ဒေါပုံမှာ ဓါတ်ဆီပက်မီးရှို့ခံရတဲ့ ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူး နှစ်ယောက်စလုံး သေဆုံး

မတ် ၃ – ၂၀၂၅
GG (VOM)
ရန်ကုန်တိုင်း ၊ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်၊ ဓမ္မရိပ်သာလမ်းသွယ်ထဲမှာ သန်းခေါင်စာရင်းကောက်စဥ် ဓာတ်ဆီနဲ့ပက်ပြီးမီးရှို့ခံရတဲ့ ရာအိမ်မှူးနဲ့ဆယ်အိမ်မှူးတို့ ဆေးကုသနေရင်း သေဆုံးသွားပြီဖြစ်တယ်လို့သိရပါတယ်။
ဆယ်အိမ်မှူးအမျိုးသမီးက ဒီနေ့မတ်လ ၃ ရက်နေ့မနက်ပိုင်းက သူရဲ့နေအိမ်မှာ ရရှိထားတဲပဲမီးလောင်ဒဏ်ရာတွေကြောင့် သေဆုံးသွားတာဖြစ်တယ်လို့သိရပါတယ်။
ရာအိမ်မှူးအမျိုးသားကလည်း ရရှိထားတဲ့မီးလောင်ဒဏ်ရာတွေကြောင့်ပဲ ဖေဖော်ဝါရီ ၂၆ ရက်နေ့က သေဆုံးသွားပြီဖြစ်တယ်လို့သိရပါတယ်။
” ဆယ်အိမ်မှူးအမျိုးသမီး မနှင်းသီတာကမနေ့က အသက်ကယ်ဆယ်သွင်းရပြီး ခုမနက်ဆုံးသွားပါတယ်။ သူ့အိမ်မှာပဲကုနေရင်းဆုံးတာပါ။သိရသလောက် ဖြစ်ဖြစ်ချင်းဆေးရုံခေါ်သွားတယ်။နောက်ဆေးရုံကနေ ဆင်းလာပြီး အိမ်မှာပဲဆက်ကုနေတာ။သူကအသက်လည်းကြီးပြီ မီးလောင်ဒဏ်ရာကလည်း ခန္ဓာကိုယ်တခြမ်းလုံးဆိုတော့ များတယ်လေ ။ရာအိမ်မှူးကတောအရင်ရက်ကဆုံးတယ်။” လို့ ဒေါပုံဒေသခံကပြောပါတယ်။
သေဆုံးသွားတဲ့ ရာအိမ်မှူးဖြစ်သူ ကိုအောင်မိုးနဲ့ ဆယ်အိမ်မှူးဖြစ်သူဒေါ်နှင်းသီတာတို့က ကြည်စုရပ်ကွက်နေထိုင်သူတွေဖြစ်ကြောင်း လက်ရှိမှာ ဆယ်အိမ်မှူးအမျိုးသမီးနာရေး အခမ်းအနားပြင်ထားတယ်လို့သိရပါတယ်။
အဆိုပါ ရာအိမ်မှူးအမျိုးသားနဲ့ဆယ်အိမ်မှူး အမျိုးသမီး အပါအဝင် အကူ အမျိုးသမီး သုံးယောက်က ဖေဖော်ဝါရီ ၁၂ ရက်နေ့တုန်းက ၊ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်၊ ဓမ္မရိပ်သာလမ်းသွယ်ထဲကနေအိမ်တွေကို သန်းခေါင်စာရင်း စစ်ဆေးစဥ် နေအိမ်တအိမ်ရှိ အမျိုးသားက ဓာတ်ဆီနဲ့ပက်ပြီး မီးရှို့ခံခဲ့ရတာဖြစ်ပါတယ်။
အဲဒီဖြစ်စဥ်မှာ အိမ်ရှင်အမျိုးသားကတော့ ထွက်ပြေးလွတ်မြောက်သွားပြီး ဒီနေ့အထိ ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့သိရပါတယ်။
အလားတူ ဖေဖော်ဝါရီ ၁၅ ရက်နေ့ကလည်းမကွေးတိုင်း အောင်လံမြို့နယ်၊မကျည်းကုန်းရပ်ကွက်ရှိ နေအိမ်တအိမ်မှ အမျိုးသားကို စစ်မှုထမ်းဖို့အတွက် လာရောက်ခေါ်ဆောင်တဲ့ ရဲတပ်ကြပ်ကြီးနဲ့အမျိုးသားတယောက်တို့လည်း ဓားနဲ့ခုတ်ခံရပြီးသေဆုံးခဲ့ပါတယ်။
Photo – လူမှုကူညီရေးအဖွဲ့

Related posts

Leave a Comment

VOM News

FREE
VIEW