အရှေ့ဒဂုံရှိ အေဂျင်စီတခုက မြန်မာအမျိုးသမီးငယ် နှစ်ယောက်ကို ဒူဘိုင်းကို ရောင်းစား၊ ပြန်ခေါ်လိုပါက သိန်း ၁၀၀ ပေးရမယ်လို့ ပြော

ဇန်နဝါရီ ၁၁ – ၂၀၂၄
SN (VOM)

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်က Yu Journey Agent & General Service Co.,Ltd အမည်ရ အေဂျင်စီတခုက မြန်မာအမျိုးသမီးငယ် နှစ်ယောက်ကို ဒူဘိုင်းမှာ အလုပ်ရမယ်လို့ဆိုပြီး လိမ်လည်ပို့ဆောင် ရောင်းစားခဲ့ကာ ပြန်ခေါ်လိုပါက သိန်း ၁၀၀ ပေးရမယ်လို့ မိသားစုဝင်တွေကို ပြောဆိုခဲ့တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေဆီက သိရပါတယ်။

ရောင်းစားခံရသူ နှစ်ယောက်ဟာ မှော်ဘီမြို့နယ်မှာ နေထိုင်သူတွေဖြစ်ကြပြီး အသက်အရွယ်အားဖြင့် ၁၉ နှစ်နဲ့ ၂၀ နှစ်သာ ရှိကြသေးတယ်လို့ သိရပါတယ်။

“အေဂျင်စီက စာချုပ် ချုပ်ပြီးပို့တာ။ စာချုပ်ကို တဖက်သတ်ချုပ်တယ်။ ဒူဘိုင်းလို့ပြောပြီး ဒူဘိုင်းမှာအလုပ်မရဘူး။ သုံး၊ လေးလ ကြာပြီ။ အခု အီရတ်ကိုပို့တယ်။ အီရတ်မှာလုပ်နေတဲ့ ကလေးမလေးက အဆက်အသွယ်မရဘူး။ ပြန်လာမယ်ဆိုတော့ လျော်ကြေး သိန်း ၁၀၀ တောင်းတယ်။ စာချုပ်ထဲမှာကိုက အဲ့ဒါ ထည့်ရေးပြီးသား။ စာချုပ်ထဲမှာ ဘယ်လောက်ထိပါလဲဆိုတော့ ဒီကိစ္စကို သူများကိုတိုင်ရင်၊ Facebook ပေါ်မှာ တင်မယ်ဆိုရင် တရားစွဲခံရမယ်ဆိုတာကို သိပါတယ်ဆိုတာကို လက်မှတ်တွေထိုးခိုင်းထားတာ။ ဒါပေမယ့် ကလေးမလေးတွေက အေဂျင်စီနဲ့လည်း အဆက်အသွယ် မရဘူး၊ ဟိုမှာလည်း လုံးဝကို အခက်အခဲဖြစ်လာတဲ့အတွက် ဒီစာချုပ်ကို လျစ်လျူရှုပြီး ကျွန်မတို့ကိုလာပြောတာ။ ကျွန်မတို့ကလည်း ကျွန်မတို့ကို တရားစွဲရင်စွဲဆိုပြီး လုပ်ပေးတာ။ ဒီလိုမှမလုပ်ရင်လည်း ဘယ်သူမှလည်း မသိ၊ ဘာမှလည်း လုပ်လို့မရဘူးလေ။ အဲ့တော့မှ အေဂျင်စီက ကျွန်မတို့ကိုလည်း ဆက်သွယ်တယ်၊ ကလေးမလေးတွေကိုလည်း ဆက်သွယ်တယ်။ အဲ့ဒီ့အခါမှာ မိသားစုက ဒီကလေးမလေးတွေနဲ့ အဆက်အသွယ် မရဘူး၊ အီရတ်မှာရောက်နေတယ်၊ ပိတ်လှောင်ထားတာလား၊ ဘယ်လိုလဲလို့ အေဂျင်စီကို မေးတဲ့အခါကျတော့ အေဂျင်စီက ဆက်သွယ်ပါလိမ့်မယ်လို့ ပြောတာ။ ဒါပေမယ့် မဆက်သွယ်ဘူး။ ကျွန်မတို့ကလည်း ငါတို့ လေယာဉ်လက်မှတ်ဝယ်ပြီး ပြန်ခေါ်လို့ရလားဆို‌တော့ မရဘူးတဲ့၊ လျော်ကြေးပေးရမယ်တဲ့၊ မြန်မာပြည်မှာသာ တရားမဝင်တာ၊ ဒူဘိုင်းမှာတော့ တရားဝင်တယ်တဲ့၊ ဒီက သွားဖို့လာဖို့အကုန်လုံး သူတို့ ငွေကုန်ထားတာပေါ့။ အဲ့လိုပြောပြီး သိန်း ၁၀၀ တောင်းတာ” လို့ အလုပ်သမားအရေး ဆောင်ရွက်သူတယောက်က ပြောပါတယ်။

ရောင်းစားခံရသူ နှစ်ယောက်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှာ Social Media Platform တခုဖြစ်တဲ့ Tiktok မှာ “မှူး” ဆိုသူ အကောင့်နဲ့ ခင်မင်ရင်းနှီးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ့လို ရင်းနှီးခဲ့ပြီးနောက် ဒူဘိုင်းသွားဖို့ကိစ္စတွေကို ပြောဆိုတိုင်ပင်ခဲ့ကြပြီး မယု (ခ) မှူး ဆိုသူမှ အရှေ့ဒဂုံမှာရှိတဲ့ ရုံးကိုလာခဲ့ဖို့ ပြောဆိုခဲ့တာကြောင့် ဩဂုတ် ၂၉ ရက်မှာ အဲ့ဒီ့ မိန်းကလေးနှစ်ယောက်ဟာ အရှေ့ဒဂုံ၊ ၈/သမ ကားမှတ်တိုင်အနီးက အေဂျင်စီရုံးကို သွားရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲ့ဒီ့အခါမှာ မယုက သင်တန်းတက်ရမယ်၊ ရုံးမှာပဲနေရမယ်၊ ဒူဘိုင်းသွားရင် နှစ်သိန်းပေးရမယ်၊ အိုမန်သွားရင် ပိုက်ဆံပေးစရာအလိုဘူးလို့ ဆိုကာ အမျိုးသမီးငယ်နှစ်ယောက်ကို ဒူဘိုင်းကို ပို့ပေးဖို့အတွက် စာချုပ်ချုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၃ ရက်မှာ အေဂျင်စီမှ ယုန်ယုန်၊ စိုးအိစံနဲ့ မမှူးလေး ဆိုသူတို့က အမျိုးသမီးငယ်နှစ်ယောက်ကို လေဆိပ်ကို လိုက်လံပို့ဆောင်ပေးခဲ့ပြီး “ဒူဘိုင်းရောက်ရင်လာကြိုလိမ့်မယ်” လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

ဒူဘိုင်းရောက်တဲ့အခါ သူမတို့နှစ်ယောက်ကို အမည်မသိ လူနှစ်ယောက်က လာရောက်ခေါ်ဆောင်သွားတဲ့အခါမှသာ ရောင်းစားခံလိုက်ရတာကို သိရှိခဲ့တာကြောင့် မြန်မာပြည်က မိသားစုတွေကို ဆက်သွယ်ဖို့ ကြိုးစားတဲ့အခါမှာ ဖုန်းတွေကိုလည်း အသိမ်းခံထားရတာကြောင့် အဆက်အသွယ် ခေတ္တ ပြတ်တောက်ခဲ့တယ်လို့ သိရပါတယ်။

ဖုန်းတွေပြန်ရမှသာ အွန်လိုင်းကနေ မိသားစုနဲ့ အဆက်အသွယ် ရရှိခဲ့တာကြောင့် မြန်မာပြည်ရှိ မိသားစုတွေကို သူတို့ ရောင်းစားခံရကြောင်း ပြောပြခဲ့တဲ့အတွက် သူမတို့နှစ်ယောက်ကို ပြန်ခေါ်ပေးဖို့ မိသားစုတွေက အေဂျင်စီကို တောင်းဆိုတဲ့အခါမှာ အေဂျင်စီက မယု (ခ) မှူး ဆိုသူက ပြန်ခေါ်ပေးစေလိုရင် သိန်း ၁၀၀ ပေးရမယ်ဆိုပြီး ပြန်လည် ပြောဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“မယုက အရင်ကတည်းက နာမည်ပျက် ရှိခဲ့ဖူးတယ်။ ဒူဘိုင်းမှာလည်း အဖမ်းခံရဖူးတယ်။ အရင် ဒူဘိုင်း ၁၃ ယောက် ကိစ္စတုန်းကလည်း သူပါတယ်။ ဒူဘိုင်းမှာလည်းသူက နည်းနည်း နာမည်ထွက်သွားတဲ့ အေးဂျင့်ပေါ့။ အခု ဒီကိစ္စမှာ စာချုပ် ချုပ်ထားကြပေမယ့် သူတို့ဘက်က ဘာမှ လက်မှတ်မထိုးထားဘူး။ ငွေလက်ခံသူက လက်မှတ် မထိုးထားဘူး။ ငွေပေးတဲ့သူကသာ လက်မှတ်ထိုးတာ။ တရားစွဲမယ်ဆိုရင်တောင် ရှောင်လို့ရအောင် လုပ်ထားတာ။ အခု ဒီကိစ္စ ကျွန်မတို့ဆီရောက်လာတာကလည်း မိဘက လာတိုင်တာမဟုတ်ဘူး။ ကောင်မလေးနှစ်ယောက်ထဲက တယောက်ရဲ့ အမျိုးသားကတိုင်တာ၊ ပြန်ခေါ်ချင်တယ်ပေါ့။ မိဘကတော့ အလုပ်မရမှာစိုးလို့၊ ပြီးတော့ စာချုပ်အရ တရားစွဲခံရမှာစိုးလို့၊ စာချုပ်ထဲမှာ မိဘကိုလည်း လက်မှတ်ထိုးခိုင်းထားတော့ မိဘကတော့ မခေါ်ချင်ဘူး။ ကျွန်မတို့ကတော့ ကာယကံရှင်တွေနဲ့ တိုင်ပင်မယ်၊ ကျွန်မတို့ရဲ့ ဥပဒေအကြံပေးတွေနဲ့ တိုင်ပင်မယ်။ ဒီကိစ္စ အဆင်ပြေအောင် လုပ်လို့ရသလောက် လုပ်သွားမှာပါ” လို့ အလုပ်သမားအရေး ဆောင်ရွက်သူက ပြောပါတယ်။

လက်ရှိမှာ အဲ့ဒီ့ အေဂျင်စီကတဆင့် ပြည်ပမှာ သွားရောက် အလုပ်လုပ်ကိုင်ဖို့ ပြင်ဆင်နေကြသူ ၁၅ ယောက်ဝန်းကျင် ရှိ‌နေသေးတယ်လို့လည်း သိရပါတယ်။

“ထပ်သွားကြမယ့်သူတွေကတော့ ဘာမှန်းမသိဘဲ သွားကြရင် အခုလိုမျိုး အလိမ်ခံရမှာပဲ။ ဒုက္ခရောက်မယ်၊ ဟိုမှာ မုဒိမ်းကျင့်ခံရမယ်၊ အသတ်ခံရမယ်၊ နည်းမျိုးစုံတွေ ဒုက္ခရောက်မယ်။ အဆင်ပြေမယ့်သူကတော့ လူ ၁၀၀ သွားရင် တယောက်လောက်တော့ အဆင်ပြေမှာပဲ။ အဲ့ဒီ့လိုလူတွေက Facebook ပေါ်မှာ အဆင်ပြေကြောင်း တင်နေတာတွေကို အထင်တွေကြီးပြီးတော့ ငါတို့လည်း အဲ့လိုဖြစ်မှာပဲဆိုပြီးတော့ တရားမဝင်လူတွေနဲ့ ချိတ်ဆက်ပြီးသွားရင် သူတို့လည်း ဒီလို ဒုက္ခရောက်မှာပဲ ဆိုတာကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သိစေချင်တာ။ ကျွန်မတို့ page တင်မက မီဒီယာတွေက စုံစုံညီညီနဲ့ တင်လို့ရတဲ့ page တွေ အကုန်လုံးတင်တော့မှ သူတို့ ဖတ်မိမှာ။ အေဂျင်စီဘက်က ဘာနဲ့ စည်းရုံးလဲဆို TikTok နဲ့ စည်းရုံးတယ်၊ Facebook ပေါ်မှာ လူတွေပို့တယ်ဆိုပြီးတော့ တကယ် ပို့လား၊ မပို့လားတော့မသိဘူး၊ ရန်ကုန်လေဆိပ်မှာ လှလှပပနဲ့ အိတ်တွေနဲ့ ဓာတ်ပုံတွေရိုက်မယ်၊ သွားကြပြီဆိုပြီး။ အခု ကောင်မလေးနှစ်ယောက်နဲ့ တွေ့တာလည်း TikTok မှာတွေ့တာကိုး။ ဒီကလေးမလေးတွေက နှစ်သိန်းလောက်ပဲပေးရတာ။ ကျွန်မတို့အရင် ကူညီလိုက်တဲ့ ဒူဘိုင်း ၁၃ ယောက်ဆို တချို့ ၁၅ သိန်းတို့၊ သိန်း ၂၀ တို့ ပေးရတာရှိတယ်။ အဲ့ဒီ့လူတွေတုန်းကလည်း သူတို့အကိုတို့၊ ဦးလေးတို့၊ အဒေါ်တို့ကတဆင့် မယုနဲ့ချိတ်ပြီးပို့တာ။ ပြောလိုက်လို့ရှိရင် ရွာကအဒေါ်၊ ရွာက ဦးလေး။ ဇစ်မြစ်သွားလိုက်လို့ရှိရင် မယုဖြစ်နေတယ်။ မယုက ဒူဘိုင်းရဲစခန်းမှာ အဖမ်းခံတုန်းကလည်း ဘယ်လိုတွေလုပ်ပြီး ပြန်ထွက်လာတာလဲတော့ မသိဘူး။ အခုကျတော့ သူတို့ပို့တာက အီရတ်တို့၊ အီဂျစ်တို့၊ အိုမန်တို့ အဲ့လိုတွေအထိ ရောက်ကုန်တယ်။ အဲ့တော့ ပြောရတာ တော်တော်ခက်တယ်။ အဲ့နေရာတွေက သံရုံးအဆက်အသွယ်လည်း ချိတ်လို့မရ။ ၁၃ ယောက် ကိစ္စတုန်းကဆိုရင် ဆော်ဒီဘက်က သံအမတ်က ကျွန်မတို့ကိုလှမ်းဆက်တာ။ ကလေးမလေးတွေက ကျွန်မဖုန်းပေးလိုက်လို့ထင်တယ်။ ကျွန်မဆီ လှမ်းဆက်ပြီး သူတို့ကို ကယ်ထုတ်ဖို့အတွက်ကို ကူပေးရတာ။ ပြန်လာတော့လည်း လူကုန်တားမှာ အမှုတွေဖွင့်ပေါ့။ အဲ့ဒါကြောင့် ပြောချင်တာက Facebook ပေါ်မှာ မြင်တာလေးတခုကိုပဲ ပိုက်ဆံရပြီးရော မလုပ်စေချင်ဘူး။ အစကတည်းက အစသအရာရာ လေ့လာပြီးမှ သွားစေချင်တယ်” လို့ သူက ပြောပါတယ်။

Yu Journey Agent & General Service Co.,Ltd ဟာ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ (၅) ရပ်ကွက်၊ ရတနာလမ်းမကြီး၊ အိမ်အမှတ် ၈၂၂ မှာ တည်ရှိတာဖြစ်တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ‌Yu Journey Agent & General Service Co.,Ltd ကို VOM က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားတဲ့အတွက် အဆက်အသွယ် မရခဲ့ပါဘူး။

ဒါ့အပြင် ပြည်ထဲရေးဝန်ကြီးဌာန၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ကိုလည်း ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

Photo:Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW