မတ် ၃၊ ၂၀၂၅
Shy V (VOM)
ရှမ်းပြည်နယ် မြောက်ပိုင်းက KIA တပ်ဖွဲ့နဲ့ TNLA တပ်ဖွဲ့ တို့ အကြား ဖြစ်ပွားနေတဲ့ ပြဿနာကို လက်နက်နဲ့ မဖြေရှင်းဖို့ KIA ဗဟို ဌာနကနေ ညွှန်ကြားသလို KIA နဲ့ TNLA တို့အကြား ဖြစ်ပွားနေတဲ့ ပြဿနာကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့ TNLA ရဲ့ စစ်ဦးစီးချုပ်က ပြောပါတယ်။
KIA ဘက်ကလည်း ဝောာ်လှန်ရေး အချင်းချင်းကြား ဖြစ်လာတဲ့ ပြဿနာတွေကို ဘယ်သော အခါမှ လက်နက်နဲ့ ဖြေရှင်းတာမျိုး မလုပ်ဖို့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က အမိန့်ညွှန်ကြား ထားပါတယ်။
KIO/KIA ရဲ့ တောင်ပိုင်းတိုင်း ဌာန နယ်မြေ ဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တခြား တော်လှန်ရေးတပ်ဖွဲ့ တွေနဲ့ ပွတ်တိုက်မှု ခပ်စိပ်စိပ် ဖြစ်လာတာကို တွေ့ရပြီး ဘယ်လိုမျိုး ပြဿနာ ဖြစ်ဖြစ် ဖြစ်လာပါက သေနတ်၊ လက်နက် နဲ့ ဖြေရှင်းတာမျိုး လုံးဝ (လုံးဝ) မလုပ်ဖို့ KIO/KIA ဗဟိုဌာန ကနေ ထပ်မံညွှန်ကြားလိုက်ကြောင်း အဲဒီ ညွှန်ကြား စာမှာ ဖော်ပြထားပါတယ်။
အခုလိုမျိုး ရိုက်နှက် မောင်းထုတ် ခံရတာဟာ KIA ရဲဘော်တွေ ညံ့ဖျင်းလို့ မဟုတ်သလို မတုံ့ပြန်နိုင်လို့လည်း မဟုတ်ေကြာင်း၊ စစ်သား ပီပီသသ စည်းကမ်းလိုက်နာအမိန့်နာခံတာ ဖြစ်ကြောင်း၊ ရိုက်နှက်ခံရတဲ့ ရဲဘော်တွေကိုလည်း လေးစား ချီးကျူး ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ ဝင်အချင်းချင်း နောက် နောင်အထိ ခွင့်မလွှတ်နိုင်လောက်တဲ့ ဖြစ်ရပ်မျိုးတွေ မလုပ်မိအောင် သတိထားဖို့ ညွှန်ကြား ကြပ်မတ်ထားကြောင်း KIO/KIA ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ဒေသအခြေစိုက ်သတင်းဌာနတခုကို ဖြေကြားထားပါတယ်။
ပွတ်တိုက်အငြင်းပွားမှု ခပ်စိပ်စိပ် ဖြစ်လာတာကြောင့် အချင်းချင်းကြား မလိုလားအပ်တဲ့ ပြဿနာကြီးတွေ ဖြစ်ပွားမှာကိုတော့ ကျနော်တို့ KIO အဖွဲ့ အနေနဲ့ အထူး စိုးရိမ်ပြီး နှစ်ဖက် ညှိနှိုင်း ဆွေးနွေး အဖြေရှာဖို့ အရေး တကြီး လိုအပ်ကြောင်းလည်း ပြောကြားထားပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA နှင့် မဟာမိတ် KIA တို့အကြား မြေပြင် ပွတ်တိုက်မှုများ၊ ပဋိပက္ခတင်းမာမှုတွေ ဆက်လက်မကြီးထွားစေရန်ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သွားရမှာဖြစ်ကြောင်း PSLF/TNLA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိုပလန်က မန်တုံမြို့မှာဖေဖော်ဝါရီလ ၂၈ ရက်နေ့က ပြုလုပ်တဲ့ လူထုတွေ့ဆုံပွဲမှာ ပြောကြားကြောင်း PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်း ထုတ်ထားပါတယ်။
မဟာမိတ်နှစ်ဖွဲ့အကြား အပြန်အလှန်အသိအမှတ်ပြုဖို့နဲ့ မဟာမိတ်တည်တံ့ခိုင်မြဲစေဖို့ နှစ်ဖက်တပ်က ပူးပေါင်းဆောင်ရွက်သွားရမယ့် အချိန်ဖြစ်ပြီး မဟာမိတ်ကတိကဝတ်ကို ရှေးရှု၍ မဟာမိတ်ကြား မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ပွားလာစေရန် မဟာမိတ်နှစ်ဖက်လုံးမှ သတိထားဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ ဆက်ဆံရေးတင်းမာမှု တွေကို ညှိနှိုင်းဖြေရှင်းရမှာဖြစ်ကြောင်းလည်း ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
“TNLA ဘက်က KIA တပ်ဖွဲ့ ဝင်တွေကို ထပ်တောင် ဖမ်းဆီးသွားတယ်” လို့ KIA နဲ့ နီးစပ်တဲ့ သတင်း ရင်းမြစ် တယောက်က ပြောပါတယ်။
မတ်လ ၁ ရက်နေ့ ညနေ ၄ နာရီလောက်က မိုးမိတ်ခရိုင်၊ မိုင်းလုံရွာမှာ KIA အရာရှိ တယောက် အပါအဝင် ၄ ယောက်ကို TNLA တပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် မတ်လ ၁ ရက်နေ့ မနက်ပိုင်းမှာပဲ မိုးမိတ် မြစ်ဆုံဘက်မှာ KIA တပ်ဖွဲ့ဝင် ၁၂ ယောက်ကို TNLA ဘက်က ကားနဲ့ လာရောက် ဖမ်းခေါ်သွားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နေ့လယ် ၁၂ နာရီ ကျော်ခန့်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ်၊ မန်ပွန်း (ကချင်) ကျေးရွာအုပ်စု၊ မန်မောက်ရွာမှာ TNLA တပ်ဖွဲ့က KIA တပ်စခန်း တခုကို ဝင်ရောက် စီးနင်း ရိုက်နှက်ခဲ့ရာ KIA တပ်ဖွဲ့ဝင် ၁၁ ဦး ပြင်းပြင်း ထန်ထန် ထိခိုက် ရရှိခဲ့ပြီး ဒဏ်ရာရရှိသူတွေကို TNLA ဘက်က ဆေးကုသပေးနေပေမယ့် အဆက်အသွယ် ပြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။
Photo Crd# KIA နဲ့ နီးစပ်သူ & PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာန
