ကိုရီးယားက စားသောက်ဆိုင်လုပ်ငန်းတွေမှာ မြန်မာ EPS လုပ်သားတွေ အလုပ် လုပ်ကိုင်ခွင့် ရရှိတော့မယ်

 

နိုဝင်ဘာ ၂၉ – ၂၀၂၃

SN (VOM)

လာမယ့် ၂၀၂၄ ခုနှစ်မှ စတင်ပြီး ကိုရီးယားက စားသောက်ဆိုင်လုပ်ငန်းတွေမှာ မြန်မာ EPS လုပ်သားတွေ အလုပ် လုပ်ကိုင်ခွင့် ရရှိတော့မှာဖြစ်တယ်လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေဆီက သိရပါတယ်။

အလုပ်သမားအင်အား အထူးလိုအပ်နေတဲ့ စားသောက်ဆိုင်တွေရဲ့တောင်းဆိုမှုတွေအရ တောင်ကိုရီးယားအစိုးရက စားသောက်ဆိုင်တွေကိုပါ E9 လုပ်သားခေါ်ယူခွင့် ပေးလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

“အခုက တောင်ကိုရီးယားနိုင်ငံမှာက မွေးဖွားနှုန်းကျဆင်းနေတဲ့အတွက် အလုပ် လုပ်ကိုင်နိုင်မယ့် အသက်အရွယ်ပိုင်းက မရှိသလောက် ဖြစ်နေတယ်။ နိုင်ငံခြားသား လုပ်သားတွေကိုပဲ အားကိုးနေရတဲ့ အနေအထားပေါ့။ အဲ့ဒါကြောင့် သူတို့ဆီက စားသောက်ဆိုင်လုပ်ငန်းတွေက ဒါကို တောင်းဆိုလာတဲ့အတွက် သူတို့အစိုးရက ထပ်တိုး ခွင့်ပြုလိုက်တာပါ။ ဒါပေမယ့် ဒီလုပ်ငန်းခွင်က တခြား လုပ်ငန်းအမျိုးအစားတွေထက် ဘာသာစကားတတ်ကျွမ်းမှု ပိုလိုအပ်ပါတယ်။ ဒီအတွက် သွားမယ်ဆို ဘာသာစကားနဲ့ပတ်သက်လို့ ပိုပြီး ပြင်ဆင်ထားဖို့လိုတယ်” လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီတခုမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

EPS စနစ်နဲ့ တောင်ကိုရီးယားနိုင်ငံကို မြန်မာလုပ်သားတွေ စေလွှတ်ရာမှာ E9 ဗီဇာ အမျိုးအစား ထုတ်ပေးထားတာဖြစ်ပြီး အဲ့ဒီ့ဗီဇာ ကိုင်ဆောင်ထားတဲ့ လုပ်သားတွေအနေနဲ့ အရင်က ကုန်ထုတ်လုပ်ရေး၊ စိုက်ပျိုးမွေးမြူရေးနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာသာ အလုပ်လုပ်ခွင့်ရရှိခဲ့တာဖြစ်ပေမယ့် ပြီးခဲ့တဲ့လမှ စတင်ကာ ကိုရီးယားအစိုးရက ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတွေမှာ ထပ်တိုး လုပ်ကိုင်ခွင့်ပေးခဲ့ပြီး အခုလမှာတော့ စားသောက်ဆိုင်တွေမှာပါ လုပ်ကိုင်ခွင့် ထပ်ပေးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

စားသောက်ဆိုင်တွေအတွက် E9 လုပ်သားခေါ်ယူမယ့် ခန့်မှန်း လုပ်သားအရေအတွက်ကို ပထမအယောက် ၃၀၀၀ မှ စားသောက်ဆိုင်ပိုင်ရှင်တွေရဲ့ တောင်းဆိုမှုကြောင့် အခုအယောက် တသောင်းအထိ တိုးပေးထားတယ်လို့လည်း သိရပါတယ်။

“စားသောက်ဆိုင်လုပ်ငန်းတွေကတော့ တခြား လုပ်ငန်းတွေနဲ့စာရင် လုပ်ရကိုင်ရ သက်သာတယ်။ အလေးအပင် မ,ရတာမျိုးလည်းနည်းသလို လုပ်ငန်းခွင်အန္တရာယ်လည်း နည်းတယ်။ အရင်က ကိုရီးယားမှာ ကျောင်းသွားတက်တဲ့သူတွေသာ စားသောက်ဆိုင်တွေမှာ အလုပ်လုပ်ခွင့်ရခဲ့တာ။ ဒီအလုပ်က ဘာသာစကားရမှ၊ ကျွမ်းကျင်မှသာ ခန့်ကြတာများတယ်” လို့ သူက ပြောပါတယ်။

အရင်က တောင်ကိုရီးယားနိုင်ငံရဲ့ စားသောက်ဆိုင်လုပ်ငန်းတွေမှာ မြန်မာလုပ်သားခေါ်ယူတာမှာ မြန်မာနိုင်ငံကနေ ကျောင်းသွားတက်နေတဲ့ ကျောင်းသားဗီဇာနဲ့ အချိန်ပိုင်းအလုပ်သဘောသာ ခေါ်ယူခဲ့တာဖြစ်ပေမယ့် လာမယ့်နှစ်မှာတော့ EPS စနစ်၊ E9 ဗီဇာနဲ့ သွားရောက်မယ့်သူတွေကိုပါ အဲ့ဒီ့ လုပ်ငန်းမှာ လုပ်ကိုင်ခွင့်ပြုတော့မှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်မှ စတင်ကောက်ယူခဲ့တဲ့ စာရင်းတွေအရ လာမယ့် ၂၀၂၄ ခုနှစ်ဟာ ကိုရီးယားနိုင်ငံရဲ့ လုပ်သားခေါ်ယူမှုအများဆုံး စံချိန်ချိုးမယ့်နှစ်လို့ သိရပါတယ်။

EPS စနစ်ဟာ ၂၀၀၄ ခုနှစ်ကတည်းက စတင် ဖော်ဆောင်ခဲ့တာဖြစ်ပေမယ့် စာရင်းအရေအတွက်ကတော့ ၂၀၁၅ ခုနှစ်ကမှသာ စတင် ပြုလုပ်ထားတဲ့စာရင်း ဖြစ်တယ်လို့ သိရပါတယ်။

ကိုရီးယားနိုင်ငံအနေနဲ့ ၂၀၁၅ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ ခုနစ်တာအတွင်း EPS စနစ်နဲ့ နိုင်ငံပေါင်း ၁၆ နိုင်ငံကနေ တနှစ်ကို လုပ်သား ငါးသောင်းကျော်သာ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ကိုဗစ်အလွန် ၂၀၂၂ ခုနှစ်ကစလို့ ပထမဆုံး လုပ်သား ခုနစ်သောင်းနီးပါး စတင်ခေါ်ယူခဲ့ရာကနေ ၂၀၂၃ ခုနှစ်မှာတော့ ၂၀၂၂ ခုနှစ်ရဲ့ နှစ်ဆနီးပါး လုပ်သား တသိန်းနှစ်သောင်းကျော် ခေါ်ယူခဲ့ပါတယ်။

ဒါပေမယ့်လည်း လုပ်သားအင်အား ပြတ်လပ်နေကြတဲ့အတွက် EPS လုပ်သား ခေါ်ယူဖို့တောင်းဆိုကြနေကြတဲ့ လုပ်ငန်းရှင်တွေကြောင့် လာမယ့် ၂၀၂၄ ခုနှစ်မှာတော့ တခါမျှမခေါ်ဖူးသေးတဲ့ ပမာဏဖြစ်တဲ့ လုပ်သားတသိန်းခြောက်သောင်းခွဲကျော် ခေါ်ယူသွားဖို့ လျှာထားပြီးဖြစ်တာကြောင့် အဲ့ဒီ့ လုပ်သားပမာဏဟာ ဟိုးအရင်ခေါ်ယူနေကျ လုပ်သားငါးသောင်းကျော်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် သုံးဆကျော်ပမာဏ ဖြစ်တယ်လို့ သိရပါတယ်။

“သူတို့ ခေါ်ဖို့ လျာထားတဲ့ လုပ်သားပမာဏက မြန်မာနိုင်ငံတနိုင်ငံတည်းက ခေါ်မှာမဟုတ်ပါဘူး။ ၁၆ နိုင်ငံကနေ ခေါ်မှာပါ။ မြန်မာနိုင်ငံကနေ ဘယ်နှစ်ယောက်ခေါ်မလဲ ဆိုတာကတော့ အတိအကျ မသိရသေးပါဘူး။ အကြမ်းဖျင်းအရတော့ အရင်က ခေါ်ယူတာထက် သုံးဆကျော်တိုးပြီး ခေါ်ယူတာဖြစ်တဲ့အတွက် အရင်သွားရတဲ့ လူဦးရေထက် သုံးဆကျော်ပိုသွားရမယ်လို့ အကြမ်းဖျင်းသဘော အလွယ်မှတ်ထားလို့ ရပါတယ်” လို့ သူက ပြောပါတယ်။

လက်ရှိမှာ တောင်ကိုရီးယားနိုင်ငံအတွင်း လုပ်သားမရှိ (လုပ်သားလိုအပ်နေတဲ့) လုပ်ငန်းပေါင်း နှစ်သိန်းကျော်ဝန်းကျင် ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

Photo Crd: Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW