မုံရွာ – တန့်ဆည် – ကလေးဝ မဟာမြိုင်ကားလမ်း ပိတ်ထား

 

နိုဝင်ဘာ ၊ ၂၉ ၊ ၂၀၂၃

SP (VOM)

စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ တန့်ဆည်မြို့ပေါ်မှာ ဒီမနက် ၁ နာရီဝန်းကျင်ကစပြီး အခုသတင်းတင်ချိန် ၁၁နာရီထိ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် မုံရွာ – တန့်ဆည် – ကလေးဝ မဟာမြိုင်ကားလမ်းပိတ်ထားတယ်လို့ ကားသမားတွေဆီက သိရပါတယ်။

” ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်စပြီး အဲ့ဒီ မဟာမြိုင်ကားလမ်းကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့က ပိတ်ထားတယ် ၊ လမ်းပြန်ဖွင့်ပေးတာ ၂ ရက်ပဲရှိသေးတယ် ၊တန့်ဆည်မြို့မှာ တိုက်ပွဲတွေဖြစ်နေလို့ ဒီကနေ့ ပြန်ပိတ်လိုက်တယ်လို့ သိရတယ် ၊ နိုဝင်ဘာ လဆန်းပိုင်းက ပိတ်မိနေတဲ့ ကားတွေဟာ အခုထိ မဟာမြိုင်ထဲက မလွတ်ကြသေးဘူး ” လို့ ကားသမားတယောက်က ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းထဲက လမ်းတွေပိတ်ထားတာနဲ့ ပတ်သက်ပြီး ကားလုပ်ငန်းရှင် တယောက်က

” ၂၀၂၁ ကစလို့ ဒီနေ့အထိ မုံရွာ ယာကြီး ကလေးဝ လမ်းပိတ်ထားတယ် ၊ မုံရွာ ဂန့်ဂေါ ကလေး လမ်းပိုင်းလည်း ပိတ်ထားတာ တနှစ်ကျော်ပြီ ၊ ကလေး ၊ တမူး သွားမယ်ဆိုရင် မဟာမြိုင်တောလမ်းကနေ သွားရတယ် ၊ အဲ့ဒီ မဟာမြိုင်တောလမ်းလည်း ဒီရက်ပိုင်း ပိတ်ထားတယ် ၊ နောက်ပြီး ၊ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်ကစလို့ အခုထိ ခါမ်းပါတ်မြို့တိုက်ပွဲကြောင့် ကလေး တမူးလမ်းပိတ်ထားတယ် ၊ မုံရွာ မန္တလေး ကလေး လေကြောင်းလိုင်းတွေလည်း တနေ့ကစပြီး ယာယီပိတ်ထားတယ် ၊ ဝက်လက်မြို့နယ် ၊ ရွှေပန်းကုံး တိုက်ပွဲကြောင့် မုံရွာ အရာတော် ရွှေဘိုကားလမ်း ပိတ်ထားတယ် ၊ လွင်ကြီးတိုက်ပွဲကြောင့် မုံရွာ ဖောင်းပြင် ဟုမ္မလင်း ခန္တီး စတဲ့မြို့တွေကို ရေလမ်းကုန်လမ်းတွေပိတ်ထားတယ် ၊ နောက်ပြီး ဖောင်းပြင် ဟုမ္မလင်း ပင်လည်ဘူး လမ်းလည်း ပိတ်ထားတယ် ” လို့ ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်တွေနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနရုံးအဖွဲ့နဲ့ နီးစပ်သူတယောက်က

” စစ်ကိုင်းတိုင်းအတွင်းရေလမ်း ၊ ကုန်းလမ်းတွေ ပိတ်ထားတာမရှိဘူး ၊ ဒေသ အသီးသီးကို ကုန်စည် စီးဆင်းမှုမြန်ဆန်ဖို့ ကူညီပေးနေတာပဲရှိတယ် ၊ အခု အဲ့ဒီဘက်မှာ နယ်မြေရှင်းလင်းနေပြီဖြစ်လို့ လမ်းတွေပွင့်တော့မှာ ” လို့ ပြောပါတယ်။

ဒါ့အပြင် ဖောင်းပြင် ၊ ဟုမ္မလင်းနဲ့ ခန္တီး မြို့နယ်တွေဟာ လူသုံးကုန်ပစ္စည်းတွေနဲ့ စားသောက်ကုန် ပစ္စည်းတွေကို မုံရွာ – မန္တလေးဘက်ကနေ အဓိက တင်သွင်း သုံးစွဲရတာဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းကစလို့ ကောလင်းတိုက်ပွဲ ၊ ပင်လည်ဘူး တိုက်ပွဲနဲ့ မဟာမြိုင်လမ်းတိုက်ပွဲတွေကြောင့် ကုန်စည်ဝင်ရောက်တာ မရှိတဲ့အတွက် ၊ ကုန်စည်ပြတ်လပ်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ ဒီမနက် တန်ဆည်မြို့ပေါ်ရှိ မဟာမြိုင်ကားလမ်းပိုင်းကို မြင်တွေ့ရပုံ (ဒေသခံတဦး)

 

Related posts

Leave a Comment

VOM News

FREE
VIEW