ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ် အများစုမှာ အခုရက်ပိုင်း မိုးရွာမယ်

 

ဇန်နဝါရီ ၂၅ – ၂၀၂၄

SN (VOM)

ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ် အများစုမှာ အခုရက်ပိုင်းအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။

“ရန်ကုန်ကတော့ ရွာနိုင်ခြေနည်းတယ်ပေါ့။ တိမ်ဖြစ်ထွန်းတာတွေဘာတွေတော့ ရှိနေတာပေါ့လေ။ ရန်ကုန်က ရွာလည်း တခြားဒေသတွေလောက်တော့ ရာခိုင်နှုန်း သိပ်မများဘူးပေါ့။ မိုးရွာနိုင်တဲ့နေရာတွေကတော့ လေနွေးထုနဲ့ လေအေးထု တွေ့ဆုံမှုအားကောင်းတဲ့ နေရာတွေမှာ မိုးရွာတာပေါ့။ မြန်မာနိုင်ငံ (အထက်ပိုင်း) ကျတဲ့နေရာတွေဖြစ်တဲ့ ချင်း၊ မန္တလေး၊ စစ်ကိုင်း၊ ကချင်၊ ရှမ်းပြည်နယ် အဲ့ဒီ့နေရာတွေ မိုးရွာနိုင်သလို မြန်မာနိုင်ငံ (တောင်ပိုင်း) မွန်၊ ကရင်၊ တနင်္သာရီပေါ့နော်။ အဲ့ဒီ့နေရာတွေမှာလည်း မိုးရွာနိုင်တယ်” လို့ ဦးလှထွန်းက ပြောပါတယ်။

အရင်နှစ်တွေကလည်း အခုလို ဆောင်းရာသီကာလမျိုးမှာ မိုးရွာသွန်းလေ့ရှိပြီး အဲ့ဒီ့လို မိုးရွာသွန်းမှု ဖြစ်ပေါ်တာဟာ အထက်လေထု ပေ ငါးသောင်းလောက်မှာ အနောက်လေတွေတိုက်ခတ်ချိန် အဲ့ဒီ့လေထုထဲမှာပါလာတဲ့ လေပွေလှိုင်းတွေကြောင့် မိုးရွာသွန်းခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် တောင်ဘက်ပိုင်းဒေသတွေ ဖြစ်ပါကလည်း အရှေ့ဘက်ကလာတဲ့ အရှေ့လေပွေလှိုင်းတွေကြောင့် မိုးရွာသွန်းတတ်တယ်လို့ သိရပါတယ်။

“ဒီကာလမှာ အထက်လေထုမှာတိုက်တဲ့ လေစီးကြောင်း နှစ်ခုရှိတယ်။ မြောက်ဘက်ပိုင်းမှာဆိုရင် အနောက်ဘက်က လေထုတိုက်တယ်။ တောင်ဘက်ပိုင်းမှာဆိုရင် အရှေ့ဘက်ကလေထု ရှိတယ်။ အဲ့ဒီ့ လေထုတွေထဲမှာ ပါဝင်တဲ့ လေပွေလှိုင်းတွေကြောင့် မိုးရွာတာပါ။ လက်ရှိ မိုးရွာနေတာ မနေ့က ညနေပိုင်းကလည်း ရွာတယ်၊ ဒီမနက်ပိုင်းလည်း ရွာတယ်၊ အခုလည်း ဆက်ရွာဖို့ရှိတယ်။ ဘာ့ကြောင့် ရွာလဲဆိုတော့ ဆောင်းရာသီဆိုတော့ မြောက်ဘက်က လေအေးတွေ တိုက်တဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ တောင်ဘက် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်ဘက်က လာတဲ့ လေပွေလှိုင်းတွေကြောင့် လေအေးထုနဲ့ လေနွေးထု နှစ်ခု သွားပြီး တွေ့ဆုံတဲ့အခါမျိုးမှာ မိုးရွာတာပါ။ အခုရွာမယ့်မိုးကလည်း နောက် တရက်၊ နှစ်ရက်လောက်နေရင် ပြီးသွားမှာပါ” လို့ သူက ပြောပါတယ်။

အခုလို မိုးရွာသွန်းမှုကြောင့် ပွင့်လင်းရာသီ လုပ်ငန်းတွေအနေနဲ့ သတိပြုသင့်ပြီး ရေမလိုတဲ့ စိုက်ပျိုးကာစ ဆောင်းသီးနှံတွေလည်း ပျက်စီးနိုင်ခြေရှိတယ်လို့ သူက ပြောပါတယ်။

“ဆောင်းသီးနှံလို့ ဆိုတာမှာ ရေလိုအပ်တဲ့ သီးနှံတွေလည်း ရှိသလို မလိုအပ်တဲ့ သီးနှံတွေလည်း ရှိတယ်။ ဒါက ဖျက်မိုးလည်းဖြစ်နိုင်သလို ရေသွင်းရတဲ့ သီးနှံတွေအတွက်ကျတော့လည်း အ‌ထောက်အကူ ဖြစ်နိုင်တယ်။ ဒါက ကိုယ့်ဒေသရဲ့ စိုက်ပျိုးသီးနှံပေါ် မူတည်တာပေါ့လေ။ ဒါပေမယ့် တခုရှိတာက တချို့ ဒေသတွေမှာရွာတာက သိပ်အများကြီးတော့ မဟုတ်ဘူး။ ရွာနှုန်း ၈၀ ဆိုတာက ကချင်၊ မန္တလေးတိုင်း၊ ချင်း၊ စစ်ကိုင်းနဲ့ ရှမ်း။ တောင်ပိုင်းဆိုရင် မွန်၊ ကရင်၊ တနင်္သာရီပေါ့။ အဲ့ဒီ့ နေရာတွေကတော့ ရွာဖို့ အခွင့်အလမ်း များတယ်။ မွန်၊ တနင်္သာရီဘက်၊ ဧရာဝတီဘက်ဆို ဆားလုပ်ငန်းတွေရှိမယ်၊ ဒီလိုလုပ်ငန်းတွေ အနေနဲ့လည်း သတိပြုဖို့ လိုအပ်တယ်” လို့ သူက ပြောပါတယ်။

အခုရက်ပိုင်း မိုးရွာသွန်းမှုတွေ ပြီးသွားရင်တော့ ကြားကာလအတွင်း မိုးရွာသွန်းမှု လျော့နည်းသွားနိုင်ပေမယ့် ဖေဖော်ဝါရီလဆန်းပိုင်းမှာလည်း မိုးထပ်မံ ရွာသွန်းနိုင်ခြေ ရှိနေသေးတယ်လို့ သူက ပြောပါတယ်။

ဒါကြောင့် လာမယ့် ကာလတွေအတွက်ကတော့ ပြီးခဲ့တဲ့ရက်တွေလို အေးမြခြောက်သွေ့တဲ့ ရာသီကာလတွေ မဟုတ်တော့ဘဲ တခါတရံ မိုးရွာသွန်းမှုတွေ ရှိလာနိုင်တာကြောင့် စွတ်စိုအေးမြတဲ့ အခြေအနေတွေလည်း ရှိလာနိုင်‌တယ်လို့ သိရပါတယ်။

“အခုရွာတဲ့ မိုးက တရက်၊ နှစ်ရက်ဆို ပြီးသွားပေမယ့် နောက်တချီ ရွာဖို့ရှိသေးတယ်ဆိုတော့ မိုးရွာတာကြောင့် အေးတာရော၊ ဆောင်းကြောင့် အေးတာရောအတွက် ပြည်သူလူထုအနေနဲ့ ကျန်းမာရေး သတိထားဖို့ လိုအပ်တယ်” လို့ သူက ပြောပါတယ်။

မိုး/ဇလဌာနရဲ့ ဒီကနေ့ ညနေပိုင်းထုတ်ပြန်တဲ့ ဇန်နဝါရီ ၂၆ ရက်နေ့ (မနက်ဖြန်) မနက်ပိုင်းအထိ ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်း (အထက်ပိုင်း) မှာ နေရာအနှံ့အပြား၊ ကချင်နဲ့ ချင်းပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ တနင်္သာရီတိုင်းနဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့မှာ နေရာကျဲကျဲ၊ တခြား တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမှာဖြစ်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအသင့်အတင့်ရှိမှာဖြစ်ပြီး မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းအမြင့် ၄ ပေမှ ၇ ပေခန့်အထိ ရှိနိုင်တယ်လို့ သိရပါတယ်။

နောက်နှစ်ရက်အတွက် မိုးရွာသွန်းမှု ခန့်မှန်းချက်တွေကတော့ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ကချင်နဲ့ ချင်းပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ နေရာကျဲကျဲ၊ နေပြည်တော်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန် တိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်၊ ကယား၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ သိရပါတယ်။

နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့ အနီးတဝိုက်အတွက် မနက်ဖြန်မနက်အထိ ခန့်မှန်းချက်အနေနဲ့ နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ ဖြစ်တယ်လို့ သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW