တောင်ကြီးမှာ အိမ်ငှားခနှစ်ဆနီးပါး မြင့်တက်လာသလို အငှားအိမ်ရှားလာလို့ အခက်တွေ့

မတ် ၃၊ ၂၀၂၅
ZY(VOM)
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ နှစ်လတာ ကာလအတွင်း အိမ်ဌားခစျေးနှစ်ဆနီးပါး မြင့်တက်လာသလို ငှားမယ့်အိမ်ရှားပါးလာလို့ အိမ်ငှားနေသူတွေ အခက်တွေ့နေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
တောင်ကြီးမြို့ပေါ် အိမ်အငှားဈေးကွက်မှာ အခု ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ အစပိုင်းကနေ လက်ရှိမတ်လ အစပိုင်းအထိ နှစ်လတာ ကာလအတွင်း နှစ်သိန်းကျပ်ဝန်းကျင်ကနေ ငါးသိန်းကျပ်ဝန်းကျင်တန်ဖိုးရှိ နေအိမ်၊ တိုက်ခန်းတွေဟာ ဈေးနှစ်ဆနီးပါး မြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။
“အရင်က ၂သိန်းဆိုရင် မြို့တွင်းမဟုတ်တဲ့ ဘုရားဖြူ၊ ကျောင်းကြီးစု၊ ကံကြီး၊ မြေဖြူတို့ဖက်မှာ တစ်ထပ်တိုက်တွေ၊ အခန်းတွေရတယ်။ အခုတော့ ၄သိန်းလောက်တောင်းနေပြီ။ ၂သိန်းလောက်နဲ့ဆိုရင် ထရံအိမ်၊ သွပ်ကာအိမ်တွေ၊ ရေမီးမပါတဲ့ အိမ်တွေ၊ မြို့စွန်နားက အိမ်တွေပဲ ရတော့တယ်”လို့ အိမ်ပွဲစားတယောက်က VOMကို ပြောပါတယ်။
ဒါ့အပြင် အိမ်ငှားလိုသူတွေ နည်းပါးလာသလို အိမ်ငှားရှားပါးလာတာကြောင့် အိမ်ငှားသူကြတွေအနေနဲ့ အခုလိုအိမ်ငှားခ စျေးတက်ချိန်မှာ မိမိဝင်ငွေနဲ့ ကိုက်ညီတဲ့ အိမ်ကို ရှာဖွေရခက်ခဲနေပြီး စစ်ဘေးရှောင်လာကြသူတွေအနေနဲ့ အခက်ခဲပိုမိုကြုံတွေ့နေရတယ်လို့ သိရပါတယ်။
“ငါးသိန်းဝန်းကျင်အောက်ထဲက အိမ်တွေဆိုရင် ငှားဖို့အတော်ရှားသွားပြီ။ စစ်ရှောင်တွေကြောင့် မြို့လူဦးရေက သုံးဆနီးပါးဖြစ်နေပြီလေ။ ငှားချင်တဲ့စစ်ရှောင်တွေက ပိုဆိုးတာပေါ့။ အကြောင်းသေချာမသိတော့ စစ်ရှောင်တွေဆိုရင် တချို့အိမ်ရှင်တွေက သိပ်လက်မခံချင်ကြဘူး။ အလုပ်ကလည်း ရှားနေတာ၊ ဝင်ငွေကလည်း မရှိသလောက်ဖြစ်နေတဲ့ အချိန်မှာ အခုလို ဈေးတက်တော့ တော်တော်လေးဒုက္ခရောက်တာပေါ့”လို့ ဒေသခံတယောက်က VOMကို ပြောပါတယ်။
တောင်ကြီးမြို့ပေါ်ရှိ ရိုးရိုးတစ်ထပ်တိုက်အိမ်ကို ငှားခ ငါးသိန်းကျပ်ကနေ ရှစ်သိန်းကျပ်ဝန်းကျင်၊ နှစ်ထပ် တိုက်ကို ဆယ်သိန်းကျပ်ကနေ ၁၅သိန်း၊ ရိုးရိုးတိုက်ခန်းတခန်းကို ၅သိန်းကျပ်ကနေ ၇သိန်းကျပ်ဝန်းကျင်၊ Master Badroomပါရှိတဲ့ တိုက်ခန်းတခန်းကို ၁၂သိန်းကျပ်ကနေ ၁၇သိန်းကျင်ဝန်းကျင်အထိ ရှိနေပြီး အိမ်ငှားခတဲ့ နေရာရပ်ကွက်၊ ရေ၊ မီး ရရှိတဲ့ အပေါ်မူတည်ကာ စျေးနှုန်းတွေ ကွဲပြားနိုင်တယ်လို့လည်း သိရပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW