ဟုမ္မလင်း ရွှေပြည်အေး မြို့သစ်ကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထား

 

နိုဝင်ဘာ ၊၂၃ ၊ ၂၀၂၃

SP ( VOM)

 

စစ်ကိုင်းတိုင်း အထက်ပိုင်း ၊ ဟုမ္မလင်းခရိုင် ၊ ရွှေပြည်အေး မြို့သစ်ကို ဒီကနေ့ ၊ နေ့လယ် ၁၂ နာရီဝန်းကျင်က ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ဝင်ရောက်ထိန်းချုပ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

” ရွှေပြည်အေးမြို့သစ်မှာ အရင်ကတော့ တပ်ရော ၊ ရဲစခန်းပါရှိတယ် ၊ အဲ့ဒီ စခန်းတွေက ပြန်ရုတ်ထားတာကြာပြီ ၊ ရှမ်းနီဒေသကာကွယ်ရေးတပ် (SNA)နဲ့ ပြည်သူ့စစ်တွေရှိတယ် ၊ သူတို့လည်း လှုပ်ရှားသဘောဆိုတော့ အထိုင်ချမထားဘူး ၊ အဲ့ဒီ အချိန် ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေက ဝင်ရောက်ထိန်းချုပ်လိုက်တာဖြစ်တယ် ” လို့ ဟုမ္မလင်းမြို့ခံ တယောက်က ပြောပါတယ်။

 

ဒါ့အပြင် ရွှေပြည်အေးမြို့သစ်ဆိပ်ကမ်းမှာ ရပ်နားဆိုက်ကပ်ထားတဲ့ ရေယာဥ်လုပ်ငန်းရှင် တယောက်က ” ဒီမနက် မြို့ပေါ်မှာ ပစ်ခတ်သံတွေကြားရတယ် ၊ ဘယ်အဖွဲ့နဲ့ ဘယ်အဖွဲ့ ပစ်နေမှန်း မသိရဘူး ၊ နေ့လယ် ၁၂ နာရီဝန်းကျင်လောက်မှာ လေယာဥ်နဲ့ ပစ်ခတ်ဗုံးကျဲတယ်၊ ထိခိုက်သေဆုံးမှုတော့ မသိရသေးဘူး ” လို့ ပြောပါတယ်။

 

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဟုမ္မလင်းခရိုင် လုံခြုံရေးအဖွဲ့ဆီ VOM က ဆက်သွယ်ပေမယ့် အခုထိတော့ ဆက်သွယ်မရသေးပါဘူး။

 

ဒါ့အပြင် ဖောင်းပြင်မြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်မှာရှိတဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်က လူမှုကွန်ရက်ပေါ်မှာ ” ဖောင်းပြင်မြို့နယ်နဲ့ ဟုမ္မလင်းမြို့တွေမှာ SNA အဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတာကြောင့် နောင်ပိုအောင် – ပင်ခုတ်- နတ်နန်း-ဖောင်းပြင် လမ်းပိုင်း နဲ့ ရွှေပြည်အေး – ဟုမ္မလင်း – ဖောင်းပြင် ရေကြောင်းခရီးတွေကိုဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြဖို့ ” ဖော်ပြထားတယ်လို့ သိရပါတယ်။

 

ဟုမ္မလင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ကတည်းက လွှစင်ကုန်း ၊ နတ်နန်း ၊ ရွှေပြည်အေးမြို့သစ် စတဲ့နေရာတွေမှာ မကြာခဏ တိုက်ပွဲတွေဖြစ်လို့ ရဲကင်းစခန်းတွေ ပြန်ရုတ်ထားတဲ့အချိန် မီးရှို့ဖျက်ဆီးခံရတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်က စစ်ကိုင်းတိုင်း ကောလင်းခရိုင် ၊ ကောလင်းမြို့နဲ့ တမူးခရိုင် ခါမ်းပါတ်မြို့နယ်ခွဲ စတဲ့နေရာတွေကို ဒီကနေ့အထိ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

#voiceofMyanmar #vom #ဟုမ္မလင်း #ရွှေပြည်အေးမြို့သစ်

 

Related posts

Leave a Comment

VOM News

FREE
VIEW