နိုဝင်ဘာ ၊ ၂၃ ၊ ၂၀၂၃
SP ( VOM)
မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာ CDM စစ်သားဟောင်း တယောက်ဟာ လူသတ်ရန်ကြံစည်လို့ဆိုပြီး အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ ကျန်ဖိုင်းခရိုင် တရားသူကြီး က ထောင်ဒဏ် ၁၀ နှစ်နဲ့ ငွေဒဏ် ရူပီးငွေ ၃၀၀၀ ချမှတ်ခဲ့တယ်လို့ နိုဝင်ဘာ ၂၀ရက်က အိန္ဒိယသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
” တရားရုံး အမိန့်ချခံရတဲ့ မြန်မာစစ်သားဟောင်း (CDM)က ကျန်ဖိုင်းမြို့နယ် ၊ ဇိုးသဲ တိုက်ပွဲရှောင်စခန်းမှာ မိသားစုနဲ့ အတူနေထိုင်တယ်၊ သူက လွန်ခဲ့တဲ့ နှစ် နှစ်ကျော်က ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို့နယ်မှာ ရှိတဲ့ ခလရ ၁၄၀ တပ်မှာ တပ်သား အဆင့်နဲ့ စစ်မှုထမ်းခဲ့သူဖြစ်တယ်လို့ သိရတယ် ၊ သူ့နာမည်က အောင်မင်း ဆိုသူဖြစ်တယ်၊ သူရဲ့ ပြစ်မှုဖြစ်စဥ်က ပြီးခဲ့တဲ့ ၂၀၂၂ ဇွန်လအစောပိုင်းက အဲ့ဒီ တိုက်ပွဲရှောင်စခန်းမှာ နေထိုင်စဥ် သူ့မိန်းမဖြစ်သူ မ မာလ်စောမ်ဆန်းအီးကိုအရက်ဝယ်ပေးဖို့ ခိုင်းတယ် ၊ အဲ့ဒီမှာ သူ့မိန်းမက တိုက်ပွဲရှောင်စခန်းမှာ အရက်သယ်ယူခွင့် မပြုဘူး ၊ အဲ့ဒါကြောင့် အရက်ဝယ်မပေးနိုင်ဘူးလို့ ပြောတယ် ၊ အဲ့ဒါနဲ့ လင်မယားစကားများ ရန်ဖြစ်ပြီးနောက် ဦးအောင်မင်းက သူ့မိန်းမ မမာလ်စောမ်ဆန်းအီးရဲ့ လည်ပင်းနဲ့ ပေါင်နေရာတွေကို ဓားနဲ့ခုတ်တယ် ၊ သူ့မိန်းမကို ကူညီပေးဖို့ လာတဲ့သူ လာလ်မွန်ပွီးယာဆိုသူရဲ့ ဒူးခေါင်းကို ဓားနဲ့ခုတ်တယ် ၊ အဲ့ဒီနောက် ထွက်ပြေးပုန်းရှောင်နေတယ် ၊ အဲ့ဒီ နောက်တနေ့မှာ Hmunhmeltha ရွာကလယ်တဲတစ်ခုမှာ မီဇိုးလူငယ်အသင်း (YMA) အဖွဲ့က ဦးအောင်မင်းကို ဖမ်းဆီးရမိပြီး ကျန်ဖိုင်း ခရိုင်တရားရုံးကို လွဲပြောင်း အပ်ပေးလိုက်တာဖြစ်တယ် ” လို့ မြန်မာ – အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင် တယောက်က ပြောပါတယ်။
မီဇိုရမ်မှာနေထိုင်ပြီး မြန်မာနိုင်ငံသားတွေကို ကူညီပေးနေတဲ့ ပရဟိတသမားတယောက်က ” မီဇိုရမ် – မြန်မာနယ်စပ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ မှာလက်နက်မှု ၉ မှု ၊ မူးယစ်ဆေးဝါး ၁၃ မှုနဲ့ မြန်မာနိုင်ငံသား အချင်းချင်း လူသတ်မှု ၂ ကြိမ်ဖြစ်တယ် ၊ ဒီနှစ်ထဲမှာ လက်နက်ခဲယမ်းတွေတရားမဝင် သယ်ယူပို့ဆောင်မှုနဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးရမှုတွေ တိုးလာတယ် ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ် နှစ်ကျော်ကာလကစလို့ ချင်းပြည်နယ်ထဲမှာ တာဝန်ထမ်းဆောင်တဲ့ ရဲ ၊ မီးသတ်အပါအဝင် ဌာနဆိုင်ရာ CDM ဝန်ထမ်းတချို့နဲ့ ဒေသခံ ပြည်သူ ၂ သောင်းကျော်ဟာ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်ထဲမှာ သွားရောက် ခိုလှုံနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ချင်းပြည်နယ်ထဲမှာ နေရာအနှံ့နီးပါး ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီး နယ်မြေ အေးချမ်း တည်ငြိမ်မှုမရှိတဲ့အတွက် နယ်စပ်ဒေသမှာအိန္ဒိယဘက်က လုံခြုံရေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ ၊ မီဇိုရမ် ပြည်နယ်ရဲတပ်ဖွဲ့
#voiceofMyanmar #vom #မီဇိုရမ် #မြန်မာစစ်သားဟောင်း #ထောင်၁၀နှစ်