ငါန်းဇွန်မြို့နယ် မင်းနေကုန်းရဲကင်းစခန်းက ရဲတပ်ဖွဲ့ဝင် သုံးဦးနဲ့ အရပ်သား တစ်ဦး ပစ်သတ်ခံရ

ဇန်နဝါရီ ၊ ၂၅ ၊ ၂၀၂၄
SP ( VOM)

မန္တလေးတိုင်း ၊ တံတားဦးခရိုင် ၊ ငါန်းဇွန်မြို့နယ် ၊ မင်းနေကုန်း ရဲကင်းစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲသုံးယောက်ဟာ မနေ့ ဇန်နဝါရီ ၂၄ ရက် ၊ နေ့လယ်ပိုင်းက စျေးဝယ်သွားရင်း လမ်းမှာ ပစ်သတ်ခံလိုက်ရတယ်လို့ ငါန်းဇွန်ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဒေသခံတယောက်က
” မြင်းခြံမြို့နယ် ၊ သက္ကယ်ကျင်းကျေးရွာအဝင် ၊ မြို့သာ – နဘူးအိုင် – မြင်းခြံ ကားလမ်းပေါ်မှာ ပစ်သတ်ခံရတာဖြစ်တယ် ၊ နေ့လယ် ၁ နာရီ ဝန်းကျင်ဖြစ်တယ် ၊ နဘူးအိုင်ရွာကို ဆိုင်ကယ်နဲ့ လက်နက်မဲ့ စျေးဝယ်လာတယ်လို့ ကနဦးသိရတယ် ၊ အဲ့ဒီ ပစ်သတ်ခံရတဲ့အထဲမှာ ရဲသုံးယောက်နဲ့ အသက် ၅၀ အရွယ် အမျိုးသား တယောက်လည်း ပါဝင်တယ် ၊ အားလုံး လေးယောက် ပစ်သတ်ခံရတယ် “လို့ ပြောပါတယ်။

ဒါ့အပြင် တံတားဦးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က
” မနေ့က နေ့လယ်ဝန်းကျင်မှာ ထိတွေ့မှုဖြစ်တယ်လို့ သိရတယ် ၊ အဲ့ဒီနေရာကို လုံခြုံရေး ပူးပေါင်းအဖွဲ့က သွားရောက်ပြီး နယ်မြေရှင်းလင်းတဲ့အခါ မြို့သာ-နဘူးအိုင်-မြင်းခြံ ကားလမ်းမပေါ်မှာ ရဲတပ်ဖွဲ့ဝင် တစ်ဦးနဲ့ အရပ်သား အမျိုးသားတဦး (အမည်စိစစ်ဆဲ) အသက် ၅၀ နှစ် ဝန်းကျင်အရွယ် သေဆုံးနေတာတွေ့ရတယ် ၊ အဲ့ဒီ နေရာမှာ စိုးရိမ်ရ ဒဏ်ရာတွေနဲ့ နောက်ထပ် ရဲတပ်ဖွဲ့ဝင် တယောက် တွေ့ရတယ် ၊ အဲ့ဒီအပြင် မြို့သာ-နဘူးအိုင်-မြင်းခြံ ကားလမ်းရဲ့ မြောက်ဘက် တမိုင်အကွာလောက်မှာ ရဲတပ်ဖွဲ့ဝင် တယောက် သေဆုံးနေတာတွေ့ရတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက် ၊ ညနေပိုင်းကလည်း ၊ မြင်းခြံခရိုင် ၊ မြင်းခြံမြို့နယ်၊ တောပုကျေးရွာနဲ့ ဆင်းဂွတ်ကျေးရွာကြား၊ မြင်းခြံ-ဆီမီးခုံကားလမ်းမှာ မြင်းခြံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကနေ ဆီမီးခုံ ရဲစခန်းကို ပြန်လာတဲ့ ရဲတပ်ဖွဲ့ဝင် ငါးယောက်နဲ့ အရပ်သား တယောက်ယောက် ၊ လမ်းမှာ ပစ်သတ်ခံရပြီး သူတို့ကိုင်ဆောင်လာတဲ့ လက်နက်ခဲယမ်းတွေ ပါသွားတယ်လို့ မြင်းခြံခရိုင် လုံခြုံရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW