မတ် ၃ – ၂၀၂၅
SS (VOM)
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့မှာ ဒီကနေ့ မတ် ၃ ရက်၊ မနက် ၁၀ နာရီ ၃ မိနစ်ဝန်းကျင်က ငလျင် လှုပ်ခတ်မှုကို မြို့နယ်အတော်များများမှာ သိသိသာသာ လှုပ်ခတ်သွားတယ်လို့ မြို့နေ ပြည်သူတွေဆီက သိရပါတယ်။
ငလျင်လှုပ်ခတ်ခဲ့တာကို ရန်ကင်း၊ မြောက်ဒဂုံ၊ တာမွေ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကမာရွတ်၊ အင်းစိန်၊ လသာ၊ မြောက်ဥက္ကလာပ၊ သာကေတ၊ တောင်ဒဂုံ၊ သင်္ဃန်းကျွန်း၊ ကျောက်တံတား၊ ကမာရွတ်၊ လှိုင်၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ အလုံ၊ မရမ်းကုန်း၊ ရွှေပြည်သာ၊ ထောက်ကြန့်၊ တိုက်ကြီး၊ တွံတေး အစရှိတဲ့ မြို့နယ်တွေမှာ သိသိသာသာ ခံစားခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
“ငလျင်လှုပ်တာ ကြမ်းတယ်။ အိမ်တောင် ခါသွားတယ်။ လှုပ်တာ ခဏလေးမို့လို့သာ တော်သေးတယ်။ အိပ်နေရင်းနဲ့ ထလိုက်တာ။ ခေါင်းပါ မူးသွားတယ်” လို့ မြောက်ဒဂုံမြို့နယ်မှာ နေထိုင်သူတယောက်က ပြောပါတယ်။
မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနရဲ့ မြေငလျင်သတင်း ထုတ်ပြန်ချက်မှာတော့ ဒီကနေ့ မနက် ၁၀ နာရီ၊ ၃ မိနစ်၊ ၁၃ စက္ကန့် အချိန်မှာ ကမ္ဘာအေး မြေငလျင်စခန်းမှ မြောက် – အနောက်မြောက်ဘက် ၂၇ မိုင်ခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း (တိုက်ကြီးမြို့ရဲ့ အရှေ့တောင်ဘက် (၇) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၁၇ ဒသမ ၂၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၀၆ ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာ စကေး ၄ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်ရှားသွားတာကို တိုင်းထွာ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြေငလျင်သတင်းများ စင်တာရဲ့ ထုတ်ပြန်ချက်မှာတော့ ငလျင်ရဲ့ ပြင်းအားဟာ မဂ္ဂနီကျု ၄ ဒသမ ၆ အဆင့်ရှိပြီး ဒီကနေ့မနက် ၁၀ နာရီ ၃ မိနစ်အချိန်မှာ ရန်ကုန်မြို့မှ အနောက်တောင်ဘက် ၅၀ မိုင်အကွာ ဖျာပုံအနီး အမက-အခြံ မှ လှုပ်ရှားသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခုလို ငလျင်လှုပ်ခတ်ခဲ့တာနဲ့ ပတ်သက်လို့ ငလျင်သုတေသီတယောက်က “ဒီငလျင်ဟာ နောက်ဆက်တွဲ ငလျင်ငယ်တွေ ဆက်လက် လှုပ်ခတ်လာနိုင်ပါတယ်။ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးတိုင်းတို့က ပြည်သူတွေ အထူး သတိပြုဖို့ လိုအပ်ပါတယ်။ ငလျင် သတိပေးချက်တွေ၊ သတင်းတွေကို စဉ်ဆက်မပြတ် လေ့လာ စောင့်ကြည့်ပြီး သတိပြုစေချင်ပါတယ်” လို့ ပြောပါတယ်။
အခု ၂၀၂၅ ခုနှစ်ဟာ အားပြင်းငလျင်တွေ ကြုံတွေ့လာနိုင်တဲ့ နှစ်တနှစ်ဖြစ်ပြီး အထူးသဖြင့် စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းရှိ ပြည်သူတွေ အထူးသတိပြုဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်အတွင်း ငလျင်ကြိမ်ရေ ၅၂၃ ကြိမ်အထိ လှုပ်ခတ်ထားပြီး အမြင့်ဆုံး ပြင်းအား ၅ ဒသမ ၈ မဂ္ဂနီကျုအထိ ရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – မိုး/ဇလ
