၁၀၅ မိုင်နဲ့ မူဆယ်ကြား တိုက်ပွဲတွေကြောင့် ပြည်သူအချို့ပိတ်မိနေပြီး ထိခိုက်ဒဏ်ရာရသူတွေကို မကယ်နိုင်သေး

 

နိုဝင်ဘာ ၂၉၊ ၂၀၂၃

Shy V (VOM)

ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ် – မြန်မာ နယ်စပ်၊ ၁၀၅ မိုင်နဲ့ မူဆယ်ကြား တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပြီး မန့်မော်ရွာမှာ ပြည်သူ အချို့ပိတ်မိနေကာ ထိခိုက် သေဆုံး ဒဏ်ရာရသူတွေကို ဒီနေ့ နိုဝင်ဘာ ၂၉ ရက်နေ့ အထိ မကယ်နိုင်သေးကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“မန့်မော်မှာ အမျိုးသမီးတယောက် သေတယ်။ ၄၅၆၁ တောင်ကုန်းအခြေကရွာ။ အိမ်တွေလည်း ထိတယ်။ အခု ပရဟိတကားတွေ တက်သွားတာ တုန်ခန် ကွေ့ကနေ ကျော်လို့မရတော့ဘူး။” လို့ ဒေသခံ တယောက်က ပြောပါတယ်။

မနေ့က ၁၀၅ မိုင် ဘက်မှာလည်း ထိခိုက် ဒဏ်ရာရသူတွေ ငါးယောက်ထက် မနည်း ရှိပေမယ့် တိုက်ပွဲ ဖြစ်နေလို့ ဒီနေ့ အထိ သွား ခေါ်ယူလို့ မရသေးဘူးလို့ဘသူကညပြောပါတယ်။

“အဓိက အခု မန့်မော်ရွာ မှာ ထိတာများတာ။ ၅ မိုင်ထဲတော့ မဟုတ်ဘူး။ မနေ့က လည်း လမ်းပိတ်ထားတယ်။ ဒီနေ့လည်း တုံခန်နား တိုက်ပွဲ ဖြစ်နေလို့ သွားလို့ မရဘူး။ မနေ့ကတည်းက ထိထားသူတွေ အခုထိ သွားမခေါ်နိုင်သေးဘူး။ သေဆုံးတာလည်း ရှိတယ်။” လို့ အကူအညီပေးနိုင်ဖို့ စောင့်နေသူက ပြောပါတယ်။

ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာကြောင့် သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရသူတွေနဲ့ ထိခိုက်ပျက်စီးမှုတွေကို အတိအကျ မသိရဘူးလို့ သူက ပြောပါတယ်။

“မန့်မော်ရွာမှာ မနေ့ညနေ ၂ နာရီခွဲ လောက်က လေကြောင်းနဲ့ ပစ်သွားတာ။ ဘုန်းကြီးကျောင်းလည်းထိတယ်။ အိမ်တွေလည်း ထိတယ်။ ကျနော်က အဝေး ရောက်နေပြီ။ ရွာကို အဆက်အသွယ် မရလို့ အတိအကျ မသိရဘူး” လို့ သူက ပြောပါတယ်။

ဒီနေ့ မနက် ၆ နာရီဝန်းကျင်ကစ မူဆယ် – ၁၀၅ မိုင်ကြား စစ်တပ်နဲ့ မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုတို့ အကြား တိုက်ပွဲ ပြင်းထန်နေပြီး ၁၀၅ မိုင်နဲ့ နမ့်အွမ်ကြား ပြည်ထောင်စု လမ်းမ ပေါ်ရှိ နမ့်ပေါ်တံတားက စစ်တပ် စစ်ဆေးရေးစခန်း ကိုလည်း မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုတို့ သွားရောက် တိုက်ခိုက်နေတတဲ့ အပြင် ၁၀၅ မိုင်ဘက်လည်း တိုက်ပွဲ ဖြစ်နေတာလို့ကြားတယ် လို့ ဆိုပါတယ်။

၁၀၅ မိုင်မှာ ခုလ နိုဝင်ဘာ ၂၆ ရက်နေ့ကစ စစ်တပ်နဲ့ မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု တို့ အကြား နေ့တိုင်း ဆက်တိုက် တိုက်ပွဲ ဖြစ်ပွားနေပြီး တိုက်ပွဲ အတွင်း နေအိမ်၊ အဆောက်အဦး အများအပြား ထိခိုက် ပျက်စီး သွားသလို ပြည်သူ ၁၀ ဦးထက် မနည်း ထိခိုက် ဒဏ်ရာ ရရှိပြီး ကလေးတွေ အပါအဝင် ၄ ဦး ထက် မနည်း သေဆုံးကာ ကုမ္ပဏီ တစ်ခုရဲ့ လှပ်စစ် ပစ္စည်း ဂိုဒေါင်လည်း လက်နက်ထိမှန် မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။

ယမန်နေ့ နိုဝင်ဘာ ၂၈ ရက်နေ့ည ၁၁ နာရီခွဲ ဝန်းကျင်ကလည်း ကွတ်ခိုင်နဲ့ ကာလိုင်ရွာကြားက တုံဆင် (တုံဆိမ်) ရွာမှာ ကွတ်ခိုင်ဘက်က ပစ်ခတ်လာတဲ့ လက်နက်ကြီး မိသားစု ၆ ဦး ရှိတဲ့နေအိမ် တစ်အိမ်မှာ ထိမှန် ကျကွဲပြီး နှစ်ယောက်ပွဲချင်းပြီး သေဆုံးကာ တယောက် ကဆေးရုံမှာ သေဆုံးသွားကြောင်း ဒေသခံ တယောက်က ပြောပါတယ်။

“ဟုတ်တယ်။ ကာလိုင်လမ်းက တုံဆင်(တုံဆိမ်) ရွာမှာ။ မနေ့ည ၁၁ နာရီလောက်က ဖြစ်တာ။ မိဘ ၂ ဦးနဲ့ ၇ နှစ်အရွယ် သူ့သမီး ပွဲချင်းပြီး သေသွားတယ်။ ၂ နှစ်အရွယ် ကလေး တယောက်က ဆေးရုံမှာ။ စိုးရိမ်ရတယ်။ ကလေး ငယ်ငယ်လေး နှစ်ယောက်ပဲ ကျန်ခဲ့တယ်။ အရမ်းငယ်သေးတယ်။” လို့ သူက ပြောပါတယ်။

လတ်တလောတော့ ကွတ်ခိုင်နဲ့ အနီးဝန်းကျင်မှာ တိုက်ပွဲ မရှိဘူးလို့ သူက ပြောပါတယ်။

လမ်းမကြီးတွေကို ပိတ်ထားပြီး အင်တာနက်လိုင်း ဖြတ်တောက်ထားကာ ဖုန်းလိုင်းလည်း ရလိုက်၊ မရလိုက်ဖြစ်နေပြီး ဖုန်းငွေဖြည့်ကဒ်တွေပါ ဝယ်လို့ မရတော့တာကြောင့် လိုင်းရနေရာက အသိတွေဆီ အကူအညီတောင်း ကြရတယ်လို့ ဆိုပါတယ်။

လောက်ကိုင်မှာ ပိတ်မိနေတဲ့ ရွှေ့ပြောင်းလုပ်သား‌တွေကိုလည်း MNDAA ဘက်က အမြန်ဆုံး ထွက်ခွာ ရှောင်ရှားကြဖို့ အသိပေးပြောကြားထားပြီးနောက် နိုဝင်ဘာ ၂၆ ရက်နေ့ကစ လုပ်သား ပြည်သူ သောင်းချီ နေရပ် ပြန်နေကြကြောင်း နေရပ် ပြန်သူတွေက ပြောပြပါတယ်။

“သူတို့ လမ်းဖွင့်ပေးတာက ဟန်ဆောင်တာပဲ။ စစ်သားစုဆောင်းတယ်။ ကျွန်မ အစ်ကိုနဲ့ မောင်လေးတွေ စစ်သားစုဆောင်း ခံရတယ်။ တရက် တရက် ကို ထောင်ချီ ဖမ်းခေါ်သွားတယ်။ ဗမာလူမျိုးဆိုရင် မယူဘူး။ ဖုန်းတွေ၊ ဆိုင်ကယ်တွေလည်း သိမ်းလိုက်တယ်။ ကြည့်ပီ့း သူတို့ ကြိုက်တဲ့ လူဆိုရင် ဘာမှ ပြောပိုင်ခွင့် မရှိဘူး။ တခါထဲ ကားပေါ်တက်ခိုင်း Training ကွင်းကို ပို့လိုက်တာ” လို့ စစ်သားစုဆောင်းခံရတဲ့ သူရဲ့ မိသားစုဝင် တယောက်က ပြောပါတယ်။

လောက်ကိုင် ကနေ လားရှိုးကို ပြန်ရင် “ဝ” ဒေသ လမ်းနဲ့ ချင်းရွှေဟော် သိန္နီ လမ်း ဆိုပြီး လမ်းကြောင်း နှစ် ခု ရှိကာ လူများတာကြောင့် MNDAA ဘက်က စီစဉ်ပေးတဲ့ လမ်းကြောင်းအတိုင်း သွားရပြီး လမ်းမှာ တည အိပ်ရတယ်လို့ သူက ပြောပါတယ်။

အပြန်ခရီးမှာ အခက်အခဲ မျိုးစုံ ကြုံတွေ့ရပြီး တိုက်ပွဲ နဲ့ တိုးရင် နာရီချီ စောင့် ဆိုင်းရတာ ရှိတယ်လို့ သူက ပြောပြပါတယ်။

လက်ရှိမှာတော့ လောက်ကိုင်ကနေ နေရပ် ပြန် စစ်ရှောင်လာတဲ့ ပြည်သူတွေကို လားရှိုးမြို့ အဝင် ဟိုပိတ် တိုးဂိတ်နားမှာ စစ်တပ်ဘက်က စိစစ်ပြီးမှ လက်ခံတာကြောင့် လူ ထောင်ချီ ပိတ်မိနေပြီး ရေနဲ့ အစားအသောက် ခက်ခဲနေကြတယ်လို့ ဆိုပါတယ်။

လားရှိးနဲ့ မန္တလေး လမ်းကြောင်း မှာလည်း မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားပြီးလေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်မဲမြို့နယ်၊ ဗူးခါးရွာမှာလည်း အုတ်တံတိုင်း တွေပြို၊ နေအိမ်‌တွေထိခိုက်ပျက်စီး၊ မီးကြိုးပြတ်ကျ၊ လမ်းတွေလည်း ထိခိုက် ပျက်စီးနေတာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်‌နေ့ညကလည်းကျောက်မဲမြို့ပြင်ဘက် နမြာက်ပိုင်း မဟာမိတ် ကူးပေါင်း အဖွဲ့နဲ့ စစ်တပ်တို့ အကြား တိုက်ပွဲ ဖြစ်ပွားပြီး လေကြောင်းပစ်ကူရာက လက်နက် ထိမှန်ကာ တွဲကား နှစ်စီးမီး‌လောင်၊ တစီးမီးဟက်ခံရကာ ဓာတ်ဆီဆိုင်မီးလောင်တဲ့ အပြင် တိုးဂိတ်လည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစုက ချင်းရွှေဟော်၊ မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း)၊ ကျင်စန်းကျော့ နယ်စပ်ဂိတ်တွေကို သိမ်းယူထားပြီး နှစ်ဖက် တိုက်ပွဲကြောင့် လက်နက်ကြီး၊ လေကြောင်းဗုံး၊ ဒရုန်းကျည်တွေ ထိမှန်ကာ ပြည်သူတွေရဲ့ အသက်၊ အိုးအိမ် စည်းစိမ်တွေ ကြီးမားစွာ ဆုံးရှုံးနေရတာကို တွေ့ရပါတယ်။

Photo Crd# Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW