ပလက်ဝမြို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး တယောက်နဲ့ အငြိမ်းစား ကျောင်းအုပ်ကြီး တယောက် ပစ်သတ်ခံရ ၊ မြို့ခံအများစု နေရပ်စွန့်ခွာနေ

ဇန်နဝါရီ ၊ ၁၂ ၊ ၂၀၂၄
SP (VOM)

ချင်းပြည်နယ်တောင်ပိုင်း ၊ ပလက်ဝမြို့ ၊ ရိက္ခာရပ်ကွက်မှာ မနေ့ ဇန်နဝါရီ ၁၁ ရက်က အုပ်ချုပ်ရေးမှူး တယောက်နဲ့ ကျောင်းအုပ် ဆရာကြီးတယောက်ကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက နေအိမ်မှာ လာရောက်ပစ်သတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” ရိက္ခာရပ်ကွက်က အုပ်ချုပ်ရေးမှူး ဦးအောင်ဝေနဲ့ ကျောင်းအုပ် ဆရာကြီး (ငြိမ်း) ဦးစနေအောင်တို့ နှစ်ယောက်ပစ်သတ်ခံရတယ် ၊ နေအိမ်မှာ ပစ်သတ်သွားတာကြောင့် အိမ်မှာပဲ အလောင်တွေတွေ့ရတယ် ၊ ပလက်ဝမြို့ပေါ်မှာက ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ AA နဲ့ မရာ MDF က လာရောက်ပစ်သတ်သွားတာ ” လို့ ဦးအောင်ဝေရဲ့ မိသားစုဝင်တယောက်က ပြောပါတယ်။

ဒါ့အပြင် ပလက်ဝမြို့ခံ တယောက်က
” ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ ပလက်ဝမြို့နယ်မှာ နစက လုံခြုံရေးအဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် AA တို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်တယ် ၊ ပလက်ဝမြို့ပေါ်က လူနေအိမ်တွေမှာ လူမရှိကြတော့ဘူး ၊ အကုန်လုံးနီးပါး ထွက်ပြေးတိမ်းရှောင်ရတယ် ၊ နောက်ပြီး ရေလမ်းကြောင်းနဲ့ ကုန်းလမ်းကြောင်းတွေ အားလုံး ပိတ်ဆို့ ဖြတ်တောက်ထားတာကြောင့် မြို့ပေါ်မှာ ကုန်စည်ပြတ်လပ်လို့ ကုန်စုံဆိုင်တွေ ပိတ်ထားရတယ် ၊ တချို့လည်း စားဝတ်နေရေး ခက်ခဲလာလို့ ပလက်ဝမြို့ကနေ အပြီးတိုင် ပြောင်းရွေ့သွားတဲ့ လူတွေ ဒီရက်ပိုင်း ပိုများလာတယ် ၊ မြို့ပေါ်က ဌာနဆိုင်ရာ ဝန်ထမ်းတွေ မရှိကြတော့ဘူး ၊ သူတို့လည်း ပြေးနေကြတယ် ၊ ပြီးခဲ့တဲ့ သုံးနှစ်ဝန်းကျင်မှာ ပလက်ဝနယ်မှာ ခူမီးလူမျိုး စာပေ ပညာရှင် ၂၀ နီးပါးအသတ်ခံရတယ် ၊ အဲ့ဒါကြောင့် မြို့ကို စွန့်ခွာသူတွေများလာတယ် ” လို့ ပြောပါတယ်။

ပလက်ဝမြို့နယ်ဟာ၂၀၁၄ လူဦးရေ သန်းခေါင်စာရင်းအရ ၆သောင်းဝန်းကျင်ပဲ ရှိပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက တိုက်ပွဲတွေဖြစ်ပွားလို့ ကျေးရွာပေါင်း ၃၀ ကျော်က ယာယီတိုက်ပွဲရှောင် လူ ၂ သောင်းနီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW