ဆီမီးခုံ ရဲစခန်းက ရဲတပ်ဖွဲ့ဝင် ငါးယောက်နဲ့ အရပ်သား တယောက် လမ်းမှာ ပစ်သတ်ခံရ

 

ဇန္နဝါရီ ၊ ၂၃ ၊ ၂၀၂၄

SP ( VOM)

မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ မြင်းခြံမြို့နယ်၊ တောပုကျေးရွာနဲ့ ဆင်းဂွတ်ကျေးရွာကြား၊ မြင်းခြံ-ဆီမီးခုံကားလမ်းမှာ မနေ့ ဇန်နဝါရီ ၂၂ ရက် ၊ညနေပိုင်းက မြင်းခြံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကနေ ဆီမီးခုံ ရဲစခန်းကို ပြန်လာတဲ့ ရဲတပ်ဖွဲ့ဝင် ငါးယောက်နဲ့ အရပ်သား တယောက်ယောက် ပစ်သတ်ခံရပြီး သူတို့ကိုင်ဆောင်လာတဲ့ လက်နက်ခဲယမ်းတွေ ပါသွားတယ်လို့ မြင်းခြံခရိုင် လုံခြုံရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။

အဲ့ဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြင်းခြံခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က

” တိုက်ခိုက်ခံရတဲ့ ရဲတပ်ဖွဲ့ဝင်တွေက ၊ လာမယ့် မတ်လ ၂၇ ရက်မှာ ကျရောက်မယ့် ၊ တပ်မတော်နေ့ အခမ်းနားမှာ စစ်ရေးပြ ပါဝင်ဖို့ ရွေးချယ်ခံထားရသူတွေဖြစ်တယ် ၊ အဲ့ဒီ ကိစ္စနဲ့ ပတ်သက်လို့ မန္တလေးမှာ လူတွေ့စစ်ဆေးပြီး ပြန်လာကြသူတွေဖြစ်တယ် ၊ အဲ့ဒီနောက် သူတို့ အဖွဲ့ဟာ မြင်းခြံ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကနေ တဆင့် ဆီမီးခုံ ရဲစခန်းဆီ နေ့လယ် ၁ နာရီနောက်ပိုင်းမှာ WISH အမျိုးအစား အဖြူရောင်ကားတစီးနဲ့ ပြန်လာတယ် ၊ အဲ့ဒီ အပြန်လမ်းမှာ ပစ်ခတ်တိုက်ခိုက်ခံရတာဖြစ်တယ် ၊ အဲ့ဒီ တိုက်ခိုက်မှုကြောင့် ကားပေါ်မှာ လိုက်ပါလာတဲ့ ဒုရဲအုပ် ထင်အောင်ကျော်၊ ရဲဒုတပ်ကြပ် စိုးဇေယျာမင်၊ ရဲတပ်သား အောင်သူရထွန်း၊ တပ်သား မသော်သော်မျိုး ၊ ရဲတပ်သား မပန်းအိဖြူ၊ အပါအဝင် ရဲတပ်သား မသော်သော်မျိုးရဲ့ ယောင်္ကျား (ယာဥ်မောင်းလို့ ကနဦး သိရ) ကိုအောင်ဖြိုးသန့် ( အောင်မျိုးသန့်)၊ သူတို့ ခြောက်ယောက်စလုံး သေဆုံးတယ် ၊ အဲ့ဒီအပြင် သူတို့အဖွဲ့ ကိုင်ဆောင်လာတဲ့ 38V ခြောက်လုံးပြူး သေနတ် ၁ လက် ကျည်ဆံ ၁၄ တောင့် ၊ MA 13 သေနတ် ၁ လက် ကျည်ဆံ ၁၂၀ ၊ BA 63 အရပ်အခေါ် ဂျီသရီး သေနတ် ၂ လက် ကျည်ဆံ ၂၀၀ တောင့် ၊ MG လက်ပစ်ဗုံး ၂ လုံး စတာတွေ ပါသွားတယ် ၊ နောက်ပြီး ပစ်ခတ်ခံရလို့ သူတို့စီးလာတဲ့ကားလည်း မှန်တွေကြေမွကုန်တယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် မြင်းခြံခရိုင် လုံခြုံရေးအဖွဲ့တွေဟာ အဲ့ဒီ သတင်းကြားရတဲ့အတွက် အခင်းဖြစ်နေရာကို သွားရောက်တဲ့အခါ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ ထိတွေ့ပစ်ခတ်မှုတွေ ထပ်မံဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၁ ရက် ၊ မနက်ပိုင်းကလည်း စစ်ကိုင်းတိုင်း မုံရွာမြို့ ၊ နန္ဒဝန်ရပ်ကွက် ၊ အေးရိပ်သာလမ်းမှာ နယ်မြေရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ အလုပ်သင် ဒုရဲအုပ် တယောက် ပစ်သတ်ခံရပြီး ၊ အဲ့ဒီ အလောင်းကို သွားရောက်ကောက်ယူခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေ ထပ်မံပစ်ခတ်ခံရတာကြောင့် ရဲတပ်ဖွဲ့ဝင် တချို့ ထိခိုက်ဒဏ်ရာ ရခဲ့သေးတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW