မန္တလေးမှာ နေရာသုံးခု ပေါက်ကွဲမှုဖြစ်ပြီးနောက် ကျောက်ဆည်မြို့မှာ ဗုံးထောင်တယ်ဆိုတဲ့ လူငယ် ခြောက်ဦး အသေပစ်ဖမ်းခံရ

 

နိုဝင်ဘာ ၊ ၂၉ ၊ ၂၀၂၃

SP ( VOM)

မန္တလေးတိုင်း ၊ ကျောက်ဆည်ခရိုင် ၊ ကျောက်ဆည်မြို့ပေါ်မှာ မနေ့ နိုဝင်ဘာ ၂၈ ရက် ၊ မနက်ပိုင်းက လူငယ် ခြောက်ယောက်ကို နစက လုံခြုံရေး တပ်ဖွဲ့တွေက အသေပစ်ဖမ်းတာ ခံလိုက်ရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” မနေ့က မနက်ပိုင်း ၈ နာရီဝန်းကျင်မှာ ပစ်ခတ် ဖမ်းဆီးတာကြောင့် လူငယ် ခြောက်ယောက် သေဆုံးတယ် ၊ သေဆုံးသူတွေကတော့ သိန်းစိုးဦး၂၆ နှစ် ၊ ဖြိုးကို၂၄ နှစ်၊သိန်းမောင်မောင်၂၀ နှစ်၊ ဝင်းကိုထွေး၊ မျိုးမျိုး၊ ဝေယံအောင် အဲ့ဒီ ခြောက်ယောက်ဖြစ်တယ် ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကျောက်ဆည်ခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က

” ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်က ကျောက်ဆည်မှာ ဗုံးဖောက်ခွဲတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လူ ခြောက်ယောက် ပစ်ခတ်ဖမ်းဆီးတာဖြစ်တယ်” လို့ ပြောပါတယ်။

မနေ့ နိုဝင်ဘာ ၂၈ ရက် မနက်ပိုင်းကလည်း မန္တလေးမြို့ပေါ်က နေရာသုံးခုမှာ အချိန်ခြားပြီး ဗုံးပေါက်ကွဲတာတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

မန္တလေးမြို့ခံတယောက်က ” မနေ့က မနက်ပိုင်းမှာ နေရာသုံးခု ဗုံးပေါက်ကွဲတယ် ၊ အဲ့ဒီ နေရာတွေကတော့ အမရပူရမြို့နယ် ၊ အိုးတော်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၊ ပြည်ကြီးတံခွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး နဲ့ ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီးမီးပွိုင့်နား မနေ့ မနက် ၆ နာရီဝန်းကျင်ကနေ ဗုံးဖောက်ခွဲ တိုက်ခိုက်ခံရတယ် ၊ အဲ့ဒီ နေရာသုံးခုမှာ နာရီပိုင်းပဲခြားပြီး ပေါက်ကွဲခဲ့တာဖြစ်တယ် ၊ ကန်တော်ကြီး မီးပွိုင့်နားပေါက်ကွဲမှုကြောင့် ထိခိုက် ဆုံးရှုံးမှု မရှိပေမယ့် ၊ ကျန်တဲ့ နှစ်နေရာမှာတော့ ထိခိုက်မှု ရှိတယ်” လို့ ပြောပါတယ်။

မန္တလေးမှာ ဖေါက်ခွဲတဲ့ လုပ်ရပ်တွေကိုတော့ ASTရွှေတောင်ပံစစ်ဆင်ရေးအဖွဲ့က လုပ်ဆောင်တာလို့ သူတို့အဖွဲ့က ထုတ်ဖေါ်ပြောဆိုထားပါတယ်။ ကျောက်ဆည်က လူငယ်တွေပစ်သတ်ခံရတာတော့ ဒီဖြစ်စဉ်နဲ့ ဆက်စပ်တယ် မဆက်စပ်ဘူးဆိုတာ အတိအကျ မသိရသေးပါဘူး။

ဒီရက်ပိုင်းအတွင်း မန္တလေးတိုင်းအတွင်း မတ္တရာမြို့နယ်ဘက်နဲ့ ငါးဇွန် ၊ နွားထိုးကြီး ၊မြင်းခြံ စတဲ့ မြို့နယ်တွေမှာ နစက လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေနေတယ်လို့ သိရပါတယ်။

 

 

Related posts

Leave a Comment

VOM News

FREE
VIEW