက်နေ့မှာလည်း နစကရဲ့ ဘူးသီးတောင်အခြေစိုက် “ခထီးလှ” တပ်စခန်းက အညံ့မခံတဲ့အတွက် စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ (၂၁) ရက်နေ့၊ မနက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

 

မနေ့ နိုဝင်ဘာ ၂၂ ရက်၊ မနက် (၇) နာရီ ဝန်းကျင်က ပေါက်တောမြို့အတွင်းမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားခဲ့ပြီး နစကတပ်ဘက်က ရေကြောင်း၊ လေကြောင်း၊ လက်နက်ကြီးပစ်ကူတွေနဲ့ တိုက်ခိုက်တာေကြာင့် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

 

နစကအနေနဲ့ ပေါက်တောမြို့အတွင်း တိုက်ပွဲဖြစ်ပွားရာနေရာတွေကို မနေ့ မနက် (၁၀) နာရီ (၅) မိနစ်ဝန်းကျင်မှ စတင်ပြီး MiG 35၊ ဂျက်တိုက်လေယာဉ်တို့နဲ့ သုံးကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

 

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲ စတင်ဖြစ်ပွားတဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ကစလို့ လက်ရှိအချိန်အထိ တိုက်ပွဲတွေကြောင့် မင်းပြား၊ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မောင်တော၊ ဘူးသီးတောင်နဲ့ အမ်း စတဲ့ မြို့နယ် (၉) ခုကကျောင်းသားတွေ ကျောင်းမတက်ရဲဘူးလို့ ဒေသခံတွေက ပြောပါတယ်။

 

“မိ‌ဘတွေကလည်း သူတို့က ကလေးတွေကို စိုးရိမ်ပြီး ကျောင်းကို မလွှတ်ကြသလို ဆရာ၊ ဆရာမတွေလည်း ကျောင်းမလာကြတော့ဘူး။ တချို့ဆရာ၊ ဆရာမတွေလည်း အဖမ်းခံထားရတယ်။ အဲ့ဒါကြောင့် ကျောင်းတွေ ပိတ်ထားရတာ။ ကျောင်းပိတ်ဖို့တရားဝင် စာထုတ်ထားတာတော့ မရှိပါဘူး။ အကုန်လုံးက စိုးရိမ်စိတ်နဲ့ မလာကြတော့တာ။ စစ်ဘေးရှောင်နေကြတဲ့သူတွေကလည်း ရှောင်ဆိုတော့ ကျောင်းတွေက စာသင်မယ့်သူမရှိ၊ ကျောင်းတက်မယ့်ကလေး မရှိ ဖြစ်ကုန်ပြီး အလိုလို ပိတ်ကုန်တာ” လို့မြောက်ဦးဒေသခံက ပြောပါတယ်။

 

အခုလို ကျောင်းတွေ ပိတ်ထားရတယ် ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်လို့ အခြေခံပညာကျောင်းတွေ ပိတ်ထားတာမရှိဘဲ ဆက်ဖွင့်သွားမယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာ ၂၁ ရက်မှာ ပြောဆိုထားပါတယ်။

 

” တချို့မြို့နယ်တွေမှာ အခြေခံပညာကျောင်းတွေ ပိတ်မယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတာဟာ ကောလဟာလ ထုတ်လွှင့်နေတာသာဖြစ်ပြီး တက်ရောက် ပညာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ စိတ်အေးချမ်းသာစွာ ဆက်လက်ပညာသင်ကြားကြဖို့ လိုတယ်” လို့ လည်း ပြောဆိုထားပါတယ်။

 

ဒါ့အပြင် တက္ကသိုလ်၊ ကောလိပ်တွေကို အခုလ ၂၃ ရက်နေ့မှာ ပြန်ဖွင့်မှာဖြစ်ပြီး လွိုင်ကော်မှာတော့ လုံခြုံရေးအရ ဖြေဆိုလို့မရဘဲ ဆိုင်းငံ့ထားတယ်လို့ သူက ပြောပါတယ်။

 

တိုက်ပွဲမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သား (၁၆) ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ (၅၀) ဦးရှိကာ စစ်ရှောင်ဦးရေ၄၆၀၀၀ ကျော်အထိ ရှိလာတယ်လို့ ေဒသတွင်း သတင်းတွေအရ သိရပါတယ်။

 

#voiceofmyanmar #VOM #ရက္ခိုင့်တပ် #AA #စခန်းပေါင်း၄၀သိမ်းပိုက်ထား

 

 

Related posts

Leave a Comment

VOM News

FREE
VIEW