ရွာငံက စစ်ဘေးရှောင်၂၀၀ ကျော် တုပ်ကွေးနဲ့ အရေပြားရောဂါဖြစ်ပွားနေ

မတ် ၃၊ ၂၀၂၅
ZY (VOM)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မင်းပလောင်ကျေးရွာက စစ်ဘေးရှောင်၂၀၀ကျော်ဟာ လက်ရှိအချိန်ဟာ တုပ်ကွေးနဲ့ အရေပြားရောဂါဖြစ်ပွားနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်နဲ့ ၂၃ ရက်က မင်းပလောင်ကျေးရွာနဲ့ အနီးတဝိုက်မှာ နစကတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ဓနုပြည်နယ်အမျိုးသား ကာကွယ်ရေးတပ်ဦး- DSNDAတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တရွာလုံးနီးပါး နေအိမ်တွေမီးလောင်ပျက်စီးခဲ့တာကြောင့် နီးစပ်ရာ တောတောင်တွေမှာ ခိုလှုံနေကြရတယ်လို့ သိရပါတယ်။
အဲဒီလိုခိုလှုံနေကြရတဲ့ အိမ်ထောင်စု ၂၀၀နီးပါးနဲ့ လူဦးရေ ၇၀၀ကျော်အနက် ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် လူဦးရေ ၂၀၀ကျော်ဟာ လက်ရှိမှာ တုပ်ကွေးနဲ့ အရေပြားရောဂါဖြစ်ပွားနေတယ်လို့ သိရပါတယ်။
“တုပ်ကွေးကတော့ ရာသီဥတုနဲ့ အမိုးအကာ မလုံခြုံတာကြောင့် ဖြစ်တာပေါ့။ အရေပြားကတော့ သောက်သုံးရေမသန့်ရှင်းလို့ ဖြစ်တာလို့ ယူဆရတာပဲ။ သောက်ဖို့ကော၊ သုံးဖို့ကော ချောင်းနဲ့ မြစ်ရေကိုပဲ သုံးနေကြရတာ။ ဆေးဝါးတွေ လာရောက်ထောက်ပံ့တာ၊ လှူတာတွေ ရှိနေပေမယ့် လူဦးရေများတော့ ဘယ်လိုမှ မလုံလောက်ဘူး”လို့ စစ်ဘေးရှောင်အရေးကူညီနေသူတယောက်က VOMကို ပြောပါတယ်။
အဲဒီစစ်ဘေးရှောင်တွေဟာ လက်ရှိအချိန်မှာ စားနပ်ရိက္ခာ ပြတ်တောက်ကာ မိုးကာ၊ အိုးခွက်ပန်းကန်တွေ၊ စောင်တွေ၊ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေသလို ကျန်းမာရေးအကြပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။
မင်းပလောင်ရွာကို ပြန်လည်နေရာချထားရေးနဲ့ ပြန်လည်တည်ဆောက်ရေးတို့အတွက် အစွမ်းကုန် ကြိုးစားအားထုတ်သွားမှာဖြစ်ပြီး ပြည်သူတွေ၊ အလှူရှင်တွေ၊ စေတနာရှင်တွေအနေနဲ့ မင်းပလောင်ကျေးရွာကို ဝိုင်းဝန်းကူညီပေးကြဖို့ကိုလည်း စစ်ဘေးရှောင်အရေးကူညီနေသူတွေက မေတ္တာရပ်ခံထားပါတယ်။
Photo: -၊ ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW