ရွှေပြည်အေးမြို့သစ်မှာ ၁၄ ရက်ကြာတိုက်ပွဲတွေ ဖြစ်ပြီးနောက် ၊ နစကက ပြန်လည်ထိန်းချုပ်

 

ဇန်နဝါရီ ၊ ၂၇ ၊ ၂၀၂၄

SP ( VOM)

ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၂၃ ရက် ၊ နေ့လယ် ၁၂ နာရီဝန်းကျင်က ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေ ရယူထိန်းချုပ်ထားခဲ့တဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်း ၊ ဟုမ္မလင်းခရိုင် ၊ ရွှေပြည်အေး မြို့သစ်ကို နစက လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ရှမ်းနီ ပြည်သူ့စစ်အဖွဲ့တွေက အဲ့ဒီ ရွှေပြည်အေးမြို့သစ်ဝန်းကျင်မှာ ၁၄ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် မနေ့ ဇန်နဝါရီ ၂၆ ရက်က နစကနဲ့ ရှမ်းနီပြည်သူ့စစ်တွေက ပြန်လည်ရယူ ထိန်းချုပ်လိုက်ပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ဒေသခံတယောက်က ” ရွှေပြည်အေးမြို့သစ်ဘက်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်ကစလို့ တိုက်ပွဲတွေဖြစ်နေတာ ကြာပြီး ၊ ဆယ်လေးငါးရက်လောက်ရှိနေပြီဖြစ်တယ် ၊ မနေ့ကတော့ စစ်တပ်နဲ့ ရှမ်းနီ ပြည်သူ့စစ်အဖွဲ့တွေ ဝင်ရောက်လာပြီး နေရာယူထားတယ်၊ ရွှေပြည်အေး မြို့အနီးဝန်းကျင်မှာတော့ တိုက်ပွဲဖြစ်သံတွေ ကြားနေရဆဲဖြစ်တယ်” လို့ ပြောပါတယ်။

မုံရွာ – ဖောင်းပြင် – ဟုမ္မလင်း – ခန္တီးသွား ရေယာဥ်ပိုင်ရှင် တယောက်က

” ရွှေပြည်အေးမြို့သစ် ဂိတ်မှာ အစုန် အဆန် ရေယာဥ်တွေအားလုံး ကမ်းကပ်ရတယ် ၊ ပါလာတဲ့ ကုန်ပစ္စည်းတွေအလိုက် အခွန်ပေးဆောင်ရတယ် ၊ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက သူတို့ကန့်သတ်ထားတဲ့ ကုန်ပစ္စည်းတွေပါလာရင် ရေယာဥ်ပိုင်ရှင်နဲ့ ကုန်ကိုယ်စားလှယ်ကို ဖမ်းဆီးတာနဲ့ ဒဏ်ရိုက်တာတွေအပြင် အဲ့ဒီကုန်ပစ္စည်းတွေ အားလုံးသိမ်းယူတယ် ၊ မနေ့ကတော့ အဲ့ဒီ ဂိတ်မရှိတော့ဘူး ” လို့ ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဟုမ္မလင်းခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က

” မနေ့က ရွှေပြည်အေး မြို့သစ်ကို ပြန်ရလိုက်တယ် ၊ နှစ်ဘက် ထိခိုက်သေဆုံးမှုတွေရှိတယ် ၊ အခုထိတော့ နယ်မြေရှင်းလင်းနေတာတွေရှိလို့ စာရင်းတော့ မသိရသေးဘူး ” လို့ ပြောပါတယ်။

ဒါ့အပြင် ဖောင်းပြင်မြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်မှာရှိတဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက လူမှုကွန်ရက်ပေါ်မှာ ” ဖောင်းပြင်မြို့နယ်နဲ့ ဟုမ္မလင်းမြို့တွေမှာ SNA အဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတာကြောင့် နောင်ပိုအောင် – ပင်ခုတ်- နတ်နန်း-ဖောင်းပြင် လမ်းပိုင်း နဲ့ ရွှေပြည်အေး – ဟုမ္မလင်း – ဖောင်းပြင် ရေကြောင်းခရီးတွေကို ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြဖို့ ” ဖော်ပြထားတယ်လို့ သိရပါတယ်။

ဟုမ္မလင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ကတည်းက လွှစင်ကုန်း ၊ နတ်နန်း ၊ ရွှေပြည်အေးမြို့သစ် စတဲ့နေရာတွေမှာ မကြာခဏ တိုက်ပွဲတွေဖြစ်လို့ ရဲကင်းစခန်းတွေ ပြန်ရုတ်ထားတဲ့အချိန် မီးရှို့ဖျက်ဆီးခံရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်က စစ်ကိုင်းတိုင်း ကောလင်းခရိုင် ၊ ကောလင်းမြို့ကို ဒီကနေ့အထိ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW