မုံရွာနယ်မှာ ဒီရက်ပိုင်းအတွင်း ဓားပြတိုက်မှုနဲ့ လူပြန်ပေးဆွဲမှုတွေ ဆက်တိုက်နီးပါး ဖြစ်ပွားနေ

ဇန်နဝါရီ ၊ ၂၇ ၊ ၂၀၂၄
SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ မုံရွာမြို့ပေါ်မှာ အခုရက်ပိုင်းအတွင်း ဓားပြတိုက်မှုတွေနဲ့ လူပြန်ပေးဆွဲမှုတွေ ဆက်တိုက်ဆိုသလို့ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး မုံရွာမြို့ခံတယောက်က ” ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက် ၊ နေ့လယ် ၁ နာရီဝန်းကျင်က မုံရွာမြို့ ၊ ရတနာပုံရပ်ကွက် ၊ သာစည်လမ်းမှာရှိတဲ့ သရဖူရွှေစင် ရွှေသန့်စင်ရေးလုပ်ငန်းကို အမည်မသိ (စုံစမ်းဆဲ) လူ သုံးယောက်က ဆိုင်ကယ်တွေနဲ့ ရောက်လာပြီး သေနတ်တွေနဲ့ ချိန်ရွယ်ကာ ဓားပြတိုက်ခဲ့တယ် ၊ အဲ့ဒီ ဓားပြတိုက်မှုမှာ ရွှေသန့်စင်ရေး ဆိုင်ရှိ ဗီရိုအတွင်းက ငွေကျပ် သိန်းသုံးရာ ၊ ရွှေအလေးချိန် နှစ်ကျပ်သားခန့် ရွှေအရိုင်းတုံး နှစ်တုံး ၊ ဖုန်းနှစ်လုံး ပါသွားတယ် ၊ အဲ့ဒီလို ဓားပြတိုက်နေတဲ့အချိန် ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးမြင့်ဆွေဆိုသူက ဓားပြတွေကို ခုခံဖို့ လုပ်တာကြောင့် ၊ ဓားပြတယောက်က ဦးမြင့်ဆွေကို သေနတ်ဒင်နဲ့ ရိုက်နှက်တဲ့အတွက် ဆိုင်ရှင် ဦးမြင့်ဆွေဆိုသူမှာ ဒဏ်ရာရပြီး အခု မုံရွာပြည်သူ့ဆေးရုံမှာ ဆေးကုသခံယူနေရတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက် ၊ နေ့လယ် ၂ နာရီဝန်းကျင်က မုံရွာမြို့ ၊ ရန်ကင်း ရပ်ကွက်၊ ဇောတိကလမ်း၊ လမ်းသွယ် (၇)မှာနေတဲ့ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း လုပ်ကိုင်သူ ဦးအောင်အောင် ရဲ့နေအိမ်ကို အမည်မသိ (စုံစမ်းဆဲ) လူလေးယောက်က ဟွန်ဒါဖစ် ကားတစ်စီးနဲ့ ရောက်လာပြီး အိမ်ရှင်လင်မယား အပါအဝင် နေအိမ်အတွင်းရှိ လူတွေကို သေနတ်နဲ့ ချိန်ရွယ်ထားပြီးနောက် နေအိမ်အပေါ် ထပ်ရှိ အိပ်ခန်းအတွင်းက ငွေကျပ် ၂၀၀ သိန်း၊ Alexandre Christie နာရီ ၃ လုံးအပါအဝင် စုစုပေါင်းနာရီ ၈ လုံး၊ iphone အမျိုးအစား လက်ကိုင်ဖုန်း ၅ လုံးနဲ့ SAMSUNG အမျိုးအစား လက် ကိုင်ဖုန်း ၁ လုံး၊ CLICK အမျိုးအ စားဆိုင်ကယ် ၁ စီး တို့ကို လုယက်ယူဆောင်တယ် ၊ အဲ့ဒီနောက် နေအိမ်ထဲမှာရှိနေတဲ့ ဒေါ်သင်းသင်းထွေး ဆိုသူကို သူတို့ပါလာတဲ့ကားနဲ့ ပြန်ပေးဆွဲ ဖမ်းဆီးခေါ်ဆောင်သွားတယ် ၊ အဖမ်းခံရတဲ့ ဒေါ်သင်းသင်းထွေးက သူတို့ကား ထွက်တဲ့အခါ ကားပေါ်ကနေ ခုန်ချပြီး လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မုံရွာမြို့ဘုရားကြီးရပ်ကွက်ထဲမှာ ဆေးခန်းတခုကို ဓားပြအဖွဲ့က ဝင်ရောက်ပြီး ဆရာဝန် ( အမျိုးသမီး ဆရာဝန်) တယောက်နဲ့ အိမ်အကူ အမျိုးသမီး တယောက်ကို ပြန်ပေးဆွဲ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

” ပြီးခဲ့တဲ့ ၂၀၂၁ ကနေ အခု ၂၀၂၄ ဇန်နဝါရီ အထိ မုံရွာနယ်မှာ ဓားပြမှု နဲ့ လုယက်မှု ဖြစ်စဥ်ပေါင်း ၇၀ ကျော်ရှိတယ် ၊ အဲ့ဒီဖြစ်စဥ်တွေထဲမှာ ရွှေဆိုင်တွေ ၊ ဖုန်းဆိုင်တွေ ၊ အိမ်ခြံမြေ လုပ်ငန်းရှင်တွေ ၊ ကုန်စုံဆိုင်တွေ ၊ ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်တွေပါဝင်သလို တချို့လည်း ဓားပြတိုက်လုယက်ခံရရင်း အသက်သေသွားရတဲ့ လူတွေရှိသလို ပြန်ပေးဆွဲ ဖမ်းဆီးခေါ်ဆောင်သွားရာကနေ အခုထိ ဆက်သွယ်မရ ပျောက်ဆုံးနေတာတွေလည်း ရှိတယ် ” လို့ မုံရွာမြို့ခံ တယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်တွေ ပတ်သက်လို့ မုံရွာခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” မုံရွာမြို့ပေါ်မှာ ၂၀၂၂ ကနေ ၂၀၂၃ ဒီဇင်ဘာအထိ လုယက်မှု ၊ ဓားပြမှုနဲ့ ပြန်ပေးဆွဲမှု ဖြစ်စဥ် နေရာပေါင်း ၁၄ နေရာ ၊ ဖြစ်ပွားမှု အကြိမ် ၁၆ ကြိမ်က ပါဝင်ပတ်သက်တဲ့ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိထားတယ် ၊ စစ်ဆေးနေဆဲကာလဖြစ်နေတယ် ၊ အမျိုးသား အမျိုးသမီး တဒါဇင်ကျော် ဖမ်းထားတယ် ” လို့ ပြောပါတယ်။

မုံရွာမြို့မှာ ၂၀၂၁ မတိုင်မီက ရွှေလုပ်ငန်းရှင် သုံးရာကျော်ရှိပေမယ့် ၊ ၂၀၂၂ ကစလို့ မုံရွာမြို့ပေါ်မှာ ရွှေလုပ်ငန်းရှင် တရာဝန်းကျင်ပဲရှိတော့တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW